ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့မှ မော်တော်ယာဉ်များအား ကားသော့အတုများ အသုံးပြု၍ ခိုးယူခဲ့သူ တရားခံအမျိုးသားတစ်ဦးအား သက်သေခံမော်တော်ယာဉ် ၆ စီးနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ နေပြည်တော်၊ ဩဂုတ် ၂၁

Monday, August 24, 2026 - 06:30

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့မှ မော်တော်ယာဉ်များအား ကားသော့အတုများ အသုံးပြု၍ ခိုးယူခဲ့သူ တရားခံအမျိုးသားတစ်ဦးအား သက်သေခံမော်တော်ယာဉ် ၆ စီးနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်၊ ဩဂုတ် ၂၁

          ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်နေ ဦးစိုးခိုင်ဦး(၅၆)နှစ်သည် ဩဂုတ်လ ၁၁ ရက်နေ့ ညပိုင်းတွင် ၎င်းပိုင် YGN-44 7G-3513 TOYOTA TOYOACE LYZ 30 LIGHT TRUCK မော်တော်ယာဉ်အား အမှတ်(၃)ရပ်ကွက်၊ အေးရိပ်မွန်(၂)လမ်းနှင့် ရတနာမွန်(၅)လမ်းထောင့်တွင် ညအိပ်ရပ်ထားခဲ့ရာမှ ဩဂုတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် မော်တော်ယာဉ်ရပ်ထားသည့် နေရာသို့ သွားရောက်ကြည့်ရှုခဲ့ရာ မော်တော်ယာဉ်အား တွေ့ရှိခြင်းမရှိဘဲ ပျောက်ဆုံးနေသဖြင့် ခိုးယူသွားသူအား စုံစမ်းဖော်ထုတ်အရေးယူပေးပါရန် တိုင်တန်းချက်အရ ပိတောက်ချောင်းနယ်မြေရဲစခန်း (ပ)၁၁၅/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉(ကား) ဖြင့် အမှုရေးဖွင့်စုံစမ်းဆောင်ရွက်ခဲ့သည်။

          လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မော်တော်ယာဉ်ခိုးယူသူတရားခံအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး အခင်းဖြစ်ရပ်မှတ်တမ်းများအား စစ်ဆေးဆောင်ရွက်ခြင်း၊ နယ်မြေသတင်းရယူစုံစမ်းခြင်းတို့ ဆောင်ရွက်ခဲ့ရာ ခိုးမှုကျူးလွန်သူ တရားခံ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ အင်းတကော် ကျေးရွာနေ စိုးသန်း(ခ)ကိုကိုလေး(၅၃)နှစ်အား ဩဂုတ်လ ၁၈ ရက်နေ့ ညပိုင်းတွင် လှိုင်မြို့နယ်၊ (၂)ရပ်ကွက်၊ ဘုရင့်နောင်လမ်းသွယ်(၂)လမ်းရှိ Royal Toe Hotel၊ အခန်းအမှတ်(၂၀၇)၌ ဖမ်းဆီး ရမိခဲ့သည်။  

          တရားခံ စိုးသန်း(ခ)ကိုကိုလေးအား စစ်ဆေးဖော်ထုတ်ချက်အရ ၎င်းသည် ဩဂုတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် လှိုင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ အေးရိပ်မွန်(၂)လမ်းနှင့် ရတနာမွန် (၅)လမ်းထောင့်တွင် ရပ်တန့်ထားသော YGN-44 7G-3513 TOYOTA TOYOACE LYZ 30 LIGHT TRUCK အမျိုးအစား မော်တော်ယာဉ် (၁)စီးအား အသင့်ပါလာသော ကားသော့အတုများဖြင့် ဖွင့်ကာ ခိုးယူခဲ့ကြောင်း ဖော်ထုတ်သိရှိရပြီး သက်သေခံမော်တော်ယာဉ်အား ဩဂုတ်လ ၁၈ ရက်နေ့ ညနေပိုင်းတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ စက်မှုဇုန်(၁)၊ မက္ခရာမင်းသားကြီး မောင်ပျိုလမ်းနှင့် ဦးရွှေရိုးလမ်းဘေး၌ သိမ်းဆည်းရမိခဲ့သည်။

          ဆက်လက်၍ တရားခံ စိုးသန်း(ခ)ကိုကိုလေးအား အခြားပြစ်မှုများ ကျူးလွန်ထားခြင်းရှိ/မရှိ  စစ်ဆေးခဲ့ရာ ၎င်းသည် ဩဂုတ်လ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ကမာရွတ်မြို့နယ်၊ နာနတ်တောလမ်းနှင့် လှည်းတန်းလမ်းထောင့်ရှိ ဂရန်းဟံသာဆေးရုံ ကားပါကင်တွင် ရပ်တန့်ထားသော YGN-36 1D-6099 TOYOTA HIACE အမျိုးအစားမော်တော်ယာဉ်(၁)စီး၊ ဩဂုတ်လ ၁၀ ရက်နေ့ ညပိုင်းတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်းမကြီးနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်ရှိ မန်းမြို့တော်လက်ဖက်ရည်ဆိုင်ရှေ့တွင် ရပ်တန့်ထားသော YGN-6 5F-5067 MAZDA BONGO အမျိုးအစား မော်တော်ယာဉ်(၁)စီး၊ ဩဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲပိုင်းတွင် အလုံမြို့နယ်၊ စောရန်ပိုင်အရှေ့ရပ်ကွက်၊ နှင်းဆီကုန်းလမ်းမပေါ်ရှိ လင်းဝင်းပရိဘောဂဆိုင်အနီးတွင် ရပ်တန့်ထားသော YGN-45 1J-1695 DAIHATSU HIJET အမျိုးအစား မော်တော်ယာဉ်(၁)စီးနှင့် ညနေပိုင်းတွင် လမ်းမတော်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အနော်ရထာလမ်းနှင့် (၃)လမ်းထိပ်တွင် ရပ်တန့်ထားသော YGN-10 7I-6739 TOYOTA ACE အမျိုးအစား မော်တော်ယာဉ်(၁)စီးနှင့် ဩဂုတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ သီရိမင်္ဂလာလမ်းမ(ဂျပန်လမ်း)တွင် ရပ်တန့် ထားသော YGN-39 8M-5151 SOE LIGHT TRUCK(1)TON အမျိုးအစား မော်တော်ယာဉ်(၁)စီး၊ စုစုပေါင်း မော်တော်ယာဉ်(၅)စီးတို့အား ကားသော့အတုများ အသုံးပြု၍ အသီးသီးခိုးယူခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

          ဆက်လက်၍ သက်သေခံ မော်တော်ယာဉ်များအား သိမ်းဆည်းရမိရေးဆောင်ရွက်ခဲ့ရာ ဩဂုတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် YGN-36 1D-6099 TOYOTA HIACE ယာဉ်အား လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ ရေဥက္ကံကျေးရွာ၊ ကျန်စစ်သားလမ်း၊ သောင်ကြီးလေးဓမ္မာရုံအနီးမှလည်းကောင်း၊ YGN-6 5F-5067 MAZDA BONGO ယာဉ်အား မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်၊ ဘုရင့်နောင်ပွဲရုံဝန်း၊ စံပယ်လမ်း၊ မင်္ဂလာသန်းမြင့် ကားပါကင်ဝန်း အနီးမှလည်းကောင်း၊ YGN-45 1J-1695 DAIHATSU HIJET ယာဉ်အား လမ်းမတော်မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ဝါးတန်းလမ်းပေါ်မှလည်းကောင်း၊ YGN-10 7I-6739 TOYOTA ACE ယာဉ်အား လမ်းမတော်မြို့နယ်၊ (၂)ရပ်ကွက်၊ မင်းရဲကျော်စွာလမ်း၊ ဟယ်(လ်)ပင်ကလေးဆေးရုံအနီးမှလည်းကောင်း၊ YGN-39 8M-5151 SOE LIGHT TRUCK(1) TON ယာဉ်အား လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်ရှိ တွင်းသင်းတိုက်ဝန် ဦးထွန်းညို လမ်းနှင့် မောင်ကျန်သီးလမ်းထောင့်မှလည်းကောင်း အသီးသီး သိမ်းဆည်းရမိခဲ့သည်။

          တရားခံ စိုးသန်း(ခ)ကိုကိုလေး၏ ထွက်ဆိုချက်အရ ၎င်းသည် ဩဂုတ်လ ၉ ရက်နေ့မှစတင်၍ မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်၊ ကျန်စစ်သားလမ်းရှိ NICE DAY Hotel ၌ ရောက်ရှိတည်းခိုနေထိုင်ခဲ့ပြီး ရန်ကုန်မြို့အတွင်းရှိ မြို့နယ်အချို့မှ ရပ်တန့်ထားသည့် မော်တော်ယာဉ်များအား လိုက်လံကြည့်ရှု ခဲ့ကာ ကားသော့အတုများ အသုံးပြု၍ မော်တော်ယာဉ်များအား ခိုးယူခဲ့ပြီးနောက် ခိုးယူရာမှရရှိသည့် မော်တော်ယာဉ်မှ ဆီများထုတ်ယူရောင်းချခြင်း၊ ကားဘက်ထရီအိုးနှင့် ကားဘီးများဖြုတ်၍ ရောင်းချ ခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

          ဖြစ်စဉ်တွင် ရန်ကုန်မြို့အတွင်းရှိ မြို့နယ်အချို့မှ မော်တော်ယာဉ် ၆ စီးအား ခိုးယူခဲ့သူ တရားခံ စိုးသန်း(ခ)ကိုကိုလေးအား သက်သေခံမော်တော်ယာဉ်များနှင့်အတူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။