ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့အတွင်း  အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ ၂၀ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ နေပြည်တော်၊  ဩဂုတ် ၂၃

Monday, August 24, 2026 - 07:30

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့အတွင်း  အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ ၂၀ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်၊  ဩဂုတ် ၂၃

နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ လူမှုစီးပွားနယ်ပယ်နှင့် အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်လာသည့် အွန်လိုင်းလိမ်လည်မှုဆိုင်ရာနှင့် အွန်လိုင်းလိမ်လည် လောင်းကစားမှု(ONLINE SCAM)များကို ပပျောက်စေရေးအတွက် နိုင်ငံတော်အစိုးရက အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့်ပူးပေါင်းကာ စနစ်တကျ အစီအစဉ်ချ၍ အင်တိုက်အားတိုက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကျူးလွန်နေသူများကို လည်း ပြင်းပြင်းထန်ထန် ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

ထိုသို့ အရှိန်အဟုန်ဖြင့် တက်ကြွစွာ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် လုံခြုံရေး ပူးပေါင်းအဖွဲ့များက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့အတွင်း အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်သူ ၂၀ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ အောင်မြင်စွာ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။

လုံခြုံရေးပူးပေါင်းအဖွဲ့များက သက်ဆိုင်ရာနယ်မြေများအတွင်း အွန်လိုင်းလိမ် လည်လောင်းကစားမှုလုပ်ကိုင်သူများ အခြေပြုနေထိုင်ခြင်းမရှိစေရန်နှင့် အွန်လိုင်းလိမ် လည်လောင်းကစားမှုများ ဆောင်ရွက်ခြင်းမရှိစေရန်အတွက် စုံစမ်းရှာဖွေဖော်ထုတ် စစ်ဆေးခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ရာ ယနေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ ကောင်းမူးလွယ် နယ်မြေရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသား အမျိုးသား ၁ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၂၀  ဦးတို့အား ဖုန်းမျိုးစုံ ၇၇ လုံး၊ All In One ကွန်ပျူတာ ၃ လုံး၊ Laptop  ၁ လုံး၊ အခြား လုပ်ငန်းသုံးဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ထိုသို့ ဖမ်းဆီးရမိခဲ့သည့် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူများ အား စစ်ဆေးမှုများဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့်လုပ်ငန်း သုံးပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက် သွား မည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်အနေဖြင့် မြန်မာနိုင်ငံအတွင်း အွန်လိုင်းလိမ်လည် လောင်းကစားမှုများ အခြေချလုပ်ကိုင်နိုင်ခြင်းမရှိစေရေးနှင့်အပြီးတိုင် ပပျောက်စေရေးတို့အတွက် အမြစ်ပြတ် တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မပြတ် အထူးအလေးထား၍ တက်ကြွစွာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။