တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင် ပြည်သူများက စုပေါင်းပါဝင်လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင်စိုက်ထူလှူဒါန်းပွဲကျင်းပ
နေပြည်တော် ဩဂုတ် ၂၃
တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက စုပေါင်းပါဝင်လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်း ပဒေသာပင် စိုက်ထူလှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်၊ တပ်ကုန်းမြို့၊ ငွေတောင်တောရကျောင်းတိုက်၌ ပြုလုပ်ရာ တပ်ကုန်းမြို့၊ မြို့ရှေ့စန္ဒာရုံကျောင်းတိုက် ဆရာတော် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာ ပဏ္ဍိတဘဒ္ဒန္တစန္ဒသီရိ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက် တော်မူကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဟိန်း နှင့် တပ်မတော် အရာရှိကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက နေပြည်တော် တပ်ကုန်းမြို့၊ မြို့ရှေ့စန္ဒာရုံကျောင်းတိုက် ဆရာတော် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒသီရိထံမှ ငါးပါးသီလ ခံယူဆောက်တည် ကြပြီး ဆရာတော် အရှင်သူမြတ်များ ရွတ်ဖတ် သရဇ္ဈာယ် တော်မူကြသည့် မေတ္တသုတ် ပရိတ်တရားတော်များကို နာကြားကြသည်။
ဆက်လက်၍ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဟိန်း၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး သိန်းထူး၊ ဒုတိယစစ်ဦးစီး အရာရှိချုပ်(လေ)ဗိုလ်ချုပ် မျိုးအောင်လတ်နှင့် တာဝန်ရှိသူများက လှူဖွယ် ပစ္စည်းများ အသီးသီး ဆက်ကပ် လှူဒါန်းကြသည်။
ထို့နောက် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့် စေတနာရှင် ပြည်သူများက လှူဒါန်းသော ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးများအား တပ်ကုန်းမြို့၊ မြို့ရှေ့စန္ဒာရုံ ကျောင်းတိုက်ဆရာတော် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိ က၊ အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တစန္ဒသီရိနှင့် ဆရာတော် သံဃာတော်များ ထံ စစ်ရေးချုပ်မှ ဦးဆောင်၍ တပ်မတော် (ကြည်း၊ရေ၊လေ) အရာရှိကြီးများ နှင့် အလှူရှင်များက ဆက်ကပ်လှူဒါန်း ကြသည်။
ယင်းနောက် ဆွမ်းပဒေသာပင် အလှူတော်ငွေများကို တပ်မတော် (ကြည်း၊ရေ၊လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက အသီးသီးပေးအပ် လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ တပ်ကုန်းမြို့၊ မြို့ရှေ့စန္ဒာရုံ ကျောင်းတိုက် ဆရာတော် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒသီရိထံမှ အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘိုးဘွားရိပ်သာများအတွက် တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက ၂၀၀၆ ခုနှစ်မှ စ၍ နှစ်စဉ်လှူဒါန်းလျက်ရှိပြီး ယနေ့ တပ်ကုန်းမြို့နယ်၊ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ၂၉ ကျောင်း၊ သီလရှင်ကျောင်း ၉ ကျောင်းနှင့် သဒ္ဒါဓိကဘိုးဘွားရိပ်သာတို့အတွက် လှူဒါန်းမှုအစုစုမှာ အလှူငွေကျပ် ၄၂၉ သိန်း ၃ သောင်း ၆ ထောင်ကျပ်၊ ဆန် ၅၆၇ အိတ် ၈ ပြည် ၊ ဆီ ၁၆၇ ပိဿာ ၈၀ ကျပ်သား၊ ဆား ၁၆၇၈ ပိဿာ၊ ပဲ ၁၆၇၈ ပိဿာ၊ တိုင်းရင်းဆေးမျိုးစုံ၂၂၄၁ ဘူး၊ နိုင်ငံခြားဆေးမျိုးစုံ၂ ခြင်း၊ ဘားမားကော်ဖီ ၅ ဖာ၊ ရှပ်အချိုရည် ၁ ဖာတို့အား လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
