ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်သို့ တက်ရောက်အဖွင့်အမှာစကားပြောကြား နေပြည်တော်၊ ဩဂုတ် - ၂၀

Friday, August 21, 2026 - 09:00

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်သို့ တက်ရောက်အဖွင့်အမှာစကားပြောကြား

နေပြည်တော်၊ ဩဂုတ် - ၂၀

 

        မြန်မာ -ဘယ်လာရုစ် စီးပွားရေးဖိုရမ်အား ယနေ့ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် မင့်စ်မြို့၊ President  ဟိုတယ်၌ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်တက်ရောက်၍ အဖွင့်အမှာ စကား ပြောကြားသည်။

        အဆိုပါ မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်အခမ်းအနားသို့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ ဘယ်လာ ရုစ်နိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Alexander Turchin ၊ ခရီးစဉ်တွင် လိုက်ပါလာသည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများနှင့်တာဝန်ရှိများ၊  ဘယ်လာရုစ်သမ္မတ နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံ သံအမတ်ကြီးနှင့် ဘယ်လာရုစ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် နာယကနှင့် အဖွဲ့ဝင်များ၊ မြန်မာ-ရုရှား နှစ်နိုင်ငံစီးပွားရေးလုပ်ငန်း ရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

        ဦးစွာ ဘယ်လာရုစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြား ရာတွင် နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်နှင့်တကွ မြန်မာကိုယ်စားလှယ်အဖွဲ့ အား ဘယ်လာရုစ် သမ္မတနိုင်ငံမှ နွေးထွေးစွာကြိုဆိုပါကြောင်း၊ ယနေ့ ကျင်းပပြုလုပ် သည့် ဘယ်လာရုစ်-မြန်မာ စီးပွားရေးဖိုရမ်ကို ဖွင့်လှစ်ပေးရသည့်အတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် ယခုဖိုရမ်သည် နှစ်နိုင်ငံဆက်ဆံရေး၏ ကောင်းမွန် သောတိုးတက်မှု အရှိန်အဟုန်ကို ထင်ရှားစွာသက်သေပြနေခြင်းပင် ဖြစ်ကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များအချင်းချင်းချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးရှိမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများတိုးတက်ကောင်းမွန်လျက်ရှိမှု၊ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအရှိန်အဟုန်မြှင့်တင် တိုးတက်စေ‌ရေး ဆောင်ရွက်သွားမည့်အခြေအနေများ၊ စက်မှုကုန်ထုတ်လုပ်ငန်း များတွင် ပူးပေါင်း‌ဆောင်ရွက်သွားမည့်အခြေအနေများ၊အထည်အလိပ်နှင့် လူသုံးကုန် စက်မှုကဏ္ဍ၊ စိုက်ပျိုးရေးနှင့် အစားအသောက်ကဏ္ဍ၊ ကျန်းမာရေးနှင့် ဆေးဝါး ထုတ်လုပ်မှုကဏ္ဍ၊ အဆင့်မြင့် နည်းပညာသိပ္ပံနှင့် လူ့စွမ်းအားအရင်းအမြစ်လေ့ကျင့် ပျိုးထောင်ရေးကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုများအတွက် တားဆီးကန့်သတ်ချက်မရှိသော ဥပဒေရေးရာပတ်ဝန်းကျင် နှင့်ဘဏ္ဍာရေး၊ ပို့ဆောင်ရေး အခြေခံအဆောက်အဦများ ဖန်တီးခြင်းကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားမည့်အခြေအနေ များနှင့် ပတ်သက်၍ အကျယ် တဝံ့ရှင်းလင်းပြောကြားဆွေးနွေးသည်။

ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အဖွင့်အမှာစကားပြော ကြားရာတွင် ယနေ့ကမ္ဘာ့စီးပွားရေးသည် လျင်မြန်စွာ ပြောင်းလဲတိုးတက်လျက်ရှိပြီး နိုင်ငံများအနေဖြင့် မိမိတို့၏ စီးပွားရေးအင်အားကို မြှင့်တင်ရန်အတွက် အပြန်အလှန်အကျိုးရှိစေမည့် မဟာဗျူဟာမြောက်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတည်ဆောက်ရန် ကြိုးပမ်းလျက်ရှိကြကြောင်း။

အထူးသဖြင့် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းများအကြား B to B ပူးပေါင်းဆောင်ရွက် မှုများတိုးမြှင့်ခြင်း၊ ပူးတွဲစီးပွားရေးစီမံကိန်းများဖော်ဆောင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတင်းအချက်အလက်နှင့် အခွင့်အလမ်းများ အပြန်အလှန် မျှဝေခြင်း၊ စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ အတားအဆီးများကို အပြန်အလှန် ဆွေးနွေးဖြေရှင်းခြင်းတို့သည် နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုထိ ရောက်စွာ မြှင့်တင်ပေးနိုင်မည် ဖြစ်ကြောင်း။

ယနေ့ဖိုရမ်သည် မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား ရှိရင်းစွဲ ချစ်ကြည် ရင်းနှီးမှုကိုအခြေခံပြီး စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုဆိုင်ရာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ   ပိုမိုခိုင်မာနက်ရှိုင်းစေရန်အတွက် အလွန်အရေးပါသည့် အခွင့်အလမ်းတစ်ရပ် ဖြစ်ကြောင်း။

မြန်မာ - ဘယ်လာရုစ် နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေး

           မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့သည် တည်နေရာအရ အလှမ်းဝေးကွာသော် လည်း ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန် နားလည်ယုံကြည်မှု အပြည့်အဝရှိသည့် မိတ်ဆွေစစ်နိုင်ငံများ ဖြစ်ကြောင်း၊ မြန်မာနှင့် ဘယ်လာရုစ် နှစ်နိုင်ငံသည် ၁၉၉၉ ခုနှစ်၊ စက်တင်ဘာလမှ စပြီးသံတမန်ဆက်ဆံရေး ထူထောင်ခဲ့ခြင်းဖြစ်သည့်အတွက် ယခု အခါ ၂၆ နှစ်ရှိခဲ့ပြီဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးသည် သိသာစွာ တိုးတက်လာသည်ကို အထင်အရှား တွေ့မြင်နိုင်မည် ဖြစ်ကြောင်း။

ထို့ပြင် နှစ်နိုင်ငံဆက်ဆံရေးသည် “အနီးကပ်ဆုံးအဆင့်” နှင့် “အမြင့်ဆုံး အဆင့်” ရောက်ရှိလာပြီး ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ် ရုံးကိုလည်း မြန်မာသံရုံးအဖြစ် အဆင့်မြှင့်တင်နိုင်ခဲ့ခြင်းသည် သိသာထင်ရှားသည့် မှတ်တိုင်တစ်ရပ် ဖြစ်ကြောင်း၊ ဘယ်လာရုစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် နှစ်နိုင်ငံမိတ်ဖက် ဆက်ဆံရေးသာမက နိုင်ငံတကာမျက်နှာစာတွင်လည်း စိန်ခေါ်မှုများရှိသည့်ကာလ၌ပင် ခိုင်မာ စွာ အတူယှဉ်တွဲရပ်တည်ပြီး၊ ပံ့ပိုးကူညီမှုများကို အစဉ်တစ်စိုက် ပေးအပ်ခဲ့သည့်အတွက် အထူးကျေးဇူးတင်ရှိသည်ကို ပြောကြား လိုကြောင်း။

မျက်မှောက်ခေတ် ကမ္ဘာ့ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေး စိန်ခေါ်မှုများ မြင့်မားနေသည့်ကာလအတွင်း၌ပင် မြန်မာ - ဘယ်လာရုစ် နှစ်နိုင်ငံဆက်ဆံရေးသည် အပြန်အလှန်ယုံကြည်မှုတို့ဖြင့် ပိုမိုအားကောင်းခိုင်မာစွာ တိုးမြှင့်ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ အနာဂတ်တွင်လည်း ယခုထက်ပိုမိုတိုးတက်အောင် မြှင့်တင် ဆောင်ရွက်ရန်အတွက် မိမိတို့အနေဖြင့် ခိုင်မာသည့်သန္နိဋ္ဌာန် ချမှတ်ထားကြောင်း၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုသမိုင်းကောင်းကိုအခြေခံပြီး စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုကို မဟာဗျူဟာမြောက် တိုးမြှင့်အကောင်အထည်ဖော်ရမည့်အချိန်ကို ရောက်ရှိနေပြီ ဖြစ်ကြောင်း။

နှစ်နိုင်ငံစီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေး

      နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို မြှင့်တင်ရန်အတွက် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုသည် မောင်းနှင်အားတစ်ရပ်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံ စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများသာမက နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ မြန်မာနိုင်ငံအထူးစီးပွားရေးဇုန် ဥပဒေတို့နှင့်အညီ အားပေးဖိတ်ခေါ်နေကြောင်း၊ ထို့ပြင် မဟာဗျူဟာမြောက်မိတ်ဖက် နိုင်ငံများနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု၊ ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်နိုင်ရန် အတွက် နှစ်နိုင်ငံစီးပွားရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ၊ သဘောတူစာချုပ် များကို လက်မှတ်ရေးထိုးဆောင်ရွက်လျက်ရှိကြောင်း။

ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား ကုန်သွယ် မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ လက်ရှိကာလတွင်လည်း မိမိတို့အနေဖြင့် နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကို အကာအကွယ် ပေးနိုင်ရန်အတွက် အလွန်အရေးပါသည့် လုပ်ငန်းစဉ်များကို အလေး ထား ဆောင်ရွက်လျက်ရှိကြောင်း။

အထူးသဖြင့် မြန်မာနှင့်ဘယ်လာရုစ်နိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး နှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် လက်မှတ်ရေး ထိုးခဲ့ပြီး ဖြစ်ကြောင်း၊ ထို့ပြင် မြန်မာ - ဘယ်လာရုစ် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု များမြှင့်တင်ရေးနှင့် အပြန်အလှန် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ကို အမြန်ဆုံးချုပ်ဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။

ထို့အတူ နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို အထောက်အကူပြုစေမည့် သိပ္ပံနှင့် နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနားလည်မှု စာချွန်လွှာများ၊ အကောက် အခွန်ဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ များ၊  ပို့ကုန်ချေးငွေမူဘောင် သဘောတူညီချက်များအပါအဝင် ကုန်သွယ်ရေး၊ စီးပွား ရေး၊ သိပ္ပံနည်းပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘော တူညီချက်/ စာချွန်လွှာများကို လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း။

အထူးသဖြင့် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုအပါအဝင် နယ်ပယ်စုံ၊ ကဏ္ဍစုံ ပူးပေါင်း ဆောင်ရွက်မှုများကို မဟာဗျူဟာမြောက်တိုးမြှင့်နိုင်ရန် အတွက် မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ လမ်းပြမြေပုံ (၂၀၂၆-၂၀၂၈) ကိုလည်း ရေးဆွဲ အတည်ပြုလက်မှတ်ရေးထိုးပြီး ဖြစ်ကြောင်း။ အဆိုပါ လမ်းပြမြေပုံထဲတွင် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှု၊ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်မည့် အစီအစဉ်များအပြင် စက်မှု၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ဘဏ်လုပ်ငန်း၊ ပညာရေးနှင့် ခရီးသွားလုပ်ငန်းစသည့်ကဏ္ဍစုံတွင် လက်တွဲဆောင်ရွက်မည့် အသေး စိတ်အစီအစဉ်များလည်း ပါဝင်ကြောင်း။

ထို့ကြောင့် မိမိတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် တိကျသည့်အချိန်ဇယားနှင့် ရည်မှန်းချက်များအပေါ် အခြေခံကြောင်းပြသနေပြီး၊ နှစ်နိုင်ငံစီးပွားရေးဆက်ဆံမှု မြှင့်တင်ရန်အတွက် အရေးကြီးသည့် ခြေလှမ်းသစ်ဖြစ်လာမည်ဟု ယုံကြည်ကြောင်း၊ မြန်မာနိုင်ငံအတွင်း၌လည်း ပြည်တွင်းထုတ်လုပ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို အကာ အကွယ်ပေးရာတွင် နိုင်ငံတကာစံနှုန်းများနှင့်အညီ ရေးဆွဲပြဋ္ဌာန်းထားသည့် ရင်းနှီး မြှုပ်နှံမှုဥပဒေများသာမက မူပိုင်ခွင့်ဥပဒေ(၄) ရပ်ကို အပြည့်အဝ အကောင်အထည် ဖော်နေပြီဖြစ်သည့်အတွက် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံဖန်တီးထုတ်လုပ်သည့် ထုတ်ကုန်များအတွက် ကမ္ဘာ့နိုင်ငံများနည်းတူ မူပိုင်ခွင့်ဆိုင်ရာအကာအကွယ်များပါ ရရှိပြီဖြစ်ကြောင်း။

မြန်မာနိုင်ငံ၏ ဈေးကွက်အခြေအနေနှင့် လူသားအရင်းအမြစ်

မြန်မာနိုင်ငံ၏ နေပြည်တော်မြို့မှဗဟိုပြုပြီး  ကီလိုမီတာ ၄၀၀၀ အချင်းရှိသည့် စက်ဝိုင်းဆွဲကြည့်ပါက ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ဖြစ်သည့် ၄ ဘီလီယံကျော်သည် စက်ဝိုင်းထဲကိုဝင်နေသည်ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံသည် ကမ္ဘာ့လူဦးရေ အများ ဆုံးဖြစ်သည့် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့နှင့် နယ်နိမိတ်ထိစပ်နေပြီး အရှေ့တောင် အာရှနှင့်အာရှဈေးကွက်နှစ်ခုကို ဆက်သွယ်ထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်သကဲ့သို့ အိန္ဒိယသမုဒ္ဒရာကို မျက်နှာမူထားသည့် နိုင်ငံလည်းဖြစ်ကြောင်း။

ထို့ပြင် ဒေသတွင်း ဆက်သွယ်မှုလမ်းကြောင်းများဖြစ်သည့် အိန္ဒိယ- မြန်မာ-ထိုင်း ၃ နိုင်ငံအဝေးပြေးလမ်းမကြီး၊ အာဆီယံအဝေးပြေးလမ်း ကွန်ရက်၊ အရှေ့အ နောက်စီးပွားရေးစင်္ကြံ၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတို့၏ အလယ်ဗဟိုတွင် တည်ရှိ နေကြောင်း၊ မိမိတို့နိုင်ငံလူဦးရေမှာ ၅၁ သန်းရှိပြီး လုပ်ငန်းခွင်ဝင်နိုင်သူ ၆၇ ရာခိုင်နှုန်း ရှိကြောင်း၊ နိုင်ငံ့လူဦးရေ၏ ၃၀ ရာခိုင်နှုန်းသည် မြို့ပြနေထိုင်သူများဖြစ်ပြီး ကျန် ၇၀ ရာခိုင်နှုန်းသည် ကျေးလက်တွင်နေထိုင်ကြကြောင်း၊ ကျေးလက်နေလူဦးရေ၏ ၅၀ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် ရေထွက်ကုန်လုပ်ငန်းများ ကို အခြေခံသည့်စီးပွားရေးကို လုပ်ကိုင်ဆောင်ရွက်ကြကြောင်း။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများ

      နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်နိုင်ရန် ဘယ်လာရုစ် လုပ်ငန်းရှင်များအတွက် မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများကို ဆွေးနွေး ပြောကြားလိုကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်၊ အိန္ဒိယ၊ တောင်အာရှ၊ အရှေ့တောင် အာရှနှင့် အိန္ဒိယသမုဒ္ဒရာတို့ကို ဆက်သွယ်ပေးနိုင်သောနေရာတွင် တည်ရှိကြောင်း၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် မဟာဗျူဟာရေးရာများတွင် တည်နေရာ အရ အချက်အချာကျပြီး၊ စိုက်ပျိုးဖြစ်ထွန်းသည့် မြေဧရိယာများစွာရှိသကဲ့သို့ သဘာဝ အရင်းအမြစ်လည်း ကြွယ်ဝကြောင်း၊ ပူအိုက် စွတ်စိုသည့် ရာသီဥတုရှိခြင်းကြောင့် ၁၂ လရာသီပတ်လုံး စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ဆောင်ရွက်နိုင်ကြောင်း၊  ဘယ်လာရုစ် နိုင်ငံသည် မွေးမြူရေး နည်းပညာမြှင့်မားသည့်နိုင်ငံဖြစ်ခြင်းကြောင့် ကြက်၊ ဝက်၊ နွား မွေးမြူရေးများ လာရောက်ရင်းနှီးမြှုပ်နှံဆောင်ရွက်ပြီး အိမ်နီးချင်းတရုတ်နိုင်ငံ၊ အိန္ဒိယ နိုင်ငံနှင့် အခြားအာရှဒေသများကို တင်ပို့ရောင်းချနိုင်ကြောင်း။

      မိမိတို့အစိုးရအနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်အောင် မူဝါဒ ချမှတ်အကောင် အထည်ဖော်ရာတွင် မိမိနိုင်ငံ၏ ရေ၊ မြေ၊ ရာသီဥတု၊ တည်နေရာအားသာချက်များကို အခြေပြုပြီး စိုက်ပျိုးမွေးမြူရေး အခြေခံစက်မှုနိုင်ငံအဖြစ် ဦးတည်ဖော်ဆောင် နေ ကြောင်း၊ ဘယ်လာရုစ်နိုင်ငံမှ စိုက်ပျိုးရေးနည်းပညာများ၊ ဓာတ်မြေဩဇာ၊ လယ်ယာ သုံးစက်ပစ္စည်းများသည် အရည်အသွေးကောင်းမွန်ကြောင်း၊ ထို့ကြောင့်မိမိတို့ မြန်မာ နိုင်ငံ၏ လယ်ယာကဏ္ဍကို  Smart Agriculture စနစ်သို့ အောင်မြင်စွာကူးပြောင်း နိုင်ရန်အတွက် ဘယ်လာရုစ်နိုင်ငံမှ လုပ်ငန်းရှင်များအနေဖြင့် လယ်ယာစိုက်ပျိုးမှု (Farming)မှသည်  စားသောက်ကုန်ထုတ်လုပ်မှု (Food Processing) လုပ်ငန်းများ အထိ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်လိုကြောင်း။  

ထို့ပြင် ဘယ်လာရုစ်၏ အရည်အသွေးမြင့် လယ်ယာသုံးစက်ပစ္စည်းများ၊ စက်ယန္တရားများနှင့် စက်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းအသုံးပြုနိုင်မည့် အလား အလာများရှိပြီး၊  မြန်မာနိုင်ငံတွင် ပူးပေါင်းထုတ်လုပ်ရန်အတွက်လည်း ရင်းနှီးမြှုပ်နှံမှု များ ဖိတ်ခေါ်လိုကြောင်း၊ နောက်ထပ်အခွင့်အလမ်းတစ်ခုအနေဖြင့် လူသုံးကုန်၊ နို့နှင့် နို့ထွက်ပစ္စည်း၊ ဆေးနှင့်ဆေးပစ္စည်းများကို ပြည်တွင်း၌ ပိုမိုထုတ်လုပ်ရန် အားပေးလျက်ရှိကြောင်း၊ နှစ်နိုင်ငံ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုတွင် အဆွေတော်တို့အနေဖြင့် အဆိုပါလုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများစွာရှိ ကြောင်း။

      ထို့ပြင် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့်အခြေခံ အဆောက် အအုံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလည်း ဦးစားပေး အကောင်အထည်ဖော် လျက်ရှိကြောင်း၊ ထို့ကြောင့် ခေတ်မီသိုလှောင်ရုံများ၊ အအေးခန်းသိုလှောင်ရုံများ၊ ကုန်စည်ပို့ဆောင်ရေး အခြေခံအဆောက်အအုံများကဲ့သို့ စီးပွားရေးစီမံကိန်းများနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန်ဖိတ်ခေါ်ပါကြောင်း။

      ထို့အတူ အစိုးရအနေဖြင့် နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားဖူလုံမှုရှိစေရေး ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများကို အားပေးဖိတ်ခေါ်လျက်ရှိပြီး၊ အထူးသဖြင့် ရေအားလျှပ်စစ်၊ နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင်၊ ဇီဝစွမ်းအင် အသုံးပြုသည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုလုပ်ငန်းများကိုအားပေးဖိတ်ခေါ်နေကြောင်း၊ ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင် ကဏ္ဍမှ ရေအားလျှပ်စစ်ထုတ်လုပ်ရာတွင် မြန်မာနိုင်ငံသည် ဧရာဝတီမြစ်၊ သံလွင်မြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ် စသည့် မြစ်ကြီး ၄ စင်းအပြင် မြစ်ချောင်းပေါင်း ၁၀၀၀ ကျော်ရှိပြီး နှစ်စဉ် မိုးရေချိန် ၂၀၀၀ - ၅၀၀၀ မီလီမီတာ ရွာသွန်းခြင်းကြောင့် ရေအား လျှပ်စစ်ကို  ၁၀၀ ဂစ်ဂါဝပ်အထိ ထုတ်လုပ်နိုင်စွမ်းရှိပြီး ၄၀-၅၀ ဂစ်ဂါဝပ် အထိ စီးပွား ဖြစ်ထုတ်လုပ်နိုင်ကြောင်း၊ ထို့အပြင်အပူပိုင်းဒေသ နေရောင်ခြည်ခါးပတ်ကွင်း အတွင်း တွင်ရှိသည့် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး တို့တွင် နေရောင်ခြည် စွမ်းအင်ကိုနှစ်စဉ် ၅၁၉၇၃ ဒသမ ၈ တယ်ရာဝပ်နာရီ အထိ ထုတ်လုပ် နိုင်စွမ်းရှိကြောင်း။

      မြန်မာနိုင်ငံ၏ တီကျစ်ဒေသ၊ နမ်းမားဒေသနှင့် မော်လိုက်ဒေသများသည်လည်း ကျောက်မီးသွေးများ ထွက်ရှိရာဒေသများဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှု နည်းပါးသည့်အဆင့်မြင့်နည်းပညာများအသုံးပြုပြီး ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ် အားပေးစက်ရုံများကိုလည်း တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အားဖူလုံမှုရှိစေရေး ဆောင်ရွက် နိုင်ကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုလုပ်ငန်းများတွင် ဘယ်လာရုစ်လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လိုကြောင်း။

      မိမိတို့အစိုးရအနေဖြင့် နိုင်ငံ၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင် ပိုမိုကောင်း မွန်လာစေရန်နှင့် နည်းပညာဝန်ဆောင်မှုတိုးတက် လာစေရန်အတွက် ဒီဂျစ်တယ်စနစ် သို့ အသွင်ကူးပြောင်း ဆောင်ရွက်လျက်ရှိရာတွင် နည်းပညာနှင့် ဒီဂျစ်တယ် ဝန်ဆောင်မှု လုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ပါကြောင်း၊ ထိုအတွက်လည်း မြန်မာနိုင်ငံအလယ်ပိုင်းတွင်ရှိသည့် ပြင်ဦးလွင်အနီး ဧရိယာ ၄,၀၄၇ ဟတ်တာ ကျယ်ဝန်းသည့် ရတနာပုံဆိုက်ဘာစီးတီး ဖွင့်လှစ်ထားရှိပြီး  ရာသီမရွေး သွားလာနိုင် သောကားလမ်းများနှင့် ဂျက်လေယာဉ်များ ဆင်းသက်နိုင်သည့် နိုင်ငံတကာအဆင့်မီ လေဆိပ်လည်း ဖွင့်လှစ်ထားပြီးဖြစ်ခြင်းကြောင့် ပြည်ပ ခရီးစဉ်များ လွယ်ကူချောမွေ့စွာ သွားလာနိုင်ကြောင်း။

      ထို့ကြောင့်အစိုးရဝန်ဆောင်မှုများကို ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး၊ ဆက်သွယ် ရေးနည်းပညာ၊ ဉာဏ်ရည်တု AI အသုံးချမှုများ၊ ဒီဂျစ်တယ် ငွေပေးချေမှုစနစ်များနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ စီးပွားရေးဝန်းကျင် ဖော်ဆောင်ရေးတို့တွင်  ဘယ်လာရုစ် နိုင်ငံမှ စိတ်ပါဝင်စားသည့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် လာရောက်ရင်းနှီးမြှုပ်နှံ နိုင် ရန်ဖိတ်ခေါ် လိုပါကြောင်း။

      အဆွေတော်တို့အနေဖြင့်မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံဆောင်ရွက်ရာ၌ ဆောင်ရွက် မည့် လုပ်ငန်းအမျိုးအစား၊ တိုင်းဒေသကြီး/ပြည်နယ်များ၏ အားသာချက်ကိုမူတည်ပြီး စက်မှုဇုန်များ၊ အထူးစီးပွားရေးဇုန်များ သာမက လယ်ယာပေါင်းစည်းဇုန်များ၊ စက်မှု စီမံကိန်းများလည်း ထူထောင် ဆောင်ရွက်နိုင်ကြောင်း၊ အထူးစီးပွားရေးဇုန်နှင့် ပတ်သက်ပြီး အဆွေတော်တို့ သိကြသည့်အတိုင်း မြန်မာနိုင်ငံတွင် သီလဝါ၊ ထားဝယ် နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် (၃)ခု ရှိကြောင်း။

ဘယ်လာရုစ်နိုင်ငံမှ လုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ရာတွင် ရန်ကုန်မြို့အနီးရှိ သီလဝါအထူးစီးပွားရေးဇုန်သည် လက်ရှိတွင် အအောင်မြင်ဆုံးဖြစ် ပြီး နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်ရာ၌ သယ်ယူပို့ဆောင်ရေး အားသာချက်ရှိ သည့်အပြင် အခြေခံအဆောက်အအုံ ပြည့်စုံသည့်အတွက် ပို့ကုန်ဦးစားပေးလုပ်ငန်းများ နှင့် ကုန်ထုတ်မှုလုပ်ငန်းများဆောင်ရွက်ရန် အကောင်းဆုံးရွေးချယ်မှု ဖြစ်ကြောင်း လည်း ပြောကြားလိုကြောင်း၊ ထို့အတူ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့ ပူးပေါင်းပြီး စတင် ဆောင်ရွက်လျက်ရှိသည့် ထားဝယ်အထူးစီးပွားရေးဇုန်တွင်လည်း ဘယ်လာရုစ်နိုင်ငံ၏ အကြီးစားစက်မှုလုပ်ငန်းများဖြစ်သည့်တာယာနှင့် အကြီးစားစက်ပစ္စည်းများ ထုတ်လုပ် ခြင်း၊ အကြီးစားကုန်တင်ယာဉ်များ ထုတ်လုပ်ခြင်းကို ဆောင်ရွက်ရန် ဖိတ်ခေါ်လို ကြောင်း။

ထို့ပြင် တနင်္သာရီတိုင်းဒေသကြီးအတွင်း သတ္တုတူးဖော်သန့်စင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် ဖိတ်ခေါ်လိုသည့်အပြင် အဆိုပါဒေသသည် ခရီးသွား လုပ်ငန်းအတွက် သင့်လျော်သည့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ရှိသည့်အတွက် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း များဆောင်ရွက်ရန် ဖိတ်ခေါ်လိုကြောင်း။

စီးပွားရေးပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းနိုင်မှု

      ဘယ်လာရုစ်နိုင်ငံသည် Eurasian Economic Union (EAEU) အဖွဲ့ဝင် နိုင်ငံ ဖြစ်ကြောင်း၊  မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး၊ အာဆီယံနှင့် EAEU တို့အကြား ပူးပေါင်းဆောင်ရွက်မှုတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိ ကြောင်း၊ အာဆီယံနှင့်  EAEU တို့ အကြား ပူးပေါင်းဆောင်ရွက်မှုစတင်နိုင်ရေး နားလည်မှု စာချွန်လွှာကို ၂၀၁၈ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း။

      ထို့အတူ မြန်မာနိုင်ငံအနေဖြင့် ASEAN +1  FTA များနှင့် RCEP အရ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာ နိုင်ငံများ၏ ဈေးကွက်များကို ဝင်ရောက်ခွင့်ရရှိပြီး၊ မြန်မာနိုင်ငံမှ တင်ပို့မှုများအပေါ် အခွန်သက်သာခွင့်/ကင်းလွတ်ခွင့်များကို ခံစားနိုင်မည်ဖြစ်ကြောင်း၊ ဘယ်လာရုစ် လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့်  အာဆီယံဒေသနှင့် အာရှတိုက်၏ ဈေးကွက်ကို ချိတ်ဆက်နိုင်မည်ဖြစ် သကဲ့သို့ထိုမှ   တစ်ဆင့်ဖြစ်ပေါ် လာမည့် မြန်မာနိုင်ငံ၏ထုတ်ကုန်များသည်လည်း ဘယ်လာရုစ်နိုင်ငံမှတစ်ဆင့်  EAEU အဖွဲ့ဝင်နိုင်ငံများ၏ ကြီးမားသော ဈေးကွက်ကို တံခါးဖွင့်ဝင်ရောက်နိုင်မည့် Win-Win အခြေအနေကို ဖန်တီးနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ နှစ်နိုင်ငံသည် အာရှနှင့် ဥရောပတိုက်ကြီးနှစ်ခုအကြားတွင် ကုန်သွယ်စီးဆင်းမှုအတွက် မဟာဗျူဟာ မြောက် အရေးပါသည့် အပြန်အလှန် အကျိုးပြုနိုင်သော တံခါးပေါက်များ ဖြစ်သည်ကို အလေးအနက် ဆွေးနွေးပြောကြားလိုကြောင်း။

ဘယ်လာရုစ်နိုင်ငံ၏ အားကောင်းခိုင်မာသည့် စက်မှုနှင့်နည်းပညာ စွမ်းရည်များ ကို မြန်မာနိုင်ငံ၏ သဘာဝအရင်းအမြစ်၊ လူ့စွမ်းအား အရင်းအမြစ်များနှင့် ပေါင်းစပ်ပြီး နှစ်နိုင်ငံစလုံးအတွက် အကျိုးဖြစ်ထွန်းစေမည့် စီးပွားရေးပူးပေါင်းမှုများကို အတူတကွ ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ဘယ်လာရုစ်နိုင်ငံမှ လုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများစတင်နိုင်ရေး လုပ်ငန်းများအဆင်ပြေချောမွေ့စွာ လည်ပတ်နိုင် စေရေးတို့အတွက် လိုအပ်သည့်ပံ့ပိုးကူညီမှုများကို မိမိတို့အနေဖြင့် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း။

ယခုဖိုရမ်တွင် နှစ်နိုင်ငံစလုံးမှ အထင်ကရစီးပွားရေးအဖွဲ့အစည်းများ၊ လုပ်ငန်း ရှင်များတက်ရောက်နေကြခြင်းဖြစ်သည့်အတွက် ဘယ်လာရုစ်နိုင်ငံမှ လုပ်ငန်းရှင် များအနေဖြင့် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို လေ့လာသုံးသပ်ပြီး ရေရှည်အကျိုးရှိမည့် ပူးပေါင်းစီမံကိန်းများ ဖော်ဆောင်ကြရန် ဖိတ်ခေါ်လိုကြောင်း၊ မြန်မာ - ဘယ်လာရုစ်နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းဖြင့် နှစ်နိုင်ငံကုန် သွယ် မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးတက်လာနိုင်ပြီး၊ ပြည်သူအချင်းချင်း နွေးထွေးသည့် ကူးလူးဆက်သွယ်မှုမှတစ်ဆင့် “အပြန်အလှန်အကျိုးရှိသော မိတ်ဖက် ဆက်ဆံရေး၊ ရေရှည်တည်တံ့သော ရင်းနှီးမြှုပ်နှံမှုနှင့် အတူတကွ ဖွံ့ဖြိုးတိုးတက်မှု”ကို ဆောင်ကျဉ်းနိုင်မည်ဖြစ်ကြောင်း။

ယခုစီးပွားရေးဖိုရမ်မှတစ်ဆင့် နှစ်နိုင်ငံမဟာဗျူဟာမြောက် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုအတွက် သမိုင်းစာမျက်နှာသစ်ကို အတူတကွဖွင့်လှစ်ပြီး၊ ဖွံ့ဖြိုးတိုးတက်မှု ခရီးလမ်းကို ယုံကြည်မှုအပြည့်နှင့်အတူ လက်တွဲလျှောက်လှမ်းကြရန် ဖိတ်ခေါ်ပါ ကြောင်း ပြောကြားသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ခင်းကျင်း ပြသထားသည့် မြန်မာနိုင်ငံမှ ထုတ်ကုန်ပစ္စည်းပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြ ကြောင်းသတင်းရရှိသည်။(သတင်းစဉ်)