တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဦးဆောင်သည့် မြန်မာ့ တပ်မတော်ကိုယ်စားလှယ်အဖွဲ့အား ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ
နေပြည်တော်၊ ဩဂုတ် -၂၀
(၉)ကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (9th Thailand- Myanmar High Level Committee Meeting )သို့တက်ရောက်ခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဦးဆောင်သည့် မြန်မာ့ တပ်မတော် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညပိုင်းတွင် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Ukris Boontanondha က ဂုဏ်ပြု ညစာဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါ ဂုဏ်ပြုညစာစားပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်နီလာ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး ကိုကိုဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ဝင်းသူလင်း နှင့်ဇနီးတို့ တက်ရောက်ကြပြီး ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး Mrs. Paveena Boontanondha ၊ ထိုင်းဘုရင့်တပ်မတော်မှ အရာရှိကြီးများနှင့်ဇနီးများ တက်ရောက်ကြသည်။
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့အား ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် နှစ်နိုင်ငံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များသည် နှုတ်ခွန်းဆက်စကားများ အသီးသီး ပြော ကြားကြသည်။ ယင်းနောက် ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြရာ ညစာသုံး ဆောင်နေစဉ်အတွင်း ထိုင်းဘုရင့် တပ်မတော်ယဉ်ကျေးမှုအဖွဲ့က တေးသီချင်းများ၊ ရိုးရာရုပ်သေးပြဇာတ်များ၊ အကအလှများဖြင့် သီဆိုကပြ ဖျော်ဖြေကြသည်။
ညစာသုံးဆောင်အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ထိုင်း ဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် သီဆိုဖျော်ဖြေခဲ့ကြသည့် အနုပညာရှင်များအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုပန်းခြင်းများပေးအပ်ခဲ့ကြပြီး အမှတ်တရစုပေါင်း ဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။


