ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မော်စကိုမြို့ရှိ အညတရစစ်သည် ဂူဗိမာန်၌ လွမ်းသူပန်းခွေချ အလေးပြု
နေပြည်တော်၊ ဩဂုတ် - ၁၈
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၌ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် မော်စကိုမြို့ရှိ အညတရစစ်သည်ဂူဗိမာန်၌ လွမ်းသူပန်းခွေချ၍ အလေးပြုသည်။
ဦးစွာ နိုင်ငံတော်သမ္မတ သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့်အတူ မော်စကိုမြို့ရှိ အညတရစစ်သည် ဂူဗိမာန်သို့ရောက်ရှိကြရာ ရှရှားဖက်ဒရေးရှင်း နိုင်ငံ အစိုးရမှတာဝန်ရှိသူများနှင့် မော်စကိုမြို့ စစ်ဘက်ဆိုင်ရာအကြီးအကဲတို့က ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် ရှေ့ဆောင်စစ်သည်နှစ်ဦး ဦးဆောင်၍ လွမ်းသူပန်းခွေအား သယ် ဆောင်ပြီး နိုင်ငံတော်သမ္မတက အညတရစစ်သည်ဂူဗိမာန်၌ လွမ်းသူပန်းခွေချ၍ ကျဆုံး လေပြီးသော သူရဲကောင်းများအား ရည်စူး၍ ၁ မိနစ်ငြိမ်သက်အလေးပြုကြသည်။ ထိုသို့ လွမ်းသူပန်းခွေချ အလေးပြုပြီးချိန်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သီချင်းအားတီးမှုတ် ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ဂုဏ်ပြုတပ်ဖွဲ့၏ ချီတက်အလေးပြုခြင်းကို ခံယူပြီး တာဝန်ရှိသူများကိုရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)


