တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး  ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ မြဘုရား  သို့ သွားရောက်ဖူးမြော်ကြည်ညို၊ ထိုင်းဘုရင့်တပ်မတော်(လေ)အမျိုးသားလေကြောင်း ထိန်းသိမ်းမှုပြတိုက်နှင့် ထိုင်းဘုရင့်တပ်မတော်ဖွံ့ဖြိုးရေး ဌာနချုပ် သို့

Monday, August 24, 2026 - 06:30

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး  ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ မြဘုရား  သို့ သွားရောက်ဖူးမြော်ကြည်ညို၊ ထိုင်းဘုရင့်တပ်မတော်(လေ)အမျိုးသားလေကြောင်း ထိန်းသိမ်းမှုပြတိုက်နှင့် ထိုင်းဘုရင့်တပ်မတော်ဖွံ့ဖြိုးရေး ဌာနချုပ် သို့ သွားရောက်လေ့လာ

နေပြည်တော်၊ ဩဂုတ် - ၂၁

 

(၉)ကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (9th Thailand- Myanmar High Level Committee Meeting ) ကို တက်ရောက်ခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဦးဆောင်သည့် မြန်မာ့ တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၊ ထိုင်းဘုရင့်နန်းတော်ဝင်းအတွင်းရှိ မြဘုရား(Temple of Emerald Buddha)သို့သွား ရောက်ဖူးမြော်ကြည်ညိုသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ထိုင်းဘုရင့် နန်းတော်သို့ရောက်ရှိကြရာ ထိုင်းဘုရင့်နန်းတွင်းကိုယ်စားလှယ်အရာရှိကြီးများမှ လှိုက် လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ထိုင်းဘုရင့် နန်းတော်ဝင်းအတွင်း လှည့်လည်ကြည့်ရှုကြရာ တာဝန်ရှိသူများက ဘုရင့်နန်းတော် ဆိုင်ရာများနှင့် မြဘုရားဆိုင်ရာတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မြဘုရားကျောင်းဆောင် အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်းမန်ဆက်ကပ်၍ ဖူးမြော်ကြည်ညိုသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မြဘုရားအတွက် ဘက်စုံအလှူ တော်ငွေများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး ဓမ္မလက်ဆောင် ပြန်လည်ပေးအပ်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မြဘုရား ကျောင်းဆောင်အား လက်ယာရစ်လှည့်လည်ပူဇော်ပြီး တာဝန်ရှိသူများက မြဘုရားနှင့် သာသနိက အဆောက်အဦများ၏သမိုင်းကြောင်းများ ရှင်းလင်းတင်ပြမှုအပေါ် သိရှိလို သည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။

ထိုအပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ယနေ့ မွန်းလွဲပိုင်းတွင် ဒွန်မောင်းခရိုင်ရှိ ထိုင်းဘုရင့်တပ်မတော်(လေ)အမျိုးသားလေကြောင်း ထိန်းသိမ်းမှုပြတိုက် သို့ သွားရောက် လေ့လာကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြတိုက်သို့ ရောက်ရှိကြရာ ပြတိုက်တာဝန်ခံနှင့်တာဝန်ရှိသူများကကြိုဆိုကြသည်။ ထို့နောက် တာဝန်ရှိသူတစ်ဦးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ပြတိုက်ဆိုင်ရာ အချက် အလက်များကိုရှင်းလင်းတင်ပြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြတိုက် အတွင်း/အပြင်ရှိ ပြကွက်များတွင် ပြသထားသည့် လေယာဉ်များ၊ တိုက်လေယာဉ်များ၊ ဟယ်လီကော်ပတာများ၊ ထိုင်းဘုရင့်မိသားစုနှင့် အထူးဧည့်သည်တော်များ စီးနင်းခဲ့ သည့် သမိုင်းဝင် အထူးလေယာဉ်များ၊ လေယာဉ်မောင်းနှင်မှု ပုံစံတူစက်များ၊ လေတပ် စကားပြောစက်များ၊ လက်နက် ကိရိယာများနှင့် စစ်ဝတ်စုံများ၏ ပြောင်းလဲလာပုံ များကို လေ့လာကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်း လင်းပြသကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ထိုင်းဘုရင့် တပ်မတော်(လေ)အမျိုးသားလေကြောင်းထိန်းသိမ်းမှုပြတိုက်မှ တာဝန်ရှိသူများနှင့် အတူ စုပေါင်းဓာတ်ပုံရိုက်ကြပြီး လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြ သည်။ 

        အဆိုပါ ထိုင်းဘုရင့်တပ်မတော်(လေ) အမျိုးသားလေကြောင်း ထိန်းသိမ်းမှု ပြတိုက် (National Aviation Museum of the Royal Thai Air Force)သည် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၊ Don Mueang ခရိုင်ရှိ ဒွန်မောင်း ထိုင်းဘုရင့် လေတပ် စခန်း၌တည်ရှိပြီး  ထိုင်းဘုရင့်တပ်မတော်(လေ)မှ အသုံးပြုခဲ့သည့် လေယာဉ် အမျိုး မျိုးနှင့် အခြားသောလေကြောင်းဆိုင်ရာကိရိယာများကို စုဆောင်းရန်၊ ထိန်းသိမ်း ရန်နှင့် ပြန်လည်ပြင်ဆင်မွမ်းမံရန်ရည်ရွယ်၍ ၁၉၅၂ ခုနှစ်တွင် စတင်ဖွင့်လှစ် ခဲ့ခြင်း ဖြစ်ကြောင်း၊  ထိုင်းနိုင်ငံ၏ ပထမဆုံးဒီဇိုင်းရေးဆွဲထုတ်လုပ်ခဲ့သော ဗုံးကြဲ လေယာဉ် Baribatra Bomber ၊ ကမ္ဘာပေါ်တွင် နောက်ဆုံးကျန်ရှိတော့သည့် Curtiss Hawk III နှင့် Tachikawa Ki-36 ကဲ့သို့သော ဒုတိယကမ္ဘာစစ်ခေတ် ရှားပါး စစ်လေယာဉ်များ၊ F-5A ၊ F-16A နှင့် Gripen တိုက်လေယာဉ်များ၊ စစ်ဘက်သုံး ရဟတ်ယာဉ်များ၊ သယ်ယူပို့ ဆောင်ရေးလေယာဉ်များကို ခင်းကျင်းပြသထားပြီး လေတပ်စခန်းသုံးပစ္စည်းများ၊ ခေတ်အဆက်ဆက် လေသူရဲယူနီဖောင်းများ၊ စစ်ဘက်သုံးဆက်သွယ်ရေး ကိရိယာများ နှင့် လေကြောင်းဆိုင်ရာ စာကြည့်တိုက် တို့ကိုလည်းထည့်သွင်းပြသထားကြောင်း သိရှိ ရသည်။

အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွဲပိုင်းတွင်လည်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ထိုင်းဘုရင့်တပ်မတော်ဖွံ့ဖြိုးရေး ဌာနချုပ် သို့သွားရောက် လေ့လာကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ထိုင်းဘုရင့် တပ်မတော်ဖွံ့ဖြိုးရေးဌာနချုပ်သို့ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက် ကြသည်။ ယင်းနောက်ဌာနချုပ်အစည်းအဝေးခန်းမတွင် တော်ဝန်စီမံကိန်းဖွံ့ဖြိုး တိုးတက် ရေးရုံးညွှန်ကြားရေးမှူးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဌာနချုပ် သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များမှတ်တမ်းဗီဒီယိုကိုပြသသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဌာနချုပ် အတွင်ရှိ ထိုင်းဘုရင်များ၏ သမိုင်းကြောင်းဆိုင်ရာပြခန်းများ၊ ရေစီမံခန့်ခွဲမှုနှင့် တော်ဝင်စီမံကိန်းအရ တည်ဆောက်ခဲ့သောဖွံ့ဖြိုးရေးလေ့လာရေး စင်တာများပြခန်း၊ ဖွံ့ဖြိုးရေးစီမံကိန်းကွန်ရက်ရှိ နယ်စပ်ဒေသများရှိ အခြေခံအဆောက်အအုံ တည် ဆောက်ရေးဆိုင်ရာ ဒေတာများနှင့် စီမံကိန်းတိုးတက်မှု ပြသထားသည့် မြေပုံ/ စနစ်များပြခန်း၊  အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာစက်ယန္တရားများ၊ ဆက်သွယ်ရေးနှင့် နည်းပညာပြခန်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ဆင်ရေးဗဟိုဌာနပြခန်းတို့ကို  စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်း လင်းပြသ ကြသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ထိုင်းဘုရင့် တပ်မတော်ဖွံ့ဖြိုးရေး ဌာနချုပ်မှတာဝန်ရှိသူများနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်ကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။

ထို့အတူ ခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ်လိုက်ပါလာသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်နီလာသည်  အဖွဲ့ဝင်များလိုက်ပါ၍ ဩဂုတ် ၁၉ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ  စစ်မှုထမ်းဟောင်း အထွေထွေရောဂါကုဆေးရုံကြီး (Veterans General Hospital) သို့သွားရောက် ကြည့်ရှုလေ့လာကြသည်။

        ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်နီလာ နှင့်အဖွဲ့ဝင်များသည် စစ်မှုထမ်းဟောင်း အထွေထွေရောဂါကုဆေးရုံကြီးသို့ ရောက်ရှိကြရာ ဆေးရုံမှ တာဝန် ရှိသူများက  ဆေးရုံအစည်းအဝေးခန်းမတွင် ဆေးရုံသမိုင်း မှတ်တမ်း ဆိုင်ရာများ၊ ဆေးဝါး ကုသပေးမှုနှင့် လုပ်ငန်းဆောင်ရွက်ချက်များကို Video Presentation ဖြင့် ရှင်းလင်း တင်ပြမှုကိုကြည်ရှုကြသည်။ ယင်းနောက် ဆေးရုံအတွင်း သစ်သားပန်းပုနှင့် ထိုင်းရိုးရာ Oshie လက်မှုအနုပညာ လုပ်ဆောင်မှုများကို လေ့လာ ကြည့်ရှုခဲ့ကြသည်။

အဆိုပါ စစ်မှုထမ်းဟောင်း အထွေထွေရောဂါကုဆေးရုံကြီး (Veterans General Hospital-VGH) သည် ဗန်ကောက်မြို့၊ Phaya Thai မြို့နယ်ရှိ Vibhavadi Rangsit လမ်းမကြီးပေါ်တွင်တည်ရှိသော အစိုးရအထူးကုဆေးရုံကြီးတစ်ခုဖြစ်ပြီး စစ်မှုထမ်း ဟောင်းများစောင့်ရှောက်ရေးအဖွဲ့အစည်း (War Veterans Organization of Thailand-WVO)၏လက်အောက်တွင် စစ်ပွဲများနှင့် တာဝန်ထမ်းဆောင်စဉ် ထိခိုက် ဒဏ်ရာရရှိခဲ့ကြသော စစ်မှုထမ်းဟောင်းများ၊ မသန်စွမ်းဖြစ်သွားခဲ့သည့် ရဲဘော်များနှင့် ၎င်းတို့၏ မိသားစုဝင်များကို ဆေးကုသမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများစနစ် တကျထောက်ပံ့ကူညီပေးနိုင်ရန် ၁၉၇၀ ပြည့်နှစ်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။