ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးမိသားစုများနှင့် သင်တန်းသားများ အားတွေ့ဆုံအမှာစကားပြောကြား
နေပြည်တော်၊ ဩဂုတ် - ၂၂
ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့တွင် တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာ သံရုံးမိသားစုများနှင့် သင်တန်းသားများအား ယမန်နေ့ ဒေသစံတော်ချိန် ည ၇ နာရီ ၁၅ မိနစ်တွင် Double Tress by Hilton ဟိုတယ်၌ တွေ့ဆုံအမှာစကားပြောကြား သည်။
တွေ့ဆုံပွဲသို့ ခရီးစဉ်တွင်လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ မြန်မာ အာကာသ အေဂျင်စီအမှုဆောင်အရာရှိချုပ်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိများ၊ ဒုတိယဝန်ကြီးများ၊ ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်မောင်စိုး၊ သံရုံးဝန်ထမ်း များနှင့် မိသားစုဝင်များ၊ သင်တန်းသားများတက်ရောက်ကြသည်။
နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာတွင် မိမိအနေဖြင့်နိုင်ငံတော် သမ္မတအဖြစ်တာဝန်ယူပြီးနောက်ပိုင်း ဘယ်လာရုစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာ လူကာရှန်ကို၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံသို့ တရားဝင်ခရီးစဉ် လာရောက် ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံနှင့်အလှမ်းကွာဝေးသည့် နိုင်ငံတစ်ခုဖြစ်သော်လည်း ယခင်နိုင်ငံ့အကြီးအကဲများက အမျှော်အမြင်ကောင်းမွန်စွာဖြင့် ဘယ်လာရုစ်နိုင်ငံနှင့် ဆက်ဆံရေးကို စတင်တည်ထောင်ခဲ့ပြီး မိမိအနေဖြင့်နိုင်ငံတော်တာဝန်ထမ်းဆောင် ချိန်တွင်နှစ်နိုင်ငံအကြား ဆက်ဆံမှုများပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခဲ့ ကာ ယခုအခါ မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်များပိုမိုတိုးတက်လာခဲ့ပြီဖြစ်ကြောင်း၊ နှစ်နိုင်ငံသံတမန်ဆက်ဆံမှု မြှင့်တင် ခြင်းအဖြစ် ဘယ်လာရုစ်နိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံရုံးကိုလည်း ဖွင့်လှစ်ဆောင်ရွက် ခဲ့ပြီဖြစ်ကြောင်း၊ ဘယ်လာရုစ်နိုင်ငံသည် မိမိတို့နိုင်ငံ၏ မိတ်ဆွေကောင်းနိုင်ငံတစ်နိုင်ငံ ပင်ဖြစ်ကြောင်း။
ဘယ်လာရုစ်နိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် စီးပွားရေး လုပ်ငန်းများကို ခေတ်မီစက်ကိရိယာများဖြင့် အောင်မြင်စွာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံ့စီးပွားရေးတိုးတက်အောင်ဆောင်ရွက်လျက်ရှိသည့် နိုင်ငံ တစ်နိုင်ငံဖြစ်သကဲ့သို့ သိပ္ပံနှင့်နည်းပညာများလည်းများစွာဖွံ့ဖြိုးတိုးတက်လျက်ရှိ ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်လည်း စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ် လုပ်ငန်းများကိုအဓိကထား ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ် ဖြစ်သဖြင့် ဘယ်လာရုစ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မည်ဆိုပါက မိမိတို့နိုင်ငံ၏ သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ တိုးတက်စေရေးအတွက် များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး ကြိုးပမ်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း။
ဘယ်လာရုစ်နိုင်ငံတွင် လယ်ယာစက်မှုလုပ်ငန်းများ တိုးတက်လျက်ရှိသကဲ့သို့ မွေးမြူရေးလုပ်ငန်းများတွင်လည်း ခေတ်မီနည်းစနစ်များ ဖြင့်အောင်မြင်စွာ ဆောင် ရွက်ပြီး ထုတ်ကုန်များကို နိုင်ငံတကာသို့ တင်ပို့ရောင်းချနိုင်သည့် နိုင်ငံတစ်ခု ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံသည်လည်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက် ခြင်းဖြစ်သဖြင့် အခြေခံအားဖြင့် တူညီမှုရှိကြောင်း၊ မိမိအနေဖြင့် ဘယ်လာရုစ်နိုင်ငံသို့ ရောက်ရှိချိန်ကာလအတွင်း ဘယ်လာရုစ်နိုင်ငံတွင် စိုက်ပျိုးရေးလုပ်ငန်းများအောင်မြင် ဖြစ်ထွန်းလျက်ရှိသည်ကို မျက်မြင်တွေ့ရှိခဲ့ရကြောင်၊ ဘယ်လာရုစ်သမ္မတနိုင်ငံနှင့် ဆက်ဆံမှု တိုးမြှင့်ဆောင်ရွက်ခြင်းသည်မိမိတို့နိုင်ငံ အတွက်များစွာအကျိုးဖြစ်ထွန်းစေ မည်ဖြစ်ကြောင်း။
ဘယ်လာရုစ်နိုင်ငံနှင့် ဆက်ဆံမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာလမ်းပြ မြေပုံ (၂၀၂၆-၂၀၂၈) ကို ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိ တို့နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ အောင်မြင်စေရေး အတွက် သံရုံးတွင် တာဝန်ထမ်းဆောင်နေကြသူများအနေဖြင့် ကြိုးပမ်းဆောင်ရွက် သွားကြရန်လိုကြောင်း။
ဘယ်လာရုစ်နိုင်ငံ၏ ပညာရေးသင်ကြားရေးသည်လည်း အဆင့်မီသည့် ပညာရေးစနစ်တစ်ခုဖြစ်သည်ကိုတွေ့ရှိရပြီး မိမိတို့နိုင်ငံအပါအဝင် နိုင်ငံတကာမှ သင်တန်းသားများလည်း လာရောက်၍ ပညာများဆည်းပူးလျက်ရှိ သည်ကိုသိရှိရ ကြောင်း၊ ဘယ်လာရုစ်နိုင်ငံတွင်လာရောက် ပညာသင်ကြားလျက်ရှိသည့် ပညာတော် သင် သင်တန်းသားများအနေဖြင့် သက်ဆိုင်ရာသင်ကြားရသည့်ဘာသာရပ်များအား မိမိတို့နိုင်ငံ၏အကျိုးအတွက် ပြန်လည်အသုံးချနိုင်ရေး စနစ်တကျသင်ယူကြရန် လိုကြောင်း၊ မိမိတို့နိုင်ငံနှင့်အလှမ်းကွာဝေးပြီး ရာသီဥတုဆိုးရွားသည့်နိုင်ငံတစ်ခုတွင် ငွေကြေးနှင့်အချိန်များပေးဆပ်၍ သင်ကြားနေကြရခြင်းဖြစ်သဖြင့် စနစ်တကျသင်ယူ ပြီး နိုင်ငံအတွက် အကျိုးရှိအောင်ဆောင်ရွက်ကြစေလိုကြောင်း။
မိမိတို့ကဲ့သို့ အာရှနိုင်ငံများမှလာရောက်သင်ကြားလျက်ရှိသည့် နိုင်ငံသားများ နှင့် ပေါင်းသင်းဆက်ဆံမှုများကောင်းမွန်အောင်ဆောင်ရွက်ပြီး မိမိတို့နိုင်ငံ၏ဂုဏ်ကို ထိမ်းသိမ်းဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်ကို ပြည်သူများ လိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာရပ်တည်လျှောက် လှမ်းနိုင်ရေး၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ မိမိတို့နိုင်ငံ၏ သမိုင်းဖြစ်ရပ်မှန် များကို မိမိတို့ကိုယ်တိုင်သိရှိအောင် လေ့လာဆောင်ရွက်ကြရန် လိုအပ်သကဲသို့ မသိရှိ သေးသူများကိုလည်း သိရှိစေရေးတစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ပေးရန်လိုကြောင်း။
မိမိတို့၏ အတွေ့အကြုံနှင့် တိုင်းပြည်၏အခြေအနေအပေါ် မူတည်၍လုပ်သင့် လုပ်ထိုက်သည်များကို ဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်ပတွင် နေထိုင်စဉ်အတွင်း တိုင်းပြည်မျက်နှာမပျက် အောင်နေထိုင်ဆောင်ရွက်ရန်၊ ကျန်းမာရေးကို အထောက် အကူဖြစ်စေမည့် ကိုယ်လက်လှုပ်ရှား အားကစားများကို ဆောင်ရွက်ကြရန်လိုကြောင်၊ ပညာသင်ကြားရေးအပိုင်း တွင်လည်း တစ်ဦးချင်းအတွက်အကျိုးဖြစ်ထွန်းစေမည့် ဘာသာစကားများကိုလေ့လာရန်လိုသကဲ့သို့ ပြောင်းလဲတိုးတက်လျက်ရှိသည့် ခေတ်မီ နည်းပညာများကိုလည်း စဉ်ဆက်မပြတ်လေ့လာနေကြရန်လိုကြောင်း၊ ဘယ်လာရုစ် နိုင်ငံသည် ရာသီဥတုဆိုးရွားသည့် နိုင်ငံတစ်ခုဖြစ် သဖြင့်တစ်ဦးချင်း၏ ကျန်မာရေးကို ဂရုစိုက်ကြရန်နှင့် ကျန်းမာရေးကိုအထောက်အကူပြုစေမည့် ကိုယ်လက်လှုပ်ရှား အားကစားများကို လုပ်ဆောင်ကြရန်ရန်လိုကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက သံရုံးမိသားစုများနှင့် ပညာတော်သင် သင်တန်းသားများအတွက် စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ် ရာ သံအမတ်ကြီးနှင့် သင်တန်းသားများက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

