ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တို့တွင် တက္ကစီ ယာဉ်မောင်းများအား ဓားထောက်ခြိမ်းခြောက်၍ မော်တော်ယာဉ်များအား လုယက်မှုကျူးလွန်ခဲ့သူ အမျိုးသား ၄ ဦးတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ
နေပြည်တော်၊ ဩဂုတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ယင်းတိုက်ကွင်းကျေးရွာနေ ဦးအောင်စိုး(၅၆)နှစ် သည် ဩဂုတ်လ ၁၇ ရက်နေ့ ည ၆ နာရီခွဲအချိန်ခန့်တွင် ၎င်းပိုင်ဆိုင်သည့် YGN-1 DD-7113 TOYOTA SUCCEED တက္ကစီယာဉ်အား အမျိုးသား ၃ ဦး(စိစစ်ဆဲ)မှ ထောက်ကြန့်ဘက်သို့ သွားရောက်လိုကြောင်း ပြောဆို ငှားရမ်းခဲ့သဖြင့် လိုက်ပါခဲ့ပြီး မှော်ဘီမြို့နယ်၊ ဘွက်ကြီးကျေးရွာ၊ မြေစာရင်းတောရရိပ်သာ ဘုန်းကြီးကျောင်းမုခ်ဝအရောက်တွင် အဆိုပါအမျိုးသား ၃ ဦးမှ ဦးအောင်စိုးအား ကပ်ကြေးဖြင့်ထောက်၍ ခြိမ်းခြောက်ပြီး လက်သီးဖြင့်ထိုးကာ ၎င်း၏လက်နှစ်ဖက် အား ကြိုးဖြင့်တုပ်၍ ပါးစပ်အား တိပ်ဖြင့် ပိတ်ခဲ့ပြီးနောက် ငွေကျပ် ၄ သိန်း၊ Redmi note 5 အမျိုးအစားဖုန်းတစ်လုံးနှင့် မော်တော်ယာဉ်တို့အား လုယက်ယူဆောင်သွားခဲ့ကြောင်း သတင်းအရ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိနိုင်ရေး မှော်ဘီမြို့မရဲစခန်း (ပ)၄၀၁/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄/၃၄၇/၃၄ ဖြင့် အမှုရေးဖွင့် စုံစမ်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေး အခင်းဖြစ်ရပ် မှတ်တမ်းများအား စစ်ဆေးဆောင်ရွက်ခြင်း၊ နယ်မြေသတင်း ရယူစုံစမ်းခြင်းတို့ ဆောင်ရွက်ခဲ့ရာ လုယက်မှုကျူးလွန်ရာမှ ပါဆုံးသွားခဲ့သည့် သက်သေခံ YGN-1 DD-7113 TOYOTA SUCCEED တက္ကစီမော်တော်ယာဉ်အား ဩဂုတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၅၂)ရပ်ကွက်၊ မဒကျေးရွာ၊ အောင်သပြေလမ်းဘေး၌ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ဆက်လက်၍ တရားခံများအား ဖမ်းဆီးရမိရေးစုံစမ်းဆောင်ရွက်ခဲ့ရာ ဩဂုတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် လုယက်မှုကျူးလွန်သူ တရားခံ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၅၁ ရပ်ကွက်နေ သက်ပိုင်ဦး(ခ)ဝက်ကုန်း(၂၇)နှစ်အား ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့သည်။
တရားခံ သက်ပိုင်ဦး(ခ)ဝက်ကုန်း၏ ထွက်ဆိုချက်အရ တက္ကစီယာဉ်များအား လုယက်မှု ကျူးလွန်ခဲ့ရာတွင် ပူးပေါင်းပါဝင်ခဲ့သူများမှာ လှိုင်ကျော်ထွန်း(ခ)ကျော်ကြီး၊ ဝေယံ(ခ)ဖိုးစည်နှင့် ဝေယံထွန်း(ခ)ဝေယံတို့ဖြစ်ကြောင်း သိရှိရသဖြင့် ဖမ်းဆီးရမိရေးဆက်လက်ဆောင်ရွက်ခဲ့ရာ ယင်းနေ့ မွန်းလွဲပိုင်းတွင် မှော်ဘီမြို့နယ်၊ ဘွက်ကြီးကျေးရွာနေ ဝေယံ(ခ)ဖိုးစည် (၂၃)နှစ်အား ၎င်း၏နေအိမ်မှ လည်းကောင်း၊ တစ်ရွာတည်းနေ လှိုင်ကျော်ထွန်း(ခ)ကျော်ကြီးနှင့် ဝေယံထွန်း(ခ)ဝေယံတို့အား မှော်ဘီမြို့နယ်၊ သန္ဓေပင်ကျေးရွာ (တောင်ပိုင်း)၊ ၂ ဂိတ်လမ်း၊ ဂျိုးဖြူပိုက်လိုင်း အနီးမှလည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ သက်ပိုင်ဦး(ခ)ဝက်ကုန်း၊ ဝေယံ(ခ)ဖိုးစည်နှင့် လှိုင်ကျော်ထွန်း(ခ)ကျော်ကြီးတို့ ၃ ဦးသည် ဩဂုတ်လ ၁၄ ရက်နေ့တွင် ဝေယံ(ခ)ဖိုးစည်၏နေအိမ်၌ တွေ့ဆုံခဲ့ကြပြီး ငွေကြေးလိုအပ်ချက်အရ တက္ကစီယာဉ်များအား ငှားရမ်းစီးနင်းကာ လုယက်မှု ကျူးလွန်ကြရန် တိုင်ပင်ခဲ့ကြကြောင်း၊ ဩဂုတ်လ ၁၇ ရက်နေ့ ညပိုင်းတွင် ၎င်းတို့ ၃ ဦးသည် မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာ၊ ကာယ(၁၂)လမ်းမှတ်တိုင်မှ TOYOTA SUCCEED အမျိုးအစား တက္ကစီယာဉ်တစ်စီးအား ငှားရမ်းကာ မှော်ဘီမြို့နယ်၊ ဘွက်ကြီးကျေးရွာ၊ မြေစာရင်း တောရရိပ်သာဘုန်းကြီးကျောင်းမုခ်ဝအရောက်၌ လှိုင်ကျော်ထွန်း(ခ)ကျော်ကြီးမှ ယာဉ်မောင်းအား အသင့်ပါလာသော ကပ်ကြေးဖြင့်ထောက်ကာ ဝိုင်းဝန်းထိုးကြိတ်ပြီး သက်ပိုင်ဦး(ခ)ဝက်ကုန်း နှင့် ဝေယံ(ခ)ဖိုးစည်တို့မှ လက်နှစ်ဖက်အား ကြိုးတုပ်ချည်နှောင်၍ ပါးစပ်နှင့်မျက်လုံးများအား တိပ်ဖြင့် ပိတ်ပြီး မှော်ဘီမြို့နယ်၊ ဘိုးဘိုးကြီးနတ်နန်းအနောက်ဘက်ရှိ သစ်ပင်တွင် ချည်နှောင်ခဲ့ကာ လက်ကိုင်ဖုန်း ၁ လုံး၊ ငွေကျပ် ၄ သိန်းနှင့် မော်တော်ယာဉ်အား လုယက်ယူဆောင်ခဲ့ကြကြောင်း၊
ထပ်မံ၍ ဩဂုတ်လ ၂၀ ရက်နေ့ ညပိုင်း၌ တရားခံ သက်ပိုင်ဦး(ခ)ဝက်ကုန်း၊ လှိုင်ကျော်ထွန်း (ခ)ကျော်ကြီးနှင့် ဝေယံထွန်း(ခ)ဝေယံတို့ ၃ ဦးသည် မြောက်ဥက္ကလာပမြို့နယ်၊ သုနန္ဒာလမ်း၊ မဟာကြိမ်သစ္စာရှင်ဘုရားရှေ့မှ YGN-9 AA-2462 TOYOTA CALDINA တက္ကစီယာဉ်အား ငှားရမ်း ခဲ့ပြီးနောက် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ၁၂၁ ရပ်ကွက်၊ အမှတ်(၇)လမ်း၊ စိတ်ကျန်းမာရေး ဆေးရုံကြီးအနီးအရောက်၌ မော်တော်ယာဉ်အား ရပ်တန့်ခိုင်းခဲ့ကြောင်း၊ ထို့နောက် ယာဉ်မောင်းအား ယာဉ်ပေါ်မှဆွဲချပြီး ခြေထောက်နှင့် လက်များအား ကြိုးဖြင့်တုတ်၊ ပါးစပ်အား တိပ်ဖြင့်ပိတ်ကာ အသင့်ပါလာသောဓားဖြင့် ယာဉ်မောင်း၏ပေါင်အား ၃ ချက်ထိုး၍ လက်ကိုင်ဖုန်း ၁ လုံး၊ ငွေကျပ် ၁ သိန်းနှင့် မော်တော်ယာဉ်တို့အား လုယက်ယူဆောင်ခဲ့ကြကြောင်း သိရှိရပြီး လုယက်မှုကျူးလွန်ရာမှ ရရှိသည့်ငွေများအား အသီးသီး ခွဲဝေသုံးစွဲခဲ့ကြကြောင်း ဖော်ထုတ်သိရှိရသည်။
ဆက်လက်၍ သက်သေခံပစ္စည်းများအား သိမ်းဆည်းရမိရေးဆောင်ရွက်ခဲ့ရာ ဩဂုတ်လ ၂၂ ရက်နေ့တွင် လုယက်မှုကျူးလွန်ရာ၌ အသုံးပြုခဲ့သည့် အရိုးအသွား ၈ လက်မခန့်ရှိ ကပ်ကြေး ၁ လက်၊ အရိုးအသွား ၁၃ လက်မခွဲခန့် ဓားဦးချွန် ၁ ချောင်း၊ YGN-1 DD-7113 TOYOTA SUCCEED တက္ကစီမော်တော်ယာဉ်မှ ဖြုတ်ယူခဲ့သည့် Quantum အမျိုးအစား ၁၂ ဗို့ဘတ္ထရီအိုး ၁ လုံး နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား မှော်ဘီမြို့နယ်၊ ဘွက်ကြီးကျေးရွာရှိ လှိုင်ကျော်ထွန်း(ခ)ကျော်ကြီး၏ နေအိမ်မှလည်းကောင်း၊ သက်သေခံ YGN-9 AA-2462 TOYOTA CALDINA မော်တော်ယာဉ်အား ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ၁၃၀ ရပ်ကွက်၊ ရေသန့်လမ်းပေါ်မှ လည်းကောင်း အသီးသီးသိမ်းဆည်း ရမိခဲ့သည်။
ဖြစ်စဉ်တွင် တက္ကစီယာဉ်မောင်းများအား ဓားထောက် ခြိမ်းခြောက်၍ လုယက်မှုကျူးလွန် ခဲ့သူ တရားခံ သက်ပိုင်ဦး(ခ)ဝက်ကုန်း၊ လှိုင်ကျော်ထွန်း(ခ)ကျော်ကြီး၊ ဝေယံ(ခ)ဖိုးစည်နှင့် ဝေယံထွန်း(ခ) ဝေယံ တို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။