ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်   ဘယ်လာရုစ်သမ္မတနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌနှင့် အထက်လွှတ်တော်ဥက္ကဋ္ဌ တို့အား ပူးတွဲတွေ့ဆုံဆွေးနွေး နေပြည်တော်၊     ဩဂုတ်    ၂၁

Monday, August 24, 2026 - 06:30

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်   ဘယ်လာရုစ်သမ္မတနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌနှင့် အထက်လွှတ်တော်ဥက္ကဋ္ဌ တို့အား ပူးတွဲတွေ့ဆုံဆွေးနွေး

နေပြည်တော်၊     ဩဂုတ်    ၂၁

 

ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့တွင် တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် ဘယ်လာရုစ်သမ္မတနိုင်ငံ အောက်လွှတ် တော်ဥက္ကဋ္ဌ H.E. Mr. Igor Petrovich Sergeenko နှင့် အထက်လွှတ်တော်ဥက္ကဋ္ဌ H.E. Ms. Natalya Kochanova တို့အား မင့်စ်မြိုရှိ အမျိုးသားလွှတ်တော်၌ ပူးတွဲတွေ့ဆုံ ဆွေးနွေးသည်။

ဦးစွာ နိုင်ငံတော်သမ္မတသည် တွေ့ဆုံပွဲကျင်းပပြုလုပ်မည့် ဘယ်လာရုစ်နိုင်ငံ အမျိုးသားလွှတ်တော်အဆောက်အဦသို့ ရောက်ရှိရာ ဘယ်လာရုစ်နိုင်ငံ အောက်လွှတ် တော်ဥက္ကဋ္ဌနှင့် အထက်လွှတ်တော်ဥက္ကဋ္ဌ တို့က ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြပြီး နိုင်ငံတော်သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးတို့သည် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

ယင်းနောက် အစည်းအဝေးခန်းမ၌တွေ့ဆုံ၍ မြန်မာနိုင်ငံသည် ဘယ်လာရုစ် နိုင်ငံ၏ အရှေ့တောင်အာရှတွင် ယုံကြည်စိတ်ချရသည့် မိတ်ဆွေနိုင်ငံတစ်ခုဖြစ်မှုနှင့် နိုင်ငံ့ခေါင်းဆောင် အချင်းချင်း ချစ်ကြည်ရင်းနှီးပြီး အပြန်အလှန်ယုံကြည်မှုနှင့် ပူးပေါင်း‌ဆောင်ရွက်မှုများ ခိုင်မာကောင်းမွန်လျက်ရှိမှု၊ မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာလမ်းပြမြေပုံ (၂၀၂၆-၂၀၂၈) ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ယခုခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စာချုပ်များနှင့် နားလည်မှု စာချွန်လွှာများကို လက်မှတ်ရေးထိုးနိုင်ခဲ့မှု၊ နှစ်နိုင်ငံပြည်သူများ၏ အကျိုးအတွက် နှစ်နိုင်ငံနှင့် လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင် ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံအနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန် ကူညီထောက်ခံဆောင်ရွက်ပေးလျက်ရှိမှု၊ ဘယ်လာရုစ်နိုင်ငံတွင် ရွေးကောက်ပွဲကျင်းပစဉ်က မြန်မာနိုင်ငံမှ ရွေးကောက် ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့များ လာရောက်လေ့လာခဲ့သကဲ့သို့ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပချိန် ကလည်း ဘယ်လာရုစ်နိုင်ငံမှ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးအဖွဲ့များ စေလွှတ်လေ့လာခဲ့မှုနှင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့မှု အပေါ် ဘယ်လာရုစ်လွှတ်တော်အနေဖြင့် ဝမ်းမြောက်ဂုဏ်ယူမှု၊  နှစ်နိုင်ငံ လွှတ်တော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် လွှတ်တော်နှစ်ရပ် အကြားချစ်ကြည်ရေးအဖွဲ့ကို ဖွဲ့စည်းထားရှိမှု၊ လွှတ်တော်နှစ်ရပ် အကြားအပြန်အလှန် လေ့လာရေးခရီးစဉ်များ ဆောင်ရွက်သွားမည့်အခြေအနေများ၊ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များတွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား အဖွဲ့အစည်းများ၊ လူငယ်လူရွယ်နှင့်အမျိုးသမီးရေး ရာအဖွဲ့အစည်းများ အကြားပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင် ဆောင်ရွက်သွားမည့် အခြေအနေနှင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုမြှင့်တင် ရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတအား ဘယ်လာရုစ်နိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ များက ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)