ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်  ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင် နှင့် ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေး နေပြည်တော်၊ ဩဂုတ် - ၁၈

Wednesday, August 19, 2026 - 09:45

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်  ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင် နှင့် ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဩဂုတ် - ၁၈

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာ ဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန် ညနေ ၃ နာရီတွင် မော်စကိုမြို့၊ ကရင်မလင် နန်းတော်၌ ရုရှား ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင် နှင့် တွေ့ဆုံဆွေးနွေးသည်။

ဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် တွေ့ဆုံပွဲ ကျင်းပမည့် ကရင်မလင်နန်းတော်သို့ ရောက်ရှိရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ က ရင်းရင်းနှီးနှီး ခရီးဦးကြိုဆိုနှုတ်ဆက်ပြီး သီးခြားတွေ့ဆုံဆွေးနွေးသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်အဖွဲ့ဝင် အဖြစ် လိုက်ပါသွားသော ပြည်ထောင်စုဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေး ရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးတို့ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတနှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ရုရုားဖက်ဒရေးရှင်း နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတ၏ လက်ထောက်နှင့် အစိုးရအဖွဲ့အကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ် ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ဦးစွာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်က ခရီးဦးကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် ယခုကဲ့သို့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များကို ယခုကဲ့သို့ ထပ်မံ တွေ့ဆုံခွင့်ရသည့်အတွက် လွန်စွာဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း၊ ယခုအခါ မြန်မာ နိုင်ငံတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး ရေဘေးသင့်ပြည်သူများကို မိမိအနေဖြင့် စာနာထောက်ထားပြီး အားပေးသည်ကို ပြောကြားလိုပါကြောင်း၊ မိမိတို့နိုင်ငံ၏ သံတမန် ဆက်ဆံမှုအနေဖြင့် ၁၉၄၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး သမိုင်းတစ်လျှောက်တွင် နှစ်နိုင်ငံဆက်ဆံရေးစွာကောင်းမွန်စွာ တိုးတက်လျက်ရှိနေပါကြောင်း၊ မြန်မာနိုင်ငံအနေ ဖြင့် ရုရှား-အာဆီယံ အဖွဲ့အကြား ပူးပေါင်းဆောင်ရွက်ရေးကို အကူအညီပေးသည့် အတွက် မိမိတို့အနေဖြင့်ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတကာမျက်နှာ စာတွင် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်လျက်ရှိနေပါကြောင်း၊ စီးပွားရေးနယ်ပယ် တွင်လည်း ပိုမိုပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပူးပေါင်းဆောင် ရွက်၍ရသည့်စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လုံခြုံရေးနယ်ပယ်တွင်လည်း နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်လျက်ရှိကြောင်း၊ ယခု အဆွေတော်၏ ရုရှားနိုင်ငံသို့ခရီးစဉ်အတွင်း တွေ့ဆုံဆွေးနွေးပွဲများ၊ လေ့လာစရာများ ရှိပါကြောင်း၊ ယခုခရီးစဉ်အတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်အသီးသီးကို အသေးစိတ်ဆွေးနွေးဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ကြောင်း၊ ယခုကဲ့သို့ တွေ့ဆုံ ဆွေးနွေးခွင့်ရသည့်အတွက် အထူးပင်ဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်းဖြင့် ပြောကြား သည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတက ပြန်လည် ဆွေးနွေးပြောကြားရာတွင် မိမိနှင့်ကိုယ်စားလှယ်အဖွဲ့ဝင်များအား ယခုကဲ့သို့လှိုက်လှဲ နွေးထွေးစွာကြိုဆိုမှုအတွက် များစွာဝမ်းမြောက်ဂုဏ်ယူကြောင်းနှင့် ကျေးဇူးတင်ရှိ ပါကြောင်း၊ မိမိအနေဖြင့် ရုရှားနိုင်ငံသို့အကြိမ်ကြိမ်လာရောက်ခဲ့ဖူးပြီး ယခုအခါ သမ္မတ အဖြစ်ရွေးချယ်တင်မြှောက်ခံရပြီးနောက်ပိုင်းတွင် ပထမဆုံးလာရောက်ခဲ့သည့် ခရီးစဉ် ဖြစ်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်အပါအဝင် နယ်ပယ်ပေါင်းစုံတွင် တတ်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆွေတော် ပြောကြားသကဲ့သို့ မိမိတို့နိုင်ငံတွင် ပြီးခဲ့သည့်လမှစတင်၍ ရေကြီးရေလျှံမှုများဖြစ်ပေါ် လျက်ရှိကြောင်း၊ ထိုအပေါ်တွင် အဆွေတော်အနေဖြင့် မြန်မာပြည်သူများအပေါ် စာနာထောက်ထားကြောင်း ပြောကြားပေးသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါ ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ပြီးခဲ့တဲ့နှစ်အတွင်း မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့ပြီး ဆုံးရှုံးမှုများလည်းများစွာရှိခဲ့ကြောင်း၊ ထိုအချိန်တွင် အဆွေတော်တို့အနေဖြင့် အထူးအဖွဲ့ များစေလွှတ်၍ ကယ်ဆယ်ရေးအဖွဲ့များစေလွှတ်ပေးခဲ့သည်ကို ယခုအချိန်အထိ မမေ့ပါ ကြောင်းနှင့် ကျေးဇူးတင်ရှိသည်ကိုပြောကြားလိုကြောင်း၊ မိမိတို့နှစ်နိုင်ငံအနေဖြင့် ကဏ္ဍ ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးတွင် အရှိန်အဟုန်ပြင်းစွာဖြင့် တိုးတက်လျက်ရှိနေပြီး ရှေ့ဆက်၍ ပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ်များလည်း များစွာရှိနေပါကြောင်း၊ အဆွေ တော်နှင့် အသေးစိတ်ဆွေးနွေးနိုင်မည်ဟုလည်း မျှော်လင့်ထားပါကြောင်း၊ မိမိတို့နိုင်ငံ အနေဖြင့် နိုင်ငံတကာနှင့် ဆက်ဆံရေးနယ်ပယ်များတွင်လည်း ပြောင်းလဲတိုးတက် လာပြီဖြစ်ပါကြောင်း၊ ဆက်လက်လုပ်ဆောင်ရန်နယ်ပယ်များလည်း များစွာကျန်ရှိ နေသေးကြောင်း၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် ကဏ္ဍပေါင်းစုံတွင် ရုရှားနိုင်ငံ အနေဖြင့် နှစ်ပေါင်းများစွာအားပေးကူညီခဲ့ပြီး လက်ရှိဖွံ့ဖြိုးတိုးတက်မှုများသည်လည်း ရုရှားနိုင်ငံ၏ အားပေးထောက်ခံမှုများစွာပါဝင်သဖြင့် ကျေးဇူးတင်ရှိသည်ကို ထပ်မံ ပြောကြားလိုပါကြောင်း၊ သမိုင်းကြောင်းအရ ရှည်လျားစွာရှိသည့် မိမိတို့နှစ်နိုင်ငံဆက်ဆံ ရေးသည့် အနာဂတ်တွင်လည်း ခိုင်မြဲစွာရှိနေမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ရုရှား နိုင်ငံ၏ အရှေ့တောင်အာရှတွင် ယုံကြည်စိတ်ချရသည့်မိတ်ဆွေနိုင်ငံအဖြစ် အမြဲတည် ရှိနေမည်ကို ပြောကြားလိုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အမြဲအသင့်ရှိပါကြောင်း ဖြင့်ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာ ဒီမာ ပူတင်တို့ သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် နိုင်ငံတော်အစိုးရ အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုအခြေအနေ များ၊ အွန်လိုင်းလောင်းကစားမှုများနှင့် အွန်လိုင်းငွေကြေးလိမ်လည်မှုများ ပပျောက် စေရေးအတွက် မြန်မာနိုင်ငံအနေဖြင့် ပြင်းပြင်းထန်ထန်နှိမ်နင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ ဒေသတွင်းနိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက် လျက်ရှိမှုအခြေအနေများနှင့် အာဆီယံအဖွဲ့အတွင်း အကောင်းဆုံးပူးပေါင်းဆောင်ရွက် လျက်ရှိမှုအခြေအနေများ၊ မြန်မာ-ရုရှားနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ကာကွယ် ရေး၊ လုံခြုံရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှု၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ အာကာသ နည်းပညာ၊ ကျန်းမာရေးနှင့် ခရီးသွားကဏ္ဍ အပါအဝင် နယ်ပယ်ပေါင်းစုံတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့်အခြေအနေများ၊ စွမ်းအင်ကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေးနှင့် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် တည်ဆောက် ရေးတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ နှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့် ပြန့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

၎င်းနောက် နိုင်ငံတော်သမ္မတနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတတို့သည် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲကိုတက်ရောက်ကြသည်။

အဆိုပါဆွေးနွေးပွဲတွင် နှစ်နိုင်ငံဝန်ကြီးများက စက်မှုကုန်ထုတ်လုပ်မှုကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ ဒီဂျစ်တယ်ငွေကြေးစနစ် အကောင်အထည်ဆောင်ရွက်ရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊  သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ အာကာသသိပ္ပံနှင့်နည်းပညာပူးပေါင်း ဆောင်ရွက်ရေးကဏ္ဍ၊ လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေးကဏ္ဍ၊ ကုန်သွယ်ရေကြောင်းပို့ကုန်နှင့် ပို့ဆောင်ရေးကဏ္ဍနှင့် အခြား ပူးပေါင်းဆောင်ရွက်နိုင်သည့် ကဏ္ဍများနှင့်ပတ်သက်၍ အပြန်အလှန်ဆွေးနွေးကြ သည်။ ဆွေးနွေးမှုများအပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတ နှင့်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတတို့ က လိုအပ်သည်များဖြည့်စွက်ဆွေး နွေးခဲ့ ကြကြောင်းသတင်းရရှိသည်။

ယင်းနောက် နှစ်နိုင်ငံအစိုးရ နှစ်ရပ်အကြား သဘောတူညီချက်များနှင့် နားလည် မှု စာချွန်လွှာများ လက်မှတ်ရေးထိုးလဲလှယ်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပ ပြုလုပ်ရာ နှစ်နိုင်ငံအကြား  တစ်ဖက်သတ်အကျပ်ကိုင်ဆောင်ရွက်မှုများ၏ ဆိုးရွား သောသက်ရောက်မှုများကို တုန့်ပြန်ဖြေရှင်းရန် နည်းလမ်းများနှင့်ပတ်သက်သည့် ကြေညာချက်၊ လျှပ်စစ်စွမ်းအားကဏ္ဍနှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍများအတွက် နားလည်မှုစာချွန်လွှာ၊  ရေဒီယို အီလက်ထရောနစ်လုပ်ငန်းနှင့် ဒီဂျစ်တယ်နည်းပညာ နယ်ပယ် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ ယှဉ်ပြိုင်မှုအဖွဲ့အစည်း တို့အကြား ပူးပေါင်းဆောင်ရွက်ရေးစာချွန်လွှာ၊ ယဉ်ကျေးမှုနှင့် အနုပညာနယ်ပယ်ဆိုင် ရာ ပူးပေါင်းဆောင်ရွက်ရေးနာလည်မှုစာချွန်လွှာ၊ သတင်းအချက်အလက်နှင့် ဆက် သွယ်ရေးနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာ၊ ဂြိုလ်တု လမ်းညွှန်မှုစနစ်၊ လူလိုက်ပါသော အာကာသခရီးစဉ်များ ဂြိုလ်တုအခြေပြု ရှာဖွေ ကယ်ဆယ်ရေးစနစ် COSPAS-SARSAT နှင့် ကမ္ဘာအနီး အာကာသအတွင်း အန္တရာယ် ရှိသောအခြေအနေများအတွက် အလိုအလျောက်သတိပေးစနစ် (ASPOS)နယ်ပယ် များတွင် ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာနှင့် မြန်မာအာကာသအေဂျင် စီနှင့် Plekhanov Russian University of Economics တို့အကြား နားလည်မှု စာချွန် လွှာ၊ မြန်မာအာကာသအေဂျင်စီနှင့် Bauman Moscow State Technical University တို့အကြား နားလည်မှုစာချွန်လွှာများအပါအဝင် စုစုပေါင်း နားလည်မှုစာချွန်လွှာ ၁၂ ခုတို့ကို ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများက ရုရှားဖက်ဒရေးရှင်းနိုင်ငံဘက်မှ သက်ဆိုင်ရာဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ တို့ရှေ့မှောက်၌ အသီးသီးလက်မှတ် ရေးထိုးလဲလှယ်ခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံသမ္မတတို့သည် မီဒီယာများအား နှစ်နိုင်ငံပူးတွဲကြေညာချက်များကို အပြန်အလှန်ပြောကြားခဲ့ကြောင်းနှင့် နှစ်နိုင်ငံပူးတွဲကြေညာချက်များ အပြန် အလှန် ပြောကြားမှုကို သီးခြားဖော်ပြသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။