တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်) သို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ သွားရောက်လေ့လာ
နေပြည်တော် ဩဂုတ် ၂၆
နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသား လူငယ်များ နိုင်ငံတော်၏သမိုင်းနှင့် တပ်မတော်၏ သမိုင်းကြောင်းများ
ကိုသိရှိပြီး အသိပညာဗဟုသုတများစွာရရှိစေရန်၊ တပ်မတော်၏ လုပ်ငန်းဆောင်ရွက် ချက်များ၊ တပ်မတော်တည်ဆောက်မှုများ၊ တီထွင်ဆန်းသစ်မှုများကို ကြည့်ရှုလေ့လာ ပြီး အနာဂတ်ရည်မှန်းချက်များ ပေါ်ထွက်လာစေရန်၊တပ်မတော်အကြီးအကဲများ၏ နိုင်ငံတော်နှင့်တပ်မတော်အပေါ်ထားရှိသောစေတနာနှင့် နိုင်ငံတော်ရှေ့ဆက်သွားမည့် ရည်မှန်းချက်များကိုသိရှိစေရန်၊ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေပြီး အားကျအတုယူလိုသည့်စိတ်များဖြစ်ပေါ်လာစေရန်၊ ကျောင်းသား/ကျောင်းသူတစ်ဦး ချင်းစီ၏ ပြင်ပလေ့လာမှတ်သားနားလည်မှု စွမ်းရည်တိုး တက်လာပြီး ပတ်ဝန်းကျင် ရှုခင်းများကြည့်ရှု့ခြင်းအားဖြင့် စိတ်ကြည်လင်လန်းဆန်းမှုရရှိစေပြီး သင်ကြားမှု၊ သင်ယူမှုများ ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ ကျောင်းသား၊ ကျောင်းသူများအား တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းသို့စီစဉ်ဆောင်ရွက်ပေးမှုကြောင့် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ ဇေယျာသီရိမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ဆရာမများသည် ယနေ့တွင် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့လာရောက်လေ့လာကြသည်။
ဦးစွာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် တပ်မတော် စစ်သမိုင်းပြတိုက်(နေပြည်တော်)အတွင်းရှိ ခေတ်အဆက်ဆက်တပ်မတော်ကာကွယ် ရေးဦးစီးချုပ်များ၏ ရုပ်ထုများနှင့် မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှု့လေ့လာကြပြီး မြန်မာ့တပ်မတော် သမိုင်းမှတ်တမ်းရုပ်ရှင်ကြည့်ရှုကြသည်။
ဆက်လက်၍ ပြတိုက်တာဝန်ရှိသူက ပြတိုက်သမိုင်း၊ ရည်ရွယ်ချက်နှင့် ပြတိုက်အတွင်း ကဏ္ဍအလိုက် ပြခန်း၊ ပြကွက်များပြသထားမှုတို့ကို လိုက်လံ ရှင်းလင်းပြောကြားရာ စစ်သမိုင်းပြတိုက်အတွင်းရှိရှေးမြန်မာမင်းများ အသုံးပြုသည့် ပစ္စည်းများ၊ ရှေးမြန်မာမင်းများ၏ စစ်အင်္ဂါလေးပါးဖြင့် စစ်ထွက်တော်မူပုံပြသ ထားရှိမှုများ၊ ရှေးခေတ်မြန်မာ့တပ်မတော်သုံးပစ္စည်းများနှင့် သမိုင်းကြောင်းများကို လည်းကောင်း၊ တပ်မတော် (ရေ) ပြခန်းတွင် မြန်နိုင်ငံအတွင်းရှိ ပင်လယ်ပြင် ဧရိယာ အကျယ်အဝန်းနှင့် ရေပိုင်နက်နယ်နမိတ်ပြကွက်၊ ရှေးခေတ် မြန်မာ့ရေတပ်၊ ဂျပန်ခေတ် မြန်မာ့ရေတပ်နှင့် ဒုတိယကမ္ဘာစစ်အတွင်း မြန်မာ့ရေတပ်မှတ်တမ်းဓာတ်ပုံများ ခေတ်အဆက်ဆက်တပ်မတော်(ရေ)၏ သမိုင်းမှတ်တမ်းဓာတ်ပုံများ စစ်ရေယာဉ် ပုံစံငယ်များကို လည်းကောင်း၊ တပ်မတော် (လေ) ပြခန်းတွင် ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့သော ကာကွယ်ရေးဦးစီးချုပ်(လေ)များ၏ ဓာတ်ပုံမှတ်တမ်းများ တပ်မတော်(လေ)၏ ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများ တပ်မတော်(လေ) ၏ မူးယစ်ဆေးဝါးနှိမ်နင်းရေးတွင် ပါဝင်ဆောင်ရွက်မှု ဓာတ်ပုံမှတ်တမ်းများ၊ လေသူရဲကောင်းများ မွေးထုတ်ပုံအဆင့်ဆင့် ဓာတ်ပုံမှတ်တမ်းများအပြင် လက်ရုံး တပ်ဖွဲ့ညွှန်ကြားရေးမှူးရုံးပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များကို စိတ်ပါဝင်စားစွာ မေးမြန်းကြရာ ပြခန်းတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြား သည်။
ယင်းနောက် ပြင်ပပြကွက်များအနေဖြင့် တပ်မတော်(ကြည်း) ပြင်ပကွက်တွင် ခင်းကျင်းပြသထားသောရှေးခေတ်ကြေးသွန်း အမြောက်မြားဒုတိယကမ္ဘာစစ်နှင့် စစ်ပြီးကာလတို့တွင် အသုံးပြုခဲ့သော အမြောက်နှင့်သံချပ်ကာများ၊ တပ်မတော်(ရေ) ပြင်ပပြကွက်တွင် ခင်းကျင်းပြသထားသော စစ်ရေယာဉ်ပုံစံတူများနှင့် တပ်မတော် (လေ) ပြင်ပပြကွက်တွင် ခင်းကျင်းပြသထားသောခေတ်အဆက်ဆက် အသုံးပြုခဲ့သော တပ်မတော်လေယာဉ်များကို စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုကြပြီး အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးကြသည်။
ထို့အပြင် ယနေ့လေ့လာမှတ်သားခဲ့သည့်ဗဟုသုတများကို ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲကျင်းပပြုလုပ်ကာ ပြတိုက်တာဝန်ရှိသူများ၏မေးမြန်းချက်များကို မှန်ကန်စွာ ဖြေဆိုနိုင်သော ကျောင်းသား၊ ကျောင်းသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုနှင့် အထူးဆုများ အဖြစ် ထမင်းချိုင့်၊ ထီး၊ ဗလာစာအုပ်နှင့် စာရေး ကိရိယာများကို အသီးသီး ဆုအဖြစ်ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ကျွန်တော်တို့အနေနဲ့ တပ်မတော်စစ်သမိုင်းပြတိုက်ကို လာရောက်လေ့လာတဲ့ အတွက် ဗဟုသုတတွေ အများကြီးရပါတယ်။ နိုင်ငံတော်နဲ့ တပ်မတော်ရဲ့ သမိုင်းကြောင်းတွေကို များစွာ သိရှိရပါတယ်။ မြန်မာ့တပ်မတော် ပေါ်ပေါက်လာပုံကို ရုပ်ရှင်ပြသပေးတာကိုလည်း ကြည့်ရှုရတဲ့ အတွက် မျက်ရည်ကျတဲ့အထိကို တော်တော်လေးကောင်းတာကို တွေ့ရပါတယ်။ ဝမ်းနည်းစရာ လည်း ကောင်းသလို ဂုဏ်ယူစရာလည်း ကောင်းပါတယ်။ ဒီမှာက လေ့လာစရာတွေအများကြီး ရှိတယ်။ ကြည်း၊ ရေ၊ လေ ဆိုပြီး အဆောင်အလိုက်ခွဲထားပါတယ်။ အဲ့ဒီထဲကမှ ကျွန်တော် အကြိုက်ဆုံး ဆိုရင် လေတပ်ကို ကြိုက်ပါတယ်။
ကျွန်တော်တို့ တပ်မတော်စစ်သမိုင်းပြတိုက်ကို လာရောက်လေ့လာတဲ့အခါမှာ တပ်မတော်(လေ)ကို အရင်ဆုံး သွားရောက် လေ့လာခဲ့ပါတယ်။ လေယာဉ်တွေကို တည်ဆောက်တဲ့ အခါမှာ အင်ဂျင်တွေကို အသုံးပြုရတဲ့အပိုင်းတွေကိုလည်း မြင်တွေ့ ရတဲ့အတွက် ဗဟုသုတ များစွာ ရရှိခဲ့ပါတယ်။ တပ်မတော်(ရေ) ပြကွက်များကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။ အဲ့ဒီမှာ မြန်မာနိုင်ငံရဲ့ ပင်လယ်ရေပိုင်နက်တွေ၊ မြန်မာနိုင်ငံမှာ အင်္ဂလိပ်တွေကို တိုက်ထုတ်ခဲ့တဲ့ ပထမဦးဆုံးသော လက်နက်ကိုလည်း လေ့လာခဲ့ရပါတယ်။ အဲ့တာတွေအတွက်လည်း ကျေးဇူး တင်ပါတယ်။ ကျွန်တော်တို့ လေ့လာခဲ့ရတာတွေက ကျောင်းမှာဆိုရင်လည်း သင်ခန်းစာတွေ အတွက် အလွန်ကိုမှ အသုံးဝင်ပါတယ်။ G-9 သမိုင်းဘာသာမှာ သင်ခဲ့ရတဲ့ သင်ခန်းစာတွေမှာ ရဲဘော် သုံးကျိပ်၊ ဘီအိုင်အေ စသည်ဖြင့်သင်ခဲ့ရတာတွေကို ဒီစစ်သမိုင်းပြတိုက်မှာ သေသေ ချာချာ လေ့လာခဲ့ရပါတယ်။ ကျောင်းမှာတော့ စာတွေ့ဘဲ သင်ရတာဖြစ်ပြီး ဒီမှာက လက်တွေ့လေ့လာလို့ ရတဲ့အတွက် များစွာ အထောက်အကူဖြစ်ပါတယ်။ ယခုလို တပ်မတော်စစ်သမိုင်းပြတိုက်ကို လာရောက်လေ့လာခွင့်ရအောင် စီစဉ်ဆောင်ရွက် ပေးတဲ့ သက်ဆိုင်ရာတာဝန်ရှိလူကြီးများကို ကျေးဇူးတင်ပါတယ်။



