ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Roscosmos နိုင်ငံပိုင်ကော်ပိုရေးရှင်း၏ အထွေထွေညွှန်ကြား ရေးမှူးချုပ် ဦးဆောင်သည့်အဖွဲ့ကလာရောက်ဂါရဝပြုတွေ့ဆုံ
နေပြည်တော်၊ ဩဂုတ် - ၁၉
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ Roscosmos နိုင်ငံပိုင်ကော်ပိုရေးရှင်း၏ အထွေထွေညွှန်ကြား ရေးမှူးချုပ် Mr. Dmitry V. Bakanov ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲတွင် တည်းခိုရာဟိုတယ်၌ လာရောက်ဂါရဝပြု တွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်အဖွဲ့ဝင်အဖြစ် လိုက်ပါ သွားသည့် ပြည်ထောင်စုဝန်ကြီးများ၊ မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ်၊ ဒုတိယဝန်ကြီးများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် တာဝန် ရှိသူများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Roscosmos နိုင်ငံပိုင်ကော်ပို ရေးရှင်း၏ အထွေထွေညွှန်ကြားရေးမှူးချုပ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ သံအမတ်ကြီးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ရုရှားအာကာသစနစ်များကုမ္ပဏီ(RSS)နှင့် မြန်မာအာကာ သအေဂျင်စီတို့အကြား ကမ္ဘာမြေစောင့်ကြည့်လေ့လာရေး(ERS) ဂြိုဟ်တုဓာတ်ပုံဖမ်း ယူရေးသဘောတူစာချုပ် ချုပ်ဆိုပြီးစီးမှုနှင့် ဒေတာများဖမ်းယူလျက်ရှိမှု၊ အာကာသအေဂျင်စီနှစ်ခုအကြား တိုက်ရိုက်ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ခြင်းဖြင့် ရုရှား-မြန်မာနှစ်နိုင်ငံကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများထဲမှ ကြီးမားသည့် အောင်မြင်မှု မှတ်တိုင်တစ်ခု ဖြစ်သကဲ့သို့ မြန်မာနိုင်ငံ၏ အာကာသနည်းပညာ ဖွံ့ဖြိုးတိုးတက်မှု အတွက်လည်း အထောက်အကူဖြစ်စေမှု၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အစိုးရတို့အကြား “ငြိမ်းချမ်းသော ရည်ရွယ် ချက်များအတွက် ပြင်ပအာကာသစူးစမ်း လေ့လာရေးနှင့် အသုံးပြုမှုနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်”ကို လက်မှတ်ရေးထိုးနိုင်ခဲ့မှုနှင့် နိုင်ငံတော်သမ္မတ၏ ယခုခရီးစဉ်အတွင်း မြန်မာအာကာသအေဂျင်စီနှင့် ROSCOSMOS တို့အကြား အာကာသယာဉ်မှူး ရွေးချယ်လေ့ကျင့်ရေး၊ ဂြိုဟ်တုအခြေပြု ရှာဖွေကယ် ဆယ်ရေးစနစ် (COSPAS-SARSAT)၊ ဂြိုဟ်တုလမ်းညွှန်မှု စနစ်တိုင်းတာရေးစခန်း (One Way Station)နှင့် ကမ္ဘာ့အနီး အာကာသအန္တရာယ် အလိုအလျောက်သတိပေးစနစ် (ASPOS)တို့ကို လက်တွေ့ပူးပေါင်းအကောင်အထည်ဖော်ရန်အတွက် နားလည်မှုစာချွန် လွှာများ၊ စာချုပ်များ လက်မှတ်ရေးထိုးနိုင်ခဲ့မှု၊ မြန်မာနိုင်ငံမှ အာကာသ ယာဉ်မှူး ရွေးချယ်လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ ဂြိုဟ်တုအခြေပြု ကာကွယ်ရေးစနစ် (COPAD-SARSAT)၊ ဂြိုဟ်တုလမ်းညွှန်မှုစနစ် တိုင်းတာရေးစခန်း(One Way Station)၊ ကမ္ဘာ့အနီး အာကာသအန္တရာယ်အလိုအလျောက် သတိပေးစနစ်(ASPOS)၊ Rassvet အနိမ့်ပျံဆက်သွယ်ရေးဂြိုဟ်တုစနစ်တို့ကို အကောင် အထည်ဖော် ဆောင်ရွက်မည့်ကိစ္စရပ်များ၊ နာနိုဂြိုဟ်တုတည်ဆောက်လွှတ်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ အာကာသနည်းပညာဖွံ့ဖြိုးတိုးတက်ရေး၊ လူသားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်သာမက ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံ အကြား အာကာသကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင် ဆောင်ရွက် သွားမည့်အခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် Roscosmos နိုင်ငံပိုင်ကော်ပိုရေးရှင်း၏ အထွေထွေညွှန်ကြားရေးမှူးချုပ်တို့သည် အမှတ်ရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။(သတင်းစဉ်)

