ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား  ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို က ဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး နေပြည်တော်၊    ဩဂုတ် - ၂၁

Monday, August 24, 2026 - 07:00

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား  ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို က ဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး

နေပြည်တော်၊    ဩဂုတ် - ၂၁

 

ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံ၌ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ယနေ့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် ဘယ်လာရုစ်နိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို က သမ္မတနန်းတော်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုပြီး တွေ့ဆုံဆွေးနွေးသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသော ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာ ချောချောစိန်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးကိုကိုလွင်၊ ဒေါက်တာ ချာလီသန်း၊ မြန်မာ အာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် ဒေါက်တာ စိုးမြင့်မောင်၊ တနင်္သာရီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတနှင့်အတူ ဘယ်လာရုစ်အစိုးရအဖွဲ့မှ အဆင့်မြင့် အရာရှိကြီးများတက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုမည့်နေရာသို့ ရောက်ရှိရာ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို က ရင်းရင်း နှီးနှီးကြိုဆိုနှုတ်ဆက်ပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူကြသည်။ ထိုအချိန် တွင် ဂုဏ်ပြုစစ်တီးဝိုင်းတပ်ဖွဲ့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သီချင်းနှင့် ဘီလာရုစ်သမ္မတ နိုင်ငံတော် သီချင်းတို့ကို တီးမှုတ်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ နှစ်ဦးသည် ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးပြီး ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတနှင့် နိုင်ငံတော်သမ္မတ တို့သည် အခမ်းအနားသို့ တက်ရောက်လာကြသည့် နှစ်နိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများအား အပြန်အလှန် မိတ်ဆက်ပေးကြကာ ဂုဏ်ပြုတပ်ဖွဲ့၏ ချီတက်အလေးပြုခြင်းကို ခံယူသည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ တို့သည် မှတ်တမ်း တင်ဓာတ်ပုံရိုက်ကြသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ တို့သည် သီးသန့်တွေ့ဆုံဆွေးနွေးသည်။

ထိုသို့တွေ့ဆုံရာတွင် ဦးစွာ ဘယ်လာရုစ်နိုင်ငံသမ္မတက လေးစားရပါသော အဆွေတော်သမ္မတကြီးနှင့် ယခုကဲ့သို့တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ယမန်နေ့ကလည်း မိမိနှင့်အဆွေတော်တို့ ရင်းရင်းနှီးနှီးတွေ့ဆုံပြီး  နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပွင့်လင်းစွာဖြင့် လေးလေး နက်နက်  ဆွေးနွေးဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယခုအခါတွင်လည်း တရားဝင်ထပ်မံ တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ ဘယ်လာရုစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းရပ်များကို အထူးအလေးပေး ဆောင်ရွက် လျက်ရှိပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် လက်ရှိမြေပြင်တွင် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ပံ့ပိုးကူညီမှုများ ပိုမိုဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက်ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် မြန်မာနိုင်ငံသည် နယ်နိမိတ်ကျယ်ဝန်းသကဲ့သို့ လူဦးရေများပြားပြီး သယံဇာတများ ပေါကြွယ်ဝသည်ဟု သိရှိရပါကြောင်း၊ မြန်မာနိုင်ငံ၏ လူဦးရေမှာ ၅၅ သန်းခန့် ရှိသည်ဟိုသိရှိရပြီး မိမိတို့နိုင်ငံလူဦးရေ၏ ငါးဆခန့်ရှိပါကြောင်း၊ မိမိတို့ ဘယ်လာရုစ် နိုင်ငံအနေဖြင့် မြန်မာနိုင်ငံရှိ ပြည်သူများ လူမှုစီးပွားဘဝအတွက်လိုအပ်ချက်များရှိပါက  ဘယ်လာရုစ် နိုင်ငံ အနေဖြင့် တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်း၊ ပြီးခဲ့သည့် နှစ်နှစ်တာကာလအတွင်း ဘယ်လာရုစ်နိုင်ငံမှ တာဝန်ရှိသူများ မြန်မာနိုင်ငံကို ရောက်ရှိ လေ့လာခဲ့ပြီး ရင်းနှီးကျွမ်းဝင်မှုလည်း ရှိခဲ့ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအတွက် လိုအပ်ချက်များနှင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးနိုင်ပါကြောင်း၊ အဓိက အားဖြင့် ဘယ်လာရုစ်နိုင်ငံ၏ စက်မှုစိုက်ပျိုးမွေးမြူရေးနည်းပညာနှင့် အတွေ့အကြုံ များကို မြန်မာနိုင်ငံအတွက် မျှဝေပေးသွားမည်ဖြစ်ပါကြောင်း။

 ဘယ်လာရုစ်နိုင်ငံမှ တာဝန်ရှိသူများအနေဖြင့်လည်း မြန်မာနိုင်ငံနှင့် မြန်မာ ပြည်သူများအတွက် လိုအပ်သည်များကို ကူညီဆောင်ရွက် ရန်အဆင့်သင့်ရှိကြောင်းနှင့် ဘယ်လာရုစ်နိုင်ငံမှ ပြည်သူများအနေဖြင့်လည်း မြန်မာနိုင်ငံနှင့်ပတ်သက်၍ စိတ်ရောကိုယ်ပါကူညီဆောင်ရွက်ပေးလိုသည့် စိတ်ရှိသည်ကို  ပြောကြားလိုပါကြောင်း၊ အဆွေတော်သမ္မတကြီးအနေဖြင့် ပြီးခဲ့သည့်နှစ်များအတွင်း မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်ခဲ့မှုများအပေါ် မိမိအနေနှင့် အသိအမှတ်ပြုပါ ကြောင်း၊ အဓိကအားဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေ တည်ငြိမ်ရေး အဆွေတော် ဦးဆောင်သည့်အဖွဲ့က ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခု အခါတွင်လည်း ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ပြည်သူများက ထောက်ခံရွေးချယ်ခဲ့သည့် အစိုးရအဖွဲ့မှ နိုင်ငံတော်တာဝန်များကို ထမ်းဆောင် နေပြီဖြစ်ကြောင်း၊ ထို့ကြောင့်အဆွေတော်သမ္မတကြီးအနေဖြင့် ပြည်သူများ လိုအပ် သည်များကို ဆောင်ရွက်ပေးသည့်အခါ၌ လိုအပ်ချက်များရှိပါက မိမိတို့ဘယ်လာရုစ် နိုင်ငံအနေဖြင့် ကူညီပေးရန်အသင့်ရှိပါကြောင်း၊ မိမိတို့ တွေ့ဆုံ ဆွေးနွေးခဲ့သည့် အချိန်၌ ဆွေးနွေးချက်များကို မိမိတို့အနေဖြင့်  မလွဲမသွေဆက်လက အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက ဆွေးနွေးပြောကြားရာတွင် အဆွေတော် သမ္မတကြီးအနေဖြင့် ယခုကဲ့သို့ မိမိကိုနွေးထွေးစွာဖြင့် ကြိုဆိုပြီး လက်ခံတွေ့ ဆုံသည့်အတွက် များစွာဝမ်းမြောက်ပါကြောင်း၊ မိမိအနေဖြင့် ဘယ်လာရုစ်နိုင်ငံသို့ စတုတ္ထအကြိမ်မြောက် လာရောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခုလာရောက်သည့် အချိန်တွင် မိမိတို့အစိုးရအဖွဲ့မှ ပြည်ထောင်စုအဆင့် တာဝန်ရှိသူများပါရှိသကဲ့သို့ စီးပွားရေးလုပ်ငန်းရှင်များလည်းပါဝင်ကြောင်း၊ နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများ အပါအဝင် ကဏ္ဍစုံမှ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအရှိန် မြှင့်တင်ဆောင်ရွက်နိုင်ရန် လာရောက်ခဲ့ခြင်းပင်ဖြစ်ပါကြောင်း၊ အဆွေတော် သမ္မတကြီး က မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ဘယ်လာရုစ်နိုင်ငံ အနေဖြင့် စီးပွားရေး၊ နည်းပညာနှင့် အခြားနယ်ပယ်များအားလုံးတွင် ကန့်သတ်ချက် မထားရှိပါဟု ယခင်က ပြောကြားထားဖူးကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် ဘယ်လာရုစ်နိုင်ငံနှင့် ပူးပေါင်း‌ဆောင်ရွက်မှုအခွင့်အလမ်းများ အပြည့်အဝ ရရှိမည်ဟု ယုံကြည်ပါကြောင်း၊ အဆွေတော်သမ္မတကြီးအနေဖြင့် မိမိတို့နိုင်ငံ၏ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး အသိအမှတ်ပြုချီးကျူးပြောကြားပေး သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ မိမိတို့ရွေးကောက်ခံအစိုးရအနေဖြင့်ရော၊ မိမိ၏ ပုဂ္ဂိုလ်ရေးအရရော မိမိတို့နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် တည်တည် ငြိမ်ငြိမ်ဖြင့် တိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမည်ကို ပြောကြားလိုပါ ကြောင်း၊ မိမိတို့အနေဖြင့် ၂၀၂၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ထိုအချိန်တွင် နိုင်ငံတကာမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ ဖိတ်ခေါ်သွားမည်ဖြစ်သကဲ့သို့ အဆွေတော်တို့ နိုင်ငံမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များကိုလည်း ဖိတ်ခေါ်လိုပါကြောင်း ပြောကြားသည်။

        ထို့နောက် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံမှုမြှင့်တင်ခြင်းအဖြစ် မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးကို သံရုံးအဖြစ်သို့ အဆင့်မြှင့်တင်ဖွင့်လှစ်နိုင်မှု၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေ၊ ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍ၊ အာကာသနည်းပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက် လျက်ရှိမှု၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်ပြောင်းလဲမှု အခြေအနေများနှင့် နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိအောင်ကြိုးပမ်း ဆောင်ရွက်လျက်ရှိမှု၊ မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်း‌ဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။

        အလားတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို တို့သည် ဩဂုတ် ၂၀ ရက် ညနေပိုင်းကလည်း ဘယ်လာရုစ်သမ္မတ နိုင်ငံ သမ္မတအိမ်တော်၌ အလွတ်သဘော ရင်းရင်းနီးနှီးတွေ့ဆုံ၍ နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဖြင့် ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ ကြကြောင်း သတင်းရရှိသည်။(သတင်းစဉ်)