ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုတို့ မီဒီယာများနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံပူးတွဲကြေညာချက်များနှင့် အပြန်အလှန် ပြောကြားချက်များ (၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၁ ရက်)

Monday, August 24, 2026 - 06:30

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုတို့ မီဒီယာများနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံပူးတွဲကြေညာချက်များနှင့် အပြန်အလှန် ပြောကြားချက်များ

(၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၁ ရက်၊ မင့်စ်မြို့)

 

လေးစားအပ်ပါသော အဆွေတော် သမ္မတကြီး ဦးမင်းအောင်လှိုင်နဲ့တကွ အခမ်း အနားကို တက်ရောက်လာကြသူများ အားလုံးကို မင်္ဂလာပါလို့ နှုတ်ဆက်ချင်ပါတယ်။ ကျွန်တော်တို့ ဒီနေ့ တွေ့ဆုံမှုမှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတကြီး ဦးမင်းအောင်လှိုင်နဲ့အတူ ဆွေးနွေးမှုများကို အောင်မြင်စွာ ဆွေးနွေးနိုင်ခဲ့ တယ်ဆိုတာ ကျွန်တော့်အနေနဲ့ ပြောကြားလိုပါတယ်။

အဓိက ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကတော့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် ရေး လုပ်ငန်းတွေကို တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ကျွန်တော်တို့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ စီးပွားရေးဆိုင်ရာ ကဏ္ဍများ၊ စိုက်ပျိုးရေးဆိုင်ရာ ကဏ္ဍများ၊ အခြားသော ကဏ္ဍပေါင်းစုံ အခန်းကဏ္ဍများကို တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ကျွန်တော်တို့ ဒီနေ့ ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်ပြီးတော့ ဆက်လက်ဆောင် ရွက်ရမယ့် လုပ်ငန်းတွေ အများကြီးရှိပါတယ်။ ဒီလုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့ အတွက်လည်း ဘယ်လာရုစ်ဘက်က အဆင်သင့်ရှိကြောင်းလည်း ပြောလိုပါတယ်။ လက်ရှိတိုးတက်နေတဲ့ ခေတ်ကြီးမှာ ကျွန်တော်တို့ ဘယ်လာရုစ်နိုင်ငံအနေနဲ့ မြန်မာ နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းတွေကို အထောက်အကူပြုသွားမယ်လို့လည်း ပြောလိုပါတယ်။ လက်ရှိ ၂၁ ရာစုမှာ နိုင်ငံရေး သဘောတရားတွေ အများကြီး ပြောင်းလဲ နေပေမဲ့လည်း ကျွန်တော်တို့ နှစ်နိုင်ငံကြားမှာရှိတဲ့ ယုံကြည်မှု၊ ခင်မင် ရင်းနှီးမှုကြောင့် နိုင်ငံရေးအရရော၊ စီးပွားရေးအရရော ကဏ္ဍပေါင်းစုံမှာ ကျွန်တော်တို့ ပူးပေါင်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ဒီဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ နှစ်စဉ်နှစ်တိုင်း ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။ အပြန်အလှန် ခရီးစဉ်တွေလည်း သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ အခုနှစ်အတွက် ဆွေးနွေးမှုထဲမှာ အရေးအကြီးဆုံးအချက်ကတော့ နှစ်နိုင်ငံကြားမှာ သံတမန် ဆက်ဆံ ရေးကို အဆင့်မြှင့်တင်ဖို့အတွက် နှစ်နိုင်ငံကြားမှာ သံရုံးများကို အပြန်အလှန် ဖွင့်လှစ် သွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို လုပ်ဆောင်တဲ့အချိန်မှာ ၂၀၂၆-၂၀၂၈ Roadmap ကို အခြေခံပြီးတော့ ပူးပေါင်းဆောင်ရွက်သွားတာ ဖြစ်ပါတယ်။ ဒီလို မျိုး ပူးပေါင်းဆောင်ရွက်မှုကို အကောင်အထည်ဖော်ဖို့အတွက် နှစ်နိုင်ငံအကြား စီးပွားရေး ဆိုင်ရာ ပူးတွဲကော်မရှင်များနဲ့ အခြားပူးတွဲကော်မရှင်များကနေ အခြေခံပြီးတော့ အဓိက ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတွေကို တက်တက် ကြွကြွ ဆောင်ရွက်မှသာ မိမိတို့အနေနဲ့ ရှေ့ဆက်သွားမယ့် ဆက်ဆံရေးမှာလည်း အား လုံး အဆင်ပြေမယ်လို့လည်း ကျွန်တော် ပြောလိုပါတယ်။

ကျွန်တော်တို့အနေနဲ့ လက်ရှိအခြေအနေမှာ စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင် ရွက်မှုများ၊ စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနဲ့ သိပ္ပံနှင့် နည်းပညာ အခန်းကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများကို လက်တွေ့မြေပြင်မှာ အကောင် အထည် ဖော်နေပြီ ဖြစ်ပါတယ်။ လာမယ့်နှစ်မှာ ခုနက ပြောသွားတဲ့ ဒီအချက်အလက် တွေ အားလုံးကို ပိုမိုပြီးတော့ မြှင့်တင်ဆောင်ရွက်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်။

ကျွန်တော်တို့ ဘယ်လာရုစ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ လူသားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ဖို့အတွက် မြန်မာနိုင်ငံက ကျောင်းသားတွေကို ဘယ်လာရုစ်နိုင်ငံမှာ ရှိတဲ့ တက္ကသိုလ်တွေမှာ သက်ဆိုင်ရာ ဘာသာရပ်များအလိုက် သင်ကြားသွားမှာ ဖြစ်ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံနဲ့ ကျွန်တော်တို့ ဘယ်လာရုစ်နိုင်ငံကြားမှာ နှစ်နိုင်ငံ ပါလီမန် အချင်းချင်း ဆက်ဆံမှု၊ နှစ်နိုင်ငံ နိုင်ငံရေးပါတီများအကြား ဆက်ဆံမှုကိုလည်း ဆက်လက် တိုးမြှင့်သွားမယ်လို့ ပြောလိုပါတယ်။

ကျွန်တော်တို့အနေနဲ့ အခုနှစ် ဇူလိုင်လ ၈ ရက်နေ့မှာ နှစ်နိုင်ငံ အပြန်အလှန် ဗီဇာ ကင်းလွတ်ခွင့်ကို ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ပြီးတဲ့ နောက်ပိုင်းမှာ နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းတွေတင်မကဘဲ တခြားသော ကဏ္ဍများ တိုးတက် ဖွံ့ဖြိုးဖို့ ရည်ရွယ်ပြီးတော့ ဒီကိစ္စကို ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ဒီလိုမျိုး ဆောင်ရွက် ခြင်းအားဖြင့် နှစ်နိုင်ငံအကြား တစ်ဦးနဲ့ တစ်ဦး ဆက်သွယ်မှုတွေ ပိုမိုများပြားလာမယ်၊ ဆက်သွယ်မှုများပြားလာတဲ့ နောက်ပိုင်းမှာ ဆက်ဆံရေးတွေကိုလည်း ပိုမို ကောင်းမွန် အောင် တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက် ဖြစ်တဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ကျေးဇူးတင် ရှိကြောင်းလည်း ပြောလိုပါတယ်။ အဓိကကတော့ သူအနေနဲ့ ကျွန်တော်တို့ နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်ဆံရေးတွေကို တည်ဆောက်တဲ့အခါမှာ ပုဂ္ဂိုလ် ရေးအရ အားတက်သရော ဆောင်ရွက်ခဲ့သလို မပြောင်းလဲတဲ့ သဘောတရားနဲ့ အခု ချိန်ထိ ကျွန်တော်တို့အပေါ်မှာ ဆက်ဆံပေးနေတဲ့အတွက်လည်း ကျေးဇူးတင် ကြောင်း ပြောလိုပါတယ်။

အဆွေတော် သမ္မတကြီးခင်ဗျာ၊ ကျွန်တော့်အနေနဲ့ ဒီနေ့ ထပ်ပြီးတော့ သတင်းစာ ရှင်းလင်းပွဲမှာ အာမခံနိုင်တာကတော့ အဆွေတော် သမ္မတကြီးနဲ့ ကျွန်တော်နဲ့ ဒီနေ့ ဆွေးနွေးခဲ့တဲ့ အချက်အလက်တွေ၊ အခုလာရောက်တဲ့ ခရီးစဉ်မှာ ဆွေးနွေးခဲ့တဲ့ သဘော တူညီချက်တွေ အားလုံးကို ကျွန်တော်တို့ ဘယ်လာရုစ်ဘက်ကနေပြီးတော့ ဗျူရိုကရက် တစ်ယန္တရားကို ကျော်လွန်ပြီးတော့ အမြန်ဆုံး အကောင်အထည်ဖော်နိုင်အောင် ဆောင် ရွက်မယ်လို့ အာမခံပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။ အဆွေတော် သမ္မတကြီး အနေနဲ့ ပြောကြားပေးပါ ခင်ဗျာ။

 

အဆွေတော်ဘယ်လာရုစ်သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာ အလက်ဇန္ဒားလူကာရှန်ကိုနဲ့ နှစ်ဖက်ကိုယ်စားလှယ်များ၊ မီဒီယာအဖွဲ့ဝင်များအားလုံး မင်္ဂလာပါခင်ဗျာ

ကျွန်တော့်အနေနဲ့ ဘယ်လာရုစ်သမ္မတကြီးရဲ့ ဖိတ်ကြားချက်အရ ဘယ်လာရုစ် သမ္မတနိုင်ငံကို တရားဝင် ချစ်ကြည်ရေးခရီးစဉ်အဖြစ် စတုတ္ထအကြိမ် လာရောက် ခြင်းဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ဘယ်လာရုစ်နိုင်ငံတို့ဟာ ပထဝီအနေအထားအရ အလှမ်းကွာဝေး ပေမယ့် သံတမန်ဆက် သွယ်ထားတဲ့ ဆယ်စုနှစ်(၃)ခု နီးပါးကာလမှာ အပြန် အလှန်လေးစားမှု၊ နားလည်ယုံကြည်မှုတို့အပေါ် အခြေ ခံထားတဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့ပါတယ်။

ဒီလိုကောင်းမွန်တဲ့ ဆက်ဆံရေးဟာ မကြာသေးမီနှစ် များမှာ အရှိန်အဟုန်နဲ့ ပိုမိုတိုးတက်လာခဲ့ပါတယ်။ နှစ်နိုင်ငံအကြီးအကဲတွေအကြား အပြန်အလှန်ခရီးစဉ် တွေရှိခဲ့ပြီး ခေါင်းဆောင်ပိုင်းသာမက၊ အဆင့်အသီးသီး နဲ့ နယ်ပယ်အသီးသီးမှာပါ နီးကပ်တဲ့ဆက်ဆံမှုများနဲ့ ပူးပေါင်းဆောင်ရွက်မှုတို့ ပိုမိုနက်ရှိုင်းလာခဲ့တာကို တွေ့ရှိရ ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ်ဟာ နှစ်နိုင်ငံဆက်ဆံရေးသမိုင်း ကြောင်းမှာ အလွန်ထူးခြား လေးနက်တဲ့နှစ်တစ်နှစ်လို့ ပြောချင်ပါတယ်။

၂၀၂၅ ခုနှစ် မတ်လမှာ ကျွန်တော့်အနေနဲ့ ဘယ်လာရုစ် နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီးစဉ် လာရောက်ခဲ့ပြီး၊ နိုဝင်ဘာလမှာ အဆွေတော်သမ္မတကြီးကလည်း မြန်မာနိုင်ငံကို တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် ပြန်လည်လာရောက်လည်ပတ်ခဲ့ပါ တယ်။

ခရီးစဉ်များအတွင်းမှာ နှစ်နိုင်ငံအနာဂတ်ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင် နိုင်ရေးအတွက် သဘော တူညီချက်များစွာကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။

ယခုခရီးစဉ်မှာလည်း နှစ်နိုင်ငံအကြားသဘောတူ စာချုပ်နဲ့ နားလည်မှုစာချွန်လွှာ ၉ ခုကိုလည်း လက်မှတ်ရေးထိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။

သမ္မတကြီးနဲ့ ယနေ့တွေ့ဆုံမှုမှာ ကျွန်တော်တို့ နှစ်နိုင်ငံ အကြား လက်မှတ်ရေး ထိုးထားတဲ့ သဘောတူညီချက်များကို အရှိန်အဟုန်နဲ့ ဆက်လက်အကောင် အထည်ဖော်နိုင်ရေးအတွက် တွန်းအားပေး ဆောင်ရွက်သွားပါမယ်။

ဒါ့အပြင် မြန်မာနိုင်ငံနဲ့ ဘယ်လာရုစ်နိုင်ငံတို့အကြား နှစ်နိုင်ငံဆက်ဆံရေးက အရှိန်အဟုန်ကို ထိန်းသိမ်း ထားပြီး၊ ကဏ္ဍစုံမှာ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တွေ ပိုမိုချဲ့ထွင်နိုင်မယ့် အလားအလာများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်နိုင် ခဲ့ကြပါတယ်။

ယခုဆိုရင် မြန်မာနိုင်ငံမှာ ဥပဒေပြုလွှတ်တော်တွေ လည်းပေါ်ပေါက်လာပြီ ဖြစ်တဲ့အတွက် ကျွန်တော်တို့ နှစ်နိုင်ငံအစိုးရအကြားမှာသာမက လွှတ်တော်အချင်း ချင်း ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်နိုင်ဖို့ ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

အလားတူ ကာကွယ်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ သိပ္ပံနှင့်နည်းပညာ၊ ကျန်းမာရေး၊ ပညာရေး၊ စက်မှု၊ အာကာသအပါအဝင် နှစ်ဖက်အကျိုး ဖြစ်ထွန်းစေမယ့် ကဏ္ဍစုံမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဆောင်ရွက်ဖို့ ဆွေးနွေးနိုင်ခဲ့ကြပါတယ်။

နှစ်နိုင်ငံအကြား ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်ပေးရေး ဆိုင်ရာ သဘောတူ စာချုပ်ဟာလည်း ဇူလိုင်လအတွင်းက အသက်ဝင်ခဲ့ပြီဖြစ်တဲ့အတွက် ခရီးသွားကဏ္ဍမှာ ပိုမို ပူးပေါင်းဆောင်ရွက်နိုင်မယ့် အလားအလာများနဲ့ နှစ်နိုင်ငံ ပြည်သူတွေအကြား ကူးလူးဆက်ဆံမှုမြှင့်တင်နိုင်မယ့် အလားအလာများကို ဆွေးနွေးနိုင်ခဲ့ကြပါတယ်။

ဒါ့အပြင် ကျွန်တော်တို့ သမ္မတနှစ်ဦးဟာ ဒေသတွင်းနဲ့ မျက်မှောက်ခေတ် နိုင်ငံ တကာရေးရာကိစ္စရပ်များ အပေါ်လည်း ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြပြီး၊ နိုင်ငံတကာ မျက်နှာစာတွင် အပြန်အလှန် ထောက်ခံ အမှီသဟဲပြု ဆက်လက်ရပ်တည်သွားရေးကို ဆွေးနွေးခဲ့ကြပါတယ်။

ယခု ခရီးစဉ်အတွင်းမှာ ထူးခြားချက်တစ်ရပ်ကတော့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ကို မြန်မာသံရုံးအဖြစ် တရားဝင်အဆင့်မြှင့်တင်နိုင်ခဲ့ပြီး ဒီနေ့မှာ ဖွင့်လှစ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း မကြာခင်မှာ ဘယ်လာရုစ် သံရုံးကို လာရောက်ဖွင့်လှစ်မှာဖြစ်တဲ့အတွက် ကြိုဆို လျက်ရှိကြောင်း ပြောကြားလိုပါတယ်။

မြန်မာနိုင်ငံဟာ အရှေ့အာရှ၊ တောင်အာရှနဲ့ အရှေ့တောင် အာရှကို ချိတ်ဆက် ထားတဲ့ ကုန်းမြေနယ်မြေပေါင်းကူး တံတားတစ်ခုသဖွယ်ဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာနဲ့ အိန္ဒိယသမုဒ္ဒရာနှစ်ခုတို့ကို ဆက်စပ်ပေး ထားတဲ့အတွက် ပင်လယ်ရေကြောင်း ပို့ဆောင်ရေးမှာ အချက်အချာကျတဲ့နေရာမှာ တည်ရှိနေပါတယ်။ စိုက်ပျိုးမြေဧက ၃၃ သန်းကျော်ရှိပြီး လုပ်သားအင်အားနဲ့ ၁၂ လရာသီပတ်လုံး စိုက်ပျိုးမွေးမြူရေးလုပ်လို့ရတဲ့ ကောင်းမွန်တဲ့ ရာသီဥတု ရှိပါတယ်။

ဒီလိုရင်းနှီးမြှုပ်နှံဖို့ အခွင့်အလမ်းကောင်းတွေရှိတဲ့ မြန်မာနိုင်ငံမှာ ဘယ်လာရုစ် နိုင်ငံမှ နယ်ပယ်ကဏ္ဍစုံက စီးပွားရေးလုပ်ငန်းရှင်တွေ၊ အထူးသဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ စက်မှုစတဲ့ကဏ္ဍတွေမှာ လာရောက် ရင်းနှီးမြှုပ်နှံဖို့ ထပ်မံဖိတ်ခေါ်ခဲ့ပါ တယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာရှိတဲ့ အထူးစီးပွားရေးဇုန်တွေ အနက် စီးပွားရေးအချက် အချာကျတဲ့ ရန်ကုန်မြို့က သီလဝါအထူးစီးပွားရေးဇုန်မှာ ဘယ်လာရုစ်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံဖို့ကိုလည်း ဖိတ်ခေါ်ခဲ့ပါတယ်။

သမ္မတကြီးနဲ့ နှစ်ဖက်ကိုယ်စားလှယ်များ၊ မီဒီယာ အဖွဲ့ဝင်များခင်ဗျာ -ကျွန်တော်တို့အနေနဲ့ မိတ်ဆွေရင်း၊ မိတ်ဆွေကောင်းဖြစ်တဲ့ ဘယ်လာရုစ်နိုင်ငံနဲ့ ချစ်ကြည်ရင်း နှီးတဲ့ ဆက်ဆံရေးနဲ့ တိုးတက်ဖြစ်ထွန်းနေတဲ့ ကဏ္ဍစုံ ပူးပေါင်း ဆောင်ရွက်မှုတွေကို အနာဂတ်ကာလမှာ ဆက်လက်ထိန်းသိမ်း တိုးမြှင့်နိုင်ဖို့ သမ္မတကြီး လူကာရှန်ကို၊ ဘယ်လာရုစ် အစိုးရ၊ ပြည်သူတွေနဲ့ အတူတကွ လက်တွဲဆောင်ရွက် သွားမှာဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ် အပ်ပါတယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။