ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်နိုင်ငံ ဒူးမားလွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေး
နေပြည်တော်၊ ဩဂုတ် - ၁၈
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၌ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိ နေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့ ဒေသစံတော်ချိန်နံနက် ၁၀ နာရီတွင် ဒူးမားလွှတ်တော် ဥက္ကဋ္ဌ H.E. Mr. Vyacheslav Volodin နှင့် ဒူးမားလွှတ်တော်အဆောက်အဦ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာချောချောစိန်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးကိုကိုလွင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမိုးအောင်နှင့်တာဝန်ရှိသူများတက်ရောက်ကြပြီး ဒူးမားလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ဒုတိ ယဥက္ကဋ္ဌ Mr. Sholban Kara-Ool ၊ နှင့် လွှတ်တော်ကော်မတီများမှ တာဝန်ရှိ သူများတက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ သည် တွေ့ဆုံပွဲကျင်းပပြုလုပ်မည့် ဒူးမားလွှတ်တော်အဆောက်အဦသို့ ရောက်ရှိကြရာ ဒူးမား လွှတ်တော်ဥက္ကဋ္ဌက ကြိုဆိုနှုတ်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ယင်းနောက်တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတနှင့်ဒူးမား လွှတ်တော် ဥက္ကဋ္ဌတို့သည် နှစ်နိုင်ငံဥပဒေပြုရေးမဏ္ဍိုင်များဖြစ်သည့် လွှတ်တော်များအကြား ချစ်ကြည် ရင်းနှီးမှု၊ အပြန်အလှန်နားလည်ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမည့်အခြေအနေများ၊ လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်မှုများမှ တစ်ဆင့် နှစ်နိုင်ငံနှင့် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက် ကောင်းမွန် လာနိုင်သည့်အခြေအနေများ၊ နှစ်နိုင်ငံအကြား ဆက်ဆံမှုများဆောင်ရွက် ရာတွင် သာတူညီမျှမှု၊ အပြန်အလှန်လေးစားမှု၊ ပြည်တွင်းရေးမစွက်ဖက်မှုများကို အခြေခံပြီး ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ လွှတ်တော်များအကြား အပြန်အလှန် လေ့လာရေး ခရီးစဉ်များဆောင်ရွက်၍ အတွေ့အကြုံများဖလှယ်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံ အနေဖြင့် လက်ရှိအချိန်တွင် တရားမျှတပြီး သိက္ခာရှိသည့် ရွေးကောက်ပွဲကို အောင်မြင် စွာကျင်းပနိုင်ခဲ့ပြီး ပြည်သူ့ဆန္ဒကို လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက် မည့် ပြည်သူ့ကိုယ်စားလှယ်များပါဝင်သော လွှတ်တော်များနှင့် ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်း အေးချမ်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိမှုနှင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း ပေါ်တွင် ခိုင်ခိုင်မာမာ ဆက်လက်လျှောက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပပြုလုပ်ချိန်တွင် ရုရှားနိုင်ငံ အပါ အဝင် နိုင်ငံတကာမှ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးအဖွဲ့များ လာရောက် လေ့လာခဲ့ မှုနှင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်ခဲ့သည်ကို လေ့လာတွေ့ရှိခဲ့ရမှု အခြေ အနေများ၊ နှစ်နိုင်ငံလွှတ်တော် နှစ်ရပ်အကြားပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည် ရင်းနှီးမှုများ ပိုမိုခိုင်မာစေရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် နှစ်နိုင်ငံ အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက် မှုများ ဆက်လက်မြှင့် တင်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြ သည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတ က ဒူးမားလွှတ်တော် ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင် များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်းသတင်းရရှိသည်။ (သတင်းစဉ်)

