ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့်ပြပွဲ ၂၀၂၆ - (မန္တလေး) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
မန္တလေး ဩဂုတ် ၂၂
ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း(မန္တလေးဇုန်)တို့ ပူးပေါင်းကျင်းပသည့် မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့်ပြပွဲ-၂၀၂၆ (မန္တလေး) (Tastes of the Golden Land 2026 Mandalay) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ မန္တလေးကွန်ဗင်းရှင်းစင်တာ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တက်ရောက်အမှာစကားပြောကြားပြီး ဆုများပေးအပ် ချီးမြှင့်သည်။
အခမ်းအနားသို့ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ဒုတိယ ဝန်ကြီး ဦးဖြိုးဇော်စိုး၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့်တာဝန်ရှိသူများ၊ ကောင်စစ်ဝန်ချုပ်ရုံးမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်ညီနောင်အသင်းများမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်း ရှင်များအသင်း (မန္တလေးဇုန်) ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ အကဲဖြတ်ဒိုင်များ၊ ပြိုင်ပွဲဝင်အချက်အပြုတ်ပညာရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ကြသည်။
ဦးစွာ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင် များက “စားဖွယ်စုံလင်ပြည်တစ်ခွင်” သီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး က အမှာစကားပြောကြားရာတွင် မြန်မာ့ရိုးရာ အစားအစာများကို ကမ္ဘာ့အလယ်တွင် ပိုမိုထင်ရှားကျော်ကြားလာစေရန်၊ မြန်မာ့ရိုးရာအစားအစာများကို အခြေခံပြီး နိုင်ငံတကာခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်စေရေး မြှင့်တင်ဆွဲဆောင်နိုင် ရန်နှင့် မြန်မာ့ရိုးရာအစားအစာများကို နိုင်ငံတကာအဆင့်မီတည်ခင်းဧည့်ခံနိုင်ရန် စသည့် ရည်ရွယ်ချက် များဖြင့် ကျင်းပပြုလုပ်သည့် မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့် ပြပွဲကြီးတွင် အဖွင့်အမှာစကား ပြောကြားရ သည့်အတွက်ဂုဏ်ယူဝမ်းမြောက်ရပါကြောင်း။
နိုင်ငံတကာခရီးသွားလုပ်ငန်းနယ်ပယ်တွင် အစားအသောက်နှင့်ပတ်သက်သည့် ခရီးသွားလုပ် ငန်းပုံစံများ ရေပန်းစားလာခြင်းနှင့်အတူ တိုင်းရင်းသားပေါင်းစုံတို့ စုစည်းနေထိုင်ကြသည့် မိမိတို့နိုင်ငံ တွင်လည်း ဒေသအလိုက်၊ လူမျိုးအလိုက် မတူကွဲပြားသည့် ယဉ်ကျေးမှုများရှိသကဲ့သို့ ထူးခြားပြီးဆွဲ ဆောင်မှုရှိသည့် အစားအစာပုံစံမျိုးစုံလည်း ရှိနေပါကြောင်း၊ ယင်းသည် ယနေ့နိုင်ငံတကာတွင် ခေတ် စားနေသည့် Gastronomy Tourism ကို မိမိတို့နိုင်ငံ၌ ဆောင်ရွက်နိုင်ရန် အလားအလာကောင်းများ များစွာရှိနေသည်ဟုဆိုနိုင်ပါကြောင်း၊ ယခုလို မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့်ပြပွဲများ စီစဉ်ကျင်းပ ခြင်းသည် မြန်မာတို့၏ ရိုးရာအစားအစာများကို နိုင်ငံတကာအဆင့်မီ တည်ခင်းဧည့်ခံနိုင်ရန်အပြင် မြန်မာ့ရိုးရာအစားအစာများကို ကမ္ဘာကသိအောင် မြှင့်တင်ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းတစ်ရပ် လည်းဖြစ်ကြောင်း၊ ထို့ကြောင့် ယခုလိုအစီအစဉ်များကို လုပ်သင့်လုပ်ထိုက်သည့်နေရာများတွင် နှစ်စဉ်ကျင်းပပြုလုပ်နိုင်ရန် အစီအမံများ စနစ်တကျပြင်ဆင်ပြီး နောင်နှစ်များတွင် နိုင်ငံတကာ ခရီးသွားများကိုပါ ဖိတ်ခေါ်နိုင်သည်အထိ ဆောင်ရွက်သွားကြရန်ကိုလည်း တိုက်တွန်းမှာကြား လိုကြောင်း။
ယနေ့မန္တလေးမြို့၌ ကျင်းပသည့် အစားအစာပြိုင်ပွဲနှင့်ပြပွဲသည် ရန်ကုန်တွင်ပြုလုပ်ခဲ့သည့်ပွဲ၏ အောင်မြင်မှုကို ဆက်လက်အရှိန်အဟုန်မြှင့်တင်ပြီး အထက်မြန်မာဒေသ၏ ထူးခြားသည့် ရိုးရာ ဟင်းလျာများ၊ ဒေသထွက်ကုန်များနှင့် ခေတ်မီအချက်အပြုတ်ဖန်တီးမှုများကို ပိုမိုကျယ်ပြန့်စွာ ဖော်ထုတ်ပြသနိုင်မည့် အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း၊ ယဉ်ကျေးမှုအမွေအနှစ်များ ကိန်းဝပ်တည်ရှိရာ မြန်မာ့အနုပညာနှင့် လက်မှုပညာတို့၏ဗဟိုချက်မဖြစ်သည့် ယဉ်ကျေးမှုမြို့တော်မန္တလေး၌ ဒုတိယအကြိမ်အဖြစ်ဆက်လက် ကျင်းပနိုင်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် စီစဉ်ဆောင် ရွက်သည့်ဝန်ကြီးဌာန နှင့်အတူ ပါဝင်ဆောင်ရွက်ကြသည့် အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များအားလုံးကို ကျေးဇူးတင်ပါကြောင်း။
ယနေ့ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်စားဖိုမှူးများ၊ အချက်အပြုတ်ဝါသနာရှင် များနှင့် အသေးစားစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာ့ရိုးရာအစားအစာများကို ဖော်ထုတ်မြှင့်တင် ဆောင်ရွက်နိုင်ရေး ပါဝင်ဆောင်ရွက်ပေးသည့်အတွက် အထူးပင်ချီးကျူးဂုဏ်ပြုပါကြောင်း၊ မြန်မာ့ရိုးရာအစား အစာများကို အနုပညာမြောက်စွာဖြင့် အရသာရှိရှိ တီထွင်ဆန်းသစ်ချက်ပြုတ်ခြင်းဖြင့် မြန်မာ့ရိုးရာအစားအစာ ယဉ်ကျေးမှုကို ကမ္ဘာကသိအောင် မီးမောင်းထိုးပြနိုင်မည်ဖြစ်ကြောင်း၊ ယှဉ်ပြိုင်သည့်အခါတွင် မူလရိုးရာ အရသာမပျောက်ပျက်စေရေး၊ ခေတ်မီဆန်းသစ်သည့် ပြသပြင်ဆင်မှုရှိစေရေး၊ သန့်ရှင်းလတ်ဆတ်မှုနှင့် ကျန်းမာရေးနှင့်ညီညွတ်ရေးတို့ကို အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ အကဲဖြတ် ဒိုင်လူကြီးများအနေဖြင့်လည်း စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျ မျှမျှတတ အကဲဖြတ်အမှတ်ပေးကြ ပြီး ဆုရရှိသင့်ရရှိထိုက်သည့် လက်ရာကောင်းများကို ရွေးချယ်ပေးကြရန် မှာကြားလိုကြောင်း၊ ပထမ အကြိမ် ရန်ကုန်မြို့၌ အောင်မြင်စွာကျင်းပနိုင်ခဲ့သလို ယခုဒုတိယအကြိမ် မန္တလေးမြို့၌ကျင်းပသည့် အစားအစာပြိုင်ပွဲနှင့်ပြပွဲကနေတစ်ဆင့် အထက်မြန်မာပြည်၏ ကြွယ်ဝလှသည့် ရိုးရာအစားအစာများ ပိုမို ထင်ရှားပေါ်လွင်လာပြီး မြန်မာ့ခရီးသွားလုပ်ငန်းနှင့်ဒေသတွင်းစီးပွားရေးတိုးတက်မှုကို အဓိကအထောက် အကူပြုနိုင်ပါစေဟု ဆန္ဒပြုပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့်ပြပွဲ -၂၀၂၆ (မန္တလေး) အခမ်းအနားကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဒုတိယသမ္မတက အခမ်းအနား ဖြစ်မြောက်အောင် Main Sponsor နှင့် Gold Sponsor အဖြစ် ပံ့ပိုးကူညီပေးခဲ့ကြသည့် လုပ်ငန်းရှင်များကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးက Sliver Sponsor အဖြစ် ပံ့ပိုးကူညီပေးခဲ့ကြသည့် လုပ်ငန်းရှင်များကို လည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ က Bronze Sponsor အဖြစ် ပံ့ပိုးကူညီပေးခဲ့ကြသည့် လုပ်ငန်းရှင်များကို လည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က Supporting Partner အဖြစ် ပံ့ပိုးကူညီပေးခဲ့ကြသည့် လုပ်ငန်းရှင်များကို လည်းကောင်းဂုဏ်ပြု လက်မှတ်များ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ဒုတိယသမ္မတထံ ပြည်ထောင်စုဝန်ကြီးက မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့်ပြပွဲ-၂၀၂၆ (မန္တလေး) အထိမ်းအမှတ်လက်ဆောင်ကို နေရာအရောက် ဂါရဝပြုပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကာ ပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်နေမှုနှင့် ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ယင်းနောက် ဒုတိယသမ္မတက ပြိုင်ပွဲတွင် ဆုရရှိကြသည့် စားသောက်ဆိုင်များနှင့် ဟိုတယ်များအား ဂုဏ်ပြုဆုများကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးက အကဲဖြတ်ဒိုင်များအား ဂုဏ်ပြုလက်မှတ်များကို လည်းကောင်း ပေးအပ်ချီးမြှင့်ကြပြီး ဖွင့်ပွဲအခမ်းအနားကိုရုပ်သိမ်းလိုက်သည်။
ယခုကျင်းပသည့် အခမ်းအနားသည် မြန်မာ့ရိုးရာအစားအစာများကို နိုင်ငံတကာအဆင့်မီ Fine Dining အသွင်ဖြင့် တင်ဆက်ယှဉ်ပြိုင်ခြင်း၊ ဒေသအသီးသီးမှရိုးရာအစားအစာများကိုပြသခြင်း၊ ရောင်းချခြင်း၊ အတွေ့ အကြုံများဖလှယ်ခြင်းတို့ကို တစ်နေရာတည်းတွင် လေ့လာကြည့်ရှုဝယ်ယူနိုင်အောင် မြန်မာနိုင်ငံ၌ ဒုတိယအကြိမ်အဖြစ်ကျင်းပသည့် အခမ်းအနားတစ်ခုဖြစ်ပြီး ဩဂုတ် ၂၃ ရက်အထိကျင်းပသွားမည်ဖြစ် ကြောင်း၊ အစားအသောက်လုပ်ငန်းနယ်ပယ်မှ ဝါရင့်လုပ်ငန်းရှင်များ၊ ကျွမ်းကျင်ပညာရှင်များ၏ အတွေ့အကြုံ များကို မျှဝေပေးမည့် စကားဝိုင်းဆွေးနွေးပွဲများအပြင် ဖျော်ဖြေရေးအစီအစဉ်များနှင့် ကံစမ်းမဲအစီအစဉ်များ ကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယနေ့တွင် ပြိုင်ပွဲဝင်အဖွဲ့ (၁၁) ဖွဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ကာ ပြခန်း ပေါင်း ၁၄၁ ခန်း ပြသရောင်းချပေးလျက်ရှိကြောင်းသိရသည်။ (သတင်းစဉ်)