တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး (၉)ကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးတက်ရောက်ရန်ထွက်ခွာ

Wednesday, August 19, 2026 - 11:15

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး (၉)ကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးတက်ရောက်ရန်ထွက်ခွာ

နေပြည်တော်၊ ဩဂုတ် -၁၉

        ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၉)ကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိ ကြီးများအစည်းအဝေး (9th Thailand- Myanmar High Level Committee Meeting) ကို တက်ရောက်ရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် တပ်မတော်အထူးလေယာဉ်ဖြင့် နေပြည်တော်လေဆိပ်မှထွက်ခွာကြသည်။

        တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့အား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံစစ်သံရုံးမှ တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

        တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့်မြန်မာ့တပ်မတော်ကိုယ်စားလှယ် အဖွဲ့တွင် ဇနီး  ဒေါ်နီလာနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ အဖွဲ့ ဝင်အဖြစ်လိုက်ပါသွားကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့်မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့လိုက်ပါလာသည့် တပ်မတော်အထူးလေယာဉ်သည်  ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ ထိုင်းဘုရင့်လေတပ်၊ Wing 6 သို့ရောက်ရှိကြရာ ထိုင်းဘုရင့်တပ်မတော်မှ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Air Chief Marshsl Seksun Chaiyamart နှင့်ဇနီး၊ ထိုင်းဘုရင့် တပ်မတော်အရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်(ရုံး)မှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ကိုထိုက်နှင့် 9th Thailand- Myanmar High Level Committee Meeting အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင်များ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုး၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ဝင်းသူလင်း နှင့် တာဝန်ရှိ သူများက လေဆိပ်တွင်ကြိုဆိုနှုတ်ဆက်ကြသည်။

        အဆိုပါ ခရီးစဉ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့တက်ရောက်ပြီး ထိုင်းနိုင်ငံမှ တပ်မတော် အကြီးအကဲများနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

        အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ကိုထိုက် ဦးဆောင်သော 9thThailand- Myanmar High Level Committee Meeting အတွင်းရေးမှူး အဖွဲ့အဖွဲ့ဝင်များသည် ဩဂုတ် ၁၆ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ ကြိုတင် ထွက်ခွာခဲ့ကြပြီး လုပ်ငန်းညှိနှိုင်းအစည်းဝေးများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။