ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ သွားရောက်လေ့လာ
နေပြည်တော်၊ ဩဂုတ် ၂၅
အနာဂတ်မျိုးဆက်သစ် လူငယ်များကျောင်းသား၊ ကျောင်းသူများအနေဖြင့် သင်ရိုးညွှန်းတမ်းပါ သင်ခန်းစာများကို စာတွေ့အပြင် လက်တွေ့ကြည့်ရှု၍ တွဲဖက်လေ့လာနိုင်ရန်၊ နိုင်ငံတော်၏ သမိုင်းကြောင်းနှင့် တပ်မတော်သမိုင်းဆိုင်ရာ အမွေအနှစ်များကို လေ့လာနိုင်ရန်၊ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းစဉ် များနှင့် တပ်မတော်၏ အမျိုးသားရေးတာဝန် ထမ်းဆောင်ခဲ့မှု သမိုင်းကြောင်း များကို သိရှိနားလည်စေရန်ရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏လမ်းညွှန်မှု၊ တပ်မတော် ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသား /ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်) သို့လာရောက် လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းသို့စီစဉ်ဆောင်ရွက်ပေးမှုကြောင့် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ဇေယျာသီရိမြို့နယ်ရှိအခြေခံပညာအထက်တန်း ကျောင်း (ပြည်စံအောင်)နှင့် တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ နှင့် ဆရာ၊ဆရာမများသည် ယနေ့တွင် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့လာရောက်လေ့လာကြသည်။
ဦးစွာ ကျောင်းသား၊ကျောင်းသူများနှင့် ဆရာ၊ဆရာမများသည် တပ်မတော် စစ်သမိုင်းပြတိုက်(နေပြည်တော်)အတွင်းရှိ ခေတ်အဆက် ဆက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ၏ ရုပ်ထုများနှင့် မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှု့ လေ့လာကြပြီးမြန်မာ့တပ်မတော် သမိုင်းမှတ်တမ်း ရုပ်ရှင်ကြည့်ရှုကြသည်။ ဆက်လက်၍ ပြတိုက်တာဝန်ရှိသူက ပြတိုက်သမိုင်း၊ ရည်ရွယ်ချက်နှင့် ပြတိုက်အတွင်း ကဏ္ဍအလိုက် ပြခန်း၊ ပြကွက်များပြသထားမှုတို့ကို လိုက်လံရှင်းလင်းပြောကြားရာ စစ်သမိုင်းပြတိုက်အတွင်းရှိရှေးမြန်မာမင်းများ အသုံးပြုသည့်ပစ္စည်းများ၊ ရှေးမြန်မာမင်းများ၏ စစ်အင်္ဂါလေးပါဖြင့် စစ်ထွက်တော်မူပုံပြသထားရှိမှုများ၊ ရှေးခေတ်မြန်မာ့တပ်မတော်သုံးပစ္စည်းများ နှင့် သမိုင်းကြောင်းများကိုလည်းကောင်း၊ တပ်မတော် (ရေ) ပြခန်းတွင် မြန်နိုင်ငံအတွင်းရှိ ပင်လယ်ပြင်ဧရိယာ အကျယ်အဝန်းနှင့် ရေပိုင်နက်နယ်နမိတ်ပြကွက်၊ရှေးခေတ် မြန်မာ့ရေတပ်၊ ဂျပန်ခေတ် မြန်မာ့ရေတပ်နှင့် ဒုတိယကမ္ဘာစစ်အတွင်း မြန်မာ့ရေတပ်မှတ်တမ်းဓာတ်ပုံများ ခေတ် အဆက်ဆက်တပ်မတော် (ရေ)၏သမိုင်းမှတ်တမ်းဓာတ်ပုံများ စစ်ရေယာဉ်ပုံစံ ငယ်များကိုလည်းကောင်း၊ တပ်မတော် (လေ) ပြခန်းတွင် ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့သော ကာကွယ်ရေးဦးစီးချုပ်(လေ)များ၏ ဓာတ်ပုံမှတ်တမ်းများ တပ်မတော် (လေ) ၏ ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများ တပ်မတော်(လေ) ၏ မူးယစ်ဆေးဝါးနှိမ်နင်းရေးတွင် ပါဝင်ဆောင်ရွက်မှု ဓာတ်ပုံမှတ်တမ်းများ၊ လေသူရဲ ကောင်းများ မွေးထုတ်ပုံအဆင့်ဆင့် ဓာတ်ပုံမှတ်တမ်းများ အပြင် ပြင်ပပြကွက်များအနေဖြင့် တပ်မတော်(ကြည်း) ပြင်ပကွက်တွင် ခင်းကျင်းပြသထားသော ရှေးခေတ်ကြေးသွန်း အမြောက်မြားဒုတိယကမ္ဘာစစ်နှင့် စစ်ပြီးကာလတို့တွင် အသုံးပြုခဲ့သော အမြောက်နှင့်သံချပ်ကာများ၊ တပ်မတော်(ရေ)ပြင်ပပြကွက်တွင် ခင်းကျင်းပြသထားသော စစ်ရေ ယာဉ်ပုံစံတူများနှင့် တပ်မတော် (လေ)ပြင်ပပြကွက်တွင် ခင်းကျင်းပြသထားသော ခေတ်အဆက် ဆက်အသုံးပြုခဲ့သော တပ်မတော်လေယာဥ်များကို စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုကြပြီး သိရှိလိုသည်များကို မေးမြန်းကြရာပြခန်းတာဝန်ရှိသူများက ရှင်းလင်းဖြေကြားပြီး ယနေ့လေ့လာ မှတ်သားခဲ့သည့်ဗဟုသုတများကို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပပြုလုပ်ကာ ပြတိုက်တာဝန်ရှိသူ များ၏မေးမြန်းချက်များကို မှန်ကန်စွာဖြေဆိုနိုင်သော ကျောင်းသား၊ ကျောင်းသူများအား စာရေး ကိရိယာများနှင့် အသုံးအဆောင်ပစ္စည်းများ ဆုအဖြစ်ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ကျွန်မနာမည်ကတော့ ဆရာမဒေါ်ဝင်းဝင်းမူ ဖြစ်ပါတယ်။ ဇေယျာသီရိ မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ပြည်စံအောင်)မှ အလယ်တန်းပြ ဆရာမတစ်ဦး ဖြစ် ပါတယ်။ အခုလိုလာရောက် လည်ပတ်ရတဲ့အတွက် ကျွန်မကိုယ်တိုင်လည်း စိတ်ဝင်စားမှု ရှိပါတယ်။ ကျွန်မကိုယ်တိုင် မသိသေးတဲ့ ဗဟုသုတတွေ အများကြီးရတဲ့အတွက်ကြောင့် ကလေးတွေ ကိုယ်တိုင်လည်း အဲ့လိုပဲခံစားရမယ်ထင်ပါတယ်။ အခုလိုမျိုးစီစဉ်ပေးတဲ့ နိုင်ငံ တော်အကြီး အကဲတွေကို အထူးပဲကျေးဇူးတင်ရှိပါတယ်။
ကျွန်တော်ကတော့ ဇေယျာသီရိ မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ပြည်စံ အောင်)မှာ ပညာသင်ကြားနေတဲ့ အလယ်တန်းကျောင်းသားတစ်ဦးဖြစ်ပါတယ်။ တပ်မတော် စစ်သမိုင်းပြတိုက်ကို လာရောက်လေ့လာရတဲ့ အချိန်မှာ တပ်မတော်ကြီးဟာ မြန်မာနိုင်ငံကို ဘယ်လောက်ထိအောင် ပံ့ပိုးပေးခဲ့တယ်။ လုပ်ဆောင်ပေးခဲ့တယ် ဆိုတဲ့အကြောင်းအရာတွေ ကို သိခဲ့ရပါတယ်။ ကျွန်တော်တို့ကျောင်းမှာ စာတွေ့ပဲသင်ရပြီးတော့ တပ်မတော်စစ်သမိုင်းပြ တိုက်မှာ သမိုင်းကြောင်းတွေကို လက်တွေ့ကျကျပုံဖော် ပြသပေးထားတဲ့အတွက်ကြောင့် ကျွန်တော်တို့စာသင်တဲ့အချိန်မှာ မျက်လုံးထဲမှာ မြင်လွယ်ပါတယ်။ ကျွန်တော်တို့ တွေ့ခဲ့တဲ့ ကျောက်ခေတ်၊ သံခေတ် တွေတုန်းက အသုံးပြုခဲ့ကြတဲ့ လက်နက်တွေကို ကျွန်တော်တို့စာ သင်တဲ့အချိန်ကျမှာ မျက်လုံထဲမှာ မြင်ရောင်ပြီးတော့ စာမှတ်ရ၊ ကျက်ရပိုပြီးလွယ်ကူ စေပါတယ်။ လေ့လာရေးခရီးစဉ်ကို စီစဉ်ဆောင်ရွက်ပေးကြတဲ့ နိုင်ငံတော်အကြီးအကဲတွေကို ကျေးဇူးတင်ပါတယ်။




