မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံ နိုင်ငံတော်အဆင့် တွေ့ဆုံပွဲကျင်းပ
နေပြည်တော်၊ ဩဂုတ် - ၂၁
မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံ နိုင်ငံတော်အဆင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ မိနစ် ၅၀ တွင် ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့ရှိ သမ္မတ နန်းတော် အစည်းအဝေးခန်း၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော် နိုင်ငံတော်သမ္မတနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုတို့ တက်ရောက်ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသော ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့ဝင်များ တက်ရောက်ကြပြီး ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတနှင့်အတူ ဘယ်လာရုစ်အစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြ သည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ဘယ်လာရုစ်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လမ်းပြ မြေပုံ(၂၀၂၆-၂၀၂၈)ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အခြေ အနေများ၊ ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ အာကာသနည်းပညာကဏ္ဍ၊ ပညာရေးနှင့်လူငယ်ကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍ၊ ကျန်းမာရေး ကဏ္ဍ၊ သိပ္ပံနှင့် နည်းပညာကဏ္ဍ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများ၌ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် နှစ်နိုင်ငံအစိုးရ နှစ်ရပ်အကြား သဘောတူညီချက်များနှင့် နားလည် မှု စာချွန်လွှာများလဲလှယ်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ နှစ်နိုင်ငံ အကြား တရားမနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ဥပဒေရေးရာ အပြန်အလှန် အကူအညီပေးရေး သဘောတူစာချုပ်၊ ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် ဥပဒေပိုင်းဆိုင်ရာ အပြန်အလှန် အကူအညီပေးရေးသဘောတူညီချက်၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ဘယ်လာရုစ်သမ္မတ နိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်တို့အကြား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ၊ မြန်မာအာကာသအေဂျင်စီအတွက် ကမ္ဘာမြေကို အဝေးမှ အာရုံခံစောင့် ကြည်နိုင်သော အာကာသယာဉ်ငယ်တစ်စင်း တည်ဆောက်ရေးဆိုင်ရာ ရည်ရွယ်သည့် မှတ်တမ်းလွှာ၊ မြန်မာအာကာသအေဂျင်စီနှင့် Belarusian State University တို့ အကြား သိပ္ပံနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စာချွန်လွှာ၊ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့နှင့် The Belarusian Institute of Strategic Research (BISR) တို့အကြား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနနှင့် JSC “Development Bank of the Republic of Belarus” တို့အကြား ချေးငွေဆိုင်ရာ မူဘောင်သဘောတူစာချုပ်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ပြန်ကြားရေးဝန်ကြီး ဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(MRTV) နှင့် ဘယ်လာရုစ်နိုင်ငံ၊ နိုင်ငံပိုင်ရုပ်မြင် သံကြားနှင့် အသံလွှင့်ကုမ္ပဏီတို့အကြား ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် စသည့် နားလည်မှုစာချွန်လွှာနှင့် သဘောတူညီချက် ၉ ခုတို့ကို ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများက ဘယ်လာရုစ်သမ္မတ နိုင်ငံဘက်မှ သက်ဆိုင်ရာဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတတို့ရှေ့မှောက်၌ လဲလှယ်ခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတတို့သည် မီဒီယာများအား နှစ်နိုင်ငံပူးတွဲကြေညာချက် များကို အပြန်အလှန်ပြောကြားကြပြီး အဆိုပါ ပြောကြားချက်များကို သီးခြားဖော်ပြ သွားမည် ဖြစ်သည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား ဘယ်လာရုစ် သမ္မတနိုင်ငံသမ္မတက အလုပ်သဘောနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ နေ့လယ် စာ သုံးဆောင်နေစဉ်အတွင်း ဘယ်လာရုစ်နိုင်ငံ သံစုံတီးဝိုင်းက နှစ်နိုင်ငံ တေးသံသာ များဖြင့် တီးမှုတ်ဖျော်ဖြေခဲ့ကြသည်။
အခမ်းအနားများအပြီးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတ ဦးမင်အောင်လှိုင်အား ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတက မော်တော်ယာဉ် အနီးသို့ ရင်းရင်းနှီးနှီးလိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)




