ရှမ်းပြည်နယ်၊ ဝမ်ဟိုင်းမှ ရခိုင်ပြည်နယ်သို့သယ်ဆောင်ရောင်းဝယ်သည့် ငွေကျပ် ၃၆ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၄ သန်းကျော်အား မင်းလှမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် ဖမ်းဆီးရမိ
နေပြည်တော်၊ ဩဂုတ် ၁၉
နိုင်ငံတော်အစိုးရအနေဖြင့်အနာဂတ်မျိုးဆက်သစ်လူငယ်များအပါအဝင် လူသားမျိုးနွယ်စု တစ်ရပ်လုံးကို အန္တရာယ်ဖြစ်စေသည့် မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှုများအား အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ထိရောက်စွာတားဆီးနှိမ်နင်းတိုက်ဖျက်လျက်ရှိရာ ဩဂုတ်လ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မကွေးတိုင်း ဒေသကြီး၊ မင်းလှမြို့နယ်၊ သရက်-မင်းလှသွားကားလမ်းတွင် ဇေယျာမိုး မောင်းနှင်သည့် DONGFENG ယာဉ်နှင့် အောင်မင်းသန့် မောင်းနှင်သည့် FORLAND မော်တော်ယာဉ်တို့အား သတင်းအရရှာဖွေရာ အဆိုပါယာဉ် ၂ စီးပေါ်မှ စိတ်ကြွဆေးပြား ၉၇ ဒသမ ၅ သိန်းအား ဖမ်းဆီးရမိခဲ့ပါသည်။
ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ကွင်းဆက် အဆင့်ဆင့် စစ်ဆေးဖော်ထုတ်ဖမ်းဆီးခဲ့ရာ ဩဂုတ်လ ၁၃ ရက်နေ့တွင် ဖမ်းဆီးရမိ စိတ်ကြွ ဆေးပြားများသယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်သည့် ရဲရင့်လှိုင်(ခ)ရဲရင့်အား နောင်ချိုမြို့နယ်၊ ဘန့်ဘွေးတိုးဂိတ်တွင်လည်းကောင်း၊ သက်ဝေအောင်(ခ)စိုင်းလေးအား မဟာအောင်မြေမြို့နယ်တွင် HONDA INSIGHT ယာဉ် ၁ စီးနှင့်လည်းကောင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် သူရဇော်(ခ)ကိုဟိန်းအား HONDA FIT ယာဉ် ၁ စီးနှင့်လည်းကောင်း၊ ချမ်းမြသာစည်မြို့နယ်တွင် နေဇာအောင်အား လည်းကောင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပါသည်။
စစ်ဆေးဖော်ထုတ်ချက်များအရ ယင်းနေ့ညနေ ၅ နာရီခွဲအချိန် ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ၄၉ လမ်းနှင့် ၁၁၅ လမ်းရှိ ခြံဝင်းအတွင်းမှ DONGFENG ယာဉ် ၁ စီး၊ FAW မော်တော်ယာဉ် ၂ စီးနှင့် (ည)ရပ်ကွက်၊ ၅၃ လမ်းနှင့် ၁၃၉ x ၁၄၀ လမ်းကြားရှိ ခြံဝင်းအတွင်းမှ DONGFENG ယာဉ် ၁ စီး စုစုပေါင်း မော်တော်ယာဉ် ၄ စီးပေါ်မှ စိတ်ကြွဆေးပြား ၁၄၄ သိန်း ထပ်မံဖော်ထုတ်ဖမ်းဆီးရမိခဲ့ပါသည်။
၎င်းတို့၏ဖော်ထုတ်ချက်အရ ဩဂုတ်လ ၁၄ ရက်နေ့တွင် စိတ်ကြွဆေးပြားများအား ရှမ်းပြည်နယ်၊ ဝမ်ဟိုင်းမှ မကွေးတိုင်းဒေသကြီး၊ မင်းတုန်းသို့ သယ်ဆောင်ရောင်းဝယ်သူများဖြစ်သည့် နွေးရှိုင်းမင်း(ခ)ကိုရှိုင်းနှင့် အောင်စိုးဦးတို့အား ရန်ကုန်-မန္တလေးအမြန်လမ်း၊ ၁၁၅ မိုင်တိုးဂိတ်တွင် LAND CRUISER ယာဉ် ၁ စီးနှင့်လည်းကောင်း၊ ဩဂုတ်လ ၁၅ ရက်နေ့တွင် စိန်ဝင်းမောင်အား မင်္ဂလာတောင်ညွန့်မြို့နယ်တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းငွေကျပ် ၃၆ ဒသမ ၂၂၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၄ ဒသမ ၁၅ သန်းအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပါသည်။
ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိ စိတ်ကြွဆေးပြားများအား ရောင်းချ ပေးခဲ့သူမှာ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းနေ စိုင်းဆမ်(ခ)လောပန်း(ဖမ်းဆီးရန်ကျန်)ဖြစ်ပြီး စိတ်ကြွ ဆေးပြားများဝယ်ယူ၍ မင်းတုန်းမြို့သို့အဓိကရောင်းဝယ်သူများမှာ စိန်ဝင်းမောင်နှင့် နွေးရှိုင်းမင်း(ခ) ကိုရှိုင်းတို့ဖြစ်ကြောင်း၊ ၎င်းတို့၏စီမံမှုဖြင့် သက်ဝေအောင်(ခ)စိုင်းလေးမှာ ရှမ်းပြည်နယ်မှ မင်းတုန်း မြို့သို့ သယ်ဆောင်မှုတစ်ခုလုံးအတွက် တာဝန်ယူရကြောင်း၊ နေဇာအောင်သည် မိုင်းရယ်မှ မန္တလေးသို့ လည်းကောင်း၊ သူရဇော်(ခ)ကိုဟိန်းသည် မန္တလေးမှမင်းတုန်းသို့လည်းကောင်း တာဝန်ခံ၍ သယ်ဆောင် ပေးရကြောင်း၊ သျှမ်းကိုကိုထက်(ခ)ကိုဖျော်(ဖမ်းဆီးရန်ကျန်)နှင့် ရဲရင့်လှိုင်(ခ)ရဲရင့်တို့သည် ယာဉ်မောင်း များအား ရှာဖွေစုဆောင်း၍ သယ်ဆောင်မောင်းနှင်ခိုင်းခြင်းဖြစ်ကြောင်း၊ စိတ်ကြွဆေးပြားများအား မင်းတုန်းတွင်လက်ခံပြီး ရခိုင်ပြည်နယ်သို့ ဆက်လက်သယ်ဆောင်သူများမှာ AA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ စီးပွားရေးတာဝန်ခံများဖြစ်ကြသည့် ထွန်းကျော်(ဖမ်းဆီးရန်ကျန်)နှင့် ဘညွန့် (ဖမ်းဆီးရန်ကျန်) တို့ဖြစ်ကြောင်း သိရှိရပါသည်။
စိတ်ကြွဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင် ငွေကြေးစီးဆင်းမှုများအား စိစစ် ဖော်ထုတ်ခဲ့ရာ စိန်ဝင်းမောင်၏ ငွေကြေးစီးဆင်းမှုများအား နေလင်းအောင် (ဖမ်းဆီးရန်ကျန်)မှ လည်းကောင်း၊ နွေးရှိုင်းမင်း(ခ)ကိုရှိုင်း၏ ငွေကြေးစီးဆင်းမှုများအား အောင်စိုးဦးမှ လည်းကောင်း၊ သက်ဝေအောင်(ခ) စိုင်းလေး၏ ငွေကြေးစီးဆင်းမှုများအား အောင်ကျော်ကျော် (ဖမ်းဆီးရန်ကျန်)မှ လည်းကောင်း၊ ထွန်းကျော် (ဖမ်းဆီးရန်ကျန်)၏ ငွေကြေးစီးဆင်းမှုများအား လှရွှေ(ဖမ်းဆီးရန်ကျန်)မှ လည်းကောင်း၊ ဘညွန့်(ဖမ်းဆီးရန်ကျန်)၏ ငွေကြေးစီးဆင်းမှုများအား ဝင်းသန်း(ဖမ်းဆီးရန်ကျန်)မှ လည်းကောင်း အသီးသီးဆောင်ရွက်ခဲ့ကြောင်းသိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူ များအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း နိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။