ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဘယ်လာရုစ် သမ္မတနိုင်ငံမှ ပြန်လည်ထွက်ခွာ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တူဗားပြည်နယ်၊ ကီဇီးလ်မြို့သို့ ရောက်ရှိ နေပြည်တော်၊     ဩဂုတ် - ၂၂

Monday, August 24, 2026 - 07:15

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဘယ်လာရုစ် သမ္မတနိုင်ငံမှ ပြန်လည်ထွက်ခွာ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တူဗားပြည်နယ်၊ ကီဇီးလ်မြို့သို့ ရောက်ရှိ

နေပြည်တော်၊     ဩဂုတ် - ၂၂

 

ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့တွင် တရားဝင်ခရီးစဉ် ရောက်ရှိ နေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၈ နာရီ မိနစ် ၂၀ တွင် ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာကြသည်။

နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ဘယ်လာရုစ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Mr. Viktor Karankievch ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Sergey Lukashevich နှင့် ဘယ်လာရုစ်နိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံ သံအမတ်ကြီး၊ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်မောင်စိုး နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ရင်းနှီးနွေးထွေးစွာ ပို့ဆောင်နှုတ်ဆက်ကြသည်။

ထိုသို့ ပို့ဆောင်နှုတ်ဆက်ရာတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့က ကော်ဇော်နီလျှောက်လမ်း၏ တစ်ဖက်တစ်ချက်တွင်နေရာယူ၍ အလေးပြုကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့သည် ဒေသစံတော်ချိန် ညနေ ၆ နာရီ မိနစ် ၂၀ တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တူဗားပြည်နယ်၊ ကီဇီးမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိရာ တူဗားပြည်နယ် အကြီးအကဲ မစ္စတာ ဗလာဒီစလပ် ခိုဗာလစ်ဂ် နှင့် ပြည်နယ်အစိုးရအဖွဲ့မှတာဝန်ရှိသူ များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမိုးအောင် နှင့် တာဝန်ရှိသူများက ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့သို့ကြိုဆိုနှုတ်ဆက်စဉ် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များအား အမျိုးသမီးငယ် နှစ်ဦးက တူဗားပြည်နယ်၏ ယဉ်ကျေးမှုတစ်ခုဖြစ်သော တူဗားပြည်နယ်သို့ လာရောက် သည့် ဧည့်သည်တော်များကို နက်ရှိုင်းသောလေးစားမှုနှင့် ဂုဏ်ပြုမှုကိုဖော်ပြသည့် အထိမ်းအမှတ်ပုဝါများကို ခြုံလွှမ်းပေးပြီး လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။(သတင်းစဉ်)