ကရင်ပြည်နယ်၊ မြဝတီမြို့၊ လှိုင်းဘွဲ့မြို့၊ ကြာအင်းဆိပ်ကြီးမြို့နှင့် မွန်ပြည်နယ်၊ ရေးမြို့နယ်တို့၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်သဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် နေပြည်တော်၊ ၂၀၂၆ ဩဂုတ် ၂၁

Monday, August 24, 2026 - 06:30

 

ကရင်ပြည်နယ်၊ မြဝတီမြို့၊ လှိုင်းဘွဲ့မြို့၊ ကြာအင်းဆိပ်ကြီးမြို့နှင့် မွန်ပြည်နယ်၊ ရေးမြို့နယ်တို့၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်သဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၆ ဩဂုတ် ၂၁

           ကရင်ပြည်နယ်အတွင်းရှိ မြို့၊ ရွာအချို့၌ မိုးအဆက် မပြတ်ရွာသွန်းမှုများ ကြောင့် ယနေ့နံနက်ပိုင်းမှစ၍ မြဝတီမြို့နယ်ရှိ ရပ်ကွက် ၅ ခု၌လည်းကောင်း၊ လှိုင်းဘွဲ့ မြို့နယ်အတွင်းရှိ ရပ်ကွက် ၂ ခု၌လည်းကောင်း၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ အမှတ်(၆) ရပ်ကွက်အတွင်း၌လည်းကောင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။

           အဆိုပါရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့် မြို့နယ် ၃ မြို့နယ်ရှိ ရပ်ကွက် ၈ ခုမှ ရေဘေးသင့်ပြည်သူ ၂၅၃၃ ဦးအား တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက ရေဘေးကင်း လွတ်ရာနေရာများသို့ ရွှေ့ပြောင်းကူညီပေးခြင်းများကို ချက်ချင်းသွားရောက် ဆောင်ရွက်ပေးပြီး ယာယီ ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပေးကာ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခြင်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိသည်။

           အလားတူ မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း၌လည်း ယနေ့မွန်းလွဲပိုင်းမှ စတင်၍ မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် မြေနိမ့်ပိုင်းရပ်ကွက် ၂ ခု၌ ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ရေဘေးသင့်ပြည်သူ ၂၇၃ ဦးအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက ရေဘေးကင်းလွတ်ရာနေရာများသို့ ရွှေပြောင်းပေးပြီး ယာယီကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပေးကာ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးခြင်း၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။