(၂၀)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံမှပြန်လည်ရောက်ရှိ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၂) ရက် 

Monday, August 24, 2026 - 07:30

 

(၂၀)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံမှပြန်လည်ရောက်ရှိ

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၂) ရက် 

 

          ထိုင်းနိုင်ငံတွင်ကျင်းပပြုလုပ်ခဲ့သည့် (၂၀)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်း အဝေး (20th ASEAN Navy Chiefs’ Meeting – 20th ANCM) သို့တက်ရောက်ခဲ့သည့် ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ်လ ၂၁ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့်အဖွဲ့ဝင်များက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။

          အဆိုပါခရီးစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ်(ရေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် (၂၀)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေး တက်ရောက်ခြင်း၊ အာဆီယံရေတပ် ဦးစီးချုပ်များအား သီးခြားစီတွေ့ဆုံခြင်းနှင့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခြင်းများ ဆောင်ရွက် ခဲ့သည်။ အစည်းအဝေးသို့ အာဆီယံနိုင်ငံရေတပ်များမှ ရေတပ်ဦးစီးချုပ်များ၊ လာအိုပြည်သူ့ တပ်မတော်၊ စစ်ဦးစီးဌာန၊ ဒုတိယအကြီးအကဲနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

          (၂၀)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေး (20th ASEAN Navy Chiefs’ Meeting - 20th ANCM) ကို ဩဂုတ်လ ၁၈ ရက်မှ ၂၁ ရက်အထိ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း တက်ရောက်သည်။ ဦးစွာ ထိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး Adul Boonthumjaroen က အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားပြီး အစည်း အဝေးကို ဖွင့်လှစ်ပေးသည်။ ယင်းနောက် ယခင်နှစ် (၁၉)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ် များ အစည်းအဝေးမှတ်တမ်းအား အတည်ပြုသည်။  ဆက်လက်၍  ANCM အမြဲတမ်းပူးတွဲ အတွင်းဝန်က ဒေသတွင်း ပင်လယ်ရေကြောင်းလုံခြုံရေးအခြေအနေများအား အကျဉ်းချုပ်တင်ပြ ဆွေးနွေးသည်။ ထို့နောက် အစည်းအဝေးတက်ရောက်လာကြသော အာဆီယံရေတပ်ဦးစီးချုပ်များ က အာဆီယံ တစ်ရပ်၊ ရေကြောင်းမျှော်မှန်းချက်အမြင်တစ်ခုတည်းဖြင့် အာဆီယံဒေသတွင်း ပင်လယ်ရေကြောင်းဆိုင်ရာကြွယ်ဝဖွံ့ဖြိုးတိုးတက်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ရေတပ်များ အချင်းချင်းပူးပေါင်းဆောင်ရွက်မှု (One ASEAN, One Maritime Vision: Naval Cooperation for Maritime Prosperity and Sustainability in ASEAN) ခေါင်းစဉ်အား နိုင်ငံအလိုက် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း က င်လယ် ရေကြောင်းဆိုင်ရာ ကြွယ်ဝဖွံ့ဖြိုးတိုးတက်မှုနှင့်အပြာရောင်စီးပွားရေး၊ ရေကြောင်းပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် စိန်ခေါ်မှုများအား ရေတပ်ချင်းပူးပေါင်းဆောင်ရွက်မှုဖြင့် ရင်ဆိုင်ခြင်း များကို ဆွေးနွေးခဲ့သည်။ ယင်းနောက် သတင်းအချက်အလက်မျှဝေခြင်း၊ ဆွေးနွေးဖလှယ်ခြင်း အစီ အစဉ်များနှင့် အနာဂတ်တွင် ဆောင်ရွက်မည့် ANCM အစီအစဉ်များကို ဆက်လက်ဆွေးနွေးခဲ့ကြ သည်။ ၎င်းနောက် သဘာပတိ ထိုင်းရေတပ်ဦးစီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။ အစည်းအဝေးအပြီးတွင် ကာကွယ်ရေး ဦးစီးချုပ်(ရေ)သည် ထိုင်းရေတပ်ဦးစီးချုပ်နှင့် ဗီယက်နမ်ရေတပ်ဦးစီးချုပ်တို့ကို သီးခြားစီတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံရေတပ် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မှုများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

           ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့သို့ရောက်ရှိနေသော အာဆီယံရေတပ်ဦးစီးချုပ်များနှင့် အဖွဲ့သည် ဩဂုတ်လ ၂၀ ရက်တွင် Rattanakosin Exhibition Hall ၌ လှည့်လည်ကြည့်ရှုခြင်းများ ပြုလုပ်ခဲ့ပြီး ညပိုင်းတွင် ထိုင်းရေတပ်ဦးစီးချုပ်က တည်ခင်းဧည့်ခံသောဂုဏ်ပြုညစာစားပွဲကို တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။