ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တူဗားပြည်နယ် အကြီးအကဲနှင့်တွေ့ဆုံဆွေးနွေး နေပြည်တော်၊ ဩဂုတ် - ၂၂

Monday, August 24, 2026 - 07:15

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တူဗားပြည်နယ် အကြီးအကဲနှင့်တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဩဂုတ် - ၂၂

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိ နေသည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့ ဒေသစံ တော်ချိန်ည ၇ နာရီတွင် တူဗားပြည်နယ်အကြီးအကဲ မစ္စတာ ဗလာဒီစလပ် ခိုဗာလစ်ဂ် နှင့် ကီဇီးလ်မြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ အိမ်တော်၌တွေ့ဆုံဆွေးနွေးသည်။

ဦးစွာ နိုင်ငံတော်သမ္မတသည် တွေ့ဆုံပွဲကျင်းပပြုလုပ်မည့် တူဗားပြည်နယ် အစိုးရအဖွဲ့အိမ်တော်သို့ရောက်ရှိရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ မစ္စတာ ကာရာ-အိုးလ် ရှော်ဘန် နှင့် တာဝန်ရှိသူများက ရင်းနှီးနွေးထွေးစွာဖြင့်ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက်တွေ့ဆုံပွဲကိုကျင်းပပြလုပ်ရာ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ် လိုက်ပါသွားသည့် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့ဝင်များ၊ ရုရှား ဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့်တာဝန်ရှိသူများ တက်ရောက် ကြပြီး တူဗားပြည်နယ်အကြီးအကဲနှင့်အတူ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားဖက်ဒရေးရှင်နိုင်ငံသံအမတ်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက် ရောက် ကြသည်။

ထိုသို့တွေ့ဆုံရာတွင်  ဦးစွာ တူဗားပြည်နယ်အကြီးအကဲက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား လှိုက်လှဲနွေးထွေးစွာဖြင့်ကြိုဆိုပါကြောင်း နှုတ်ခွန်းဆက် စကားပြောကြားပြီး တူဗားပြည်နယ်၏ သမိုင်းကြောင်းဆိုင်ရာများနှင့် ဒေသဆိုင်ရာ အချက်အလက်များ၊ တူဗားပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးနှင့် တွင်းထွက်ပစ္စည်း များ ထုတ်လုပ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ တူဗားပြည်နယ်တွင်နေထိုင်သူ အများစုသည် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြပြီး မြန်မာနိုင်ငံနှင့် ကိုးကွယ်ယုံကြည် မှုများတူညီလျက်ရှိမှု၊  မြန်မာနိုင်ငံနှင့် တူဗားပြည်နယ်တို့အကြား ဘာသာရေးနှင့် ယဉ်ကျေးမှုကဏ္ဍ၊ ပညာရေးကဏ္ဍနှင့် ခရီးသွားကဏ္ဍအပါအဝင်ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်လိုမှုများနှင့် ပတ်သက်၍ရှင်းလင်းပြော ကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် တူဗားပြည်နယ်၏ သမိုင်း ကြောင်း၊ သာယာလှပမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု မှတ်တမ်းဗီဒီယိုကို ကြည့်ရှုကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ က ပြန်လည်ဆွေးနွေးပြောကြားရာတွင် တူဗားပြည်နယ်အကြီးအကဲနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ အနေဖြင့် မိမိဦးဆောင် သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို လှိုက်လှဲနွေးထွေးစွာ ကြိုဆို သည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း၊  မိမိအနေဖြင့် တူဗားပြည်နယ်သို့ ပထမဆုံးအကြိမ် ရောက်ရှိခြင်းဖြစ်ပြီး သန့်ရှင်းသာယာလှပပြီး စိမ်းလန်းဆိုပြေသည့် တော တောင်ရှုခင်းများကို မြင်တွေ့ရသဖြင့် မိမိတို့၏စိတ်နှလုံးကို ချမ်းမြေ့စေကြောင်း ဖြင့်ပြောကြားပြီး မြန်မာ-ရုရှား နှစ်နိုင်ငံသည် ယုံကြည်စိတ်ချရသည့် မိတ်ဆွေရင်း နိုင်ငံများဖြစ်ကြပြီး အလှမ်းကွာဝေးသော်လည်း သံတမန်ဆက်ဆံမှုများရှည်လျား ကောင်းမွန်လျက်ရှိမှုနှင့် ယခုအခါ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင်တင်ရန်အကောင်းဆုံး အခြေအနေသို့ရောက်ရှိလျက်ရှိမှု၊ နှစ်နိုင်ငံဗဟို အစိုးရအဖွဲ့အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်လျက်ရှိသကဲ့သို့ နှစ်နိုင်ငံမှပြည်နယ်များ အချင်းချင်းလည်း ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန် ဖြင့်တိုးမြှင့်ဆောင်ရွက်လျက်ရှိမှု၊ တူဗားပြည်နယ်သည် တွင်းထွက်သယံဇာတများ ထွက်ရှိပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်သည့် ပြည်နယ် တစ်ခုဖြစ်ကာ မိမိတို့နိုင်ငံသည်လည်း မြေပေါ်မြေအောက် သယံဇာတများပေါများ စွာထွက်ရှိပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုဆောင်ရွက် လျက်ရှိသည့် နိုင်ငံဖြစ် သဖြင့် မြန်မာနိုင်ငံနှင့် တူဗားပြည်နယ်တို့အကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမို မြှင့်တင်နိုင်သည့် အလားအလာနှင့်အခွင့်အလမ်းရှိမှု၊ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာကို ကိုးကွယ်သည့်နိုင်ငံဖြစ်သကဲ့ တူဗားပြည်နယ်တွင်နေထိုင်သူ အများစုသည်လည်း တိဘက်ဗုဒ္ဓဘာသာများဖြစ်ကြသဖြင့် ဘုရားဖူးခရီးစဉ်များနှင့် ခရီးသွားလုပ်ငန်းများ အပြန်အလှန် မြှင့်တင်ဆောင်ရွက်နိုင်မှု၊ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအချင်းချင်း ထိတွေ့ဆက်ဆံမှုများပိုမိုမြှင့်တင်နိုင်ရန်အတွက် သံတမန်ဆက်ဆံမှုများကို ယခုထက် ပိုမိုတိုးတက်စေရေး ဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်အောင်ဆောင်ရွက်သွားနိုင်မည့် အခြေအနေ များ နှင့်ပတ်သက်၍ အကျယ်တဝံ့ပြန်လည်ဆွေးနွေးပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် တူဗားပြည်နယ်အကြီးအကဲတို့သည် မှတ်တမ်း တင်ဓာတ်ပုံရိုက်ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် တူဗားပြည်နယ် အကြီးအကဲက တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ကြသည်။ ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း တူဗားပြည်နယ်ယဉ်ကျေးမှုအဖွဲ့က ပြည်နယ်ရိုးရာယဉ်ကျေးမှု တေးသံသာများ၊ အကအလှများဖြင့် သီဆိုတီးမှုတ်ဖျော်ဖြေ ခဲ့ကြကြောင်းသတင်းရရှိသည်။