ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိ
နေပြည်တော် ဩဂုတ် ၁၇
ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှား ဖက်ဒရေးရှင်း နိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်ရန်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်လေဆိပ်မှ ထွက်ခွာသည်။
နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့အား ဒုတိယသမ္မတများ ဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးနှင့် စစ်သံရုံးတို့မှ တာဝန်ရှိသူများကလေဆိပ်တွင် ပို့ဆောင်နှုတ်ဆက် ကြသည်။
နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာ ချောချောစိန်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးကိုကိုလွင်၊ ဒေါက်တာ ချာလီသန်း၊ မြန်မာ အာကာသအေဂျင်စီ အမှုဆောင် အရာရှိချုပ် ဒေါက်တာ စိုးမြင့်မောင်၊ တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော် အရာရှိများ၊ ဒုတိယ ဝန်ကြီးများနှင့် တာဝန်ရှိသူများ ခရီးစဉ်တွင် လိုက်ပါသွားကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ဒေသ စံတော်ချိန် ညနေ ၆ နာရီတွင် မော်စကိုမြို့ရှိ ဘနုကာဘာ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Mr. Maxim Gennadievich Reshetnikov ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးမျိုးမိုးအောင်၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov ၊ မြန်မာ စစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူး ချုပ် ကျော်စိုးဦးနှင့် သံရုံး၊ စစ်သံရုံး မိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။
လေဆိပ်တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံတော် ဂုဏ်ပြု တပ်ဖွဲ့က နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် လာရောက်သည့် နိုင်ငံ့ခေါင်းဆောင်များအား ကြိုဆိုသည့် အစဉ်အလာနှင့်အညီ ဂုဏ်ပြုကြိုဆိုခဲ့သည်။ ထို့နောက်နိုင်ငံတော်သမ္မတသည် အလေးပြုခံနေရာ၌ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူသည်။ ထိုသို့ဆောင်ရွက်စဉ် ဂုဏ်ပြု တပ်ဖွဲ့က နှစ်နိုင်ငံ နိုင်ငံတော် သီချင်းများအား တီးမှုတ်ဂုဏ်ပြု အလေးပြုကြသည်။
ထို့နောက် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဂုဏ်ပြု တပ်ဖွဲ့၏ ချီတက်အလေးပြုခြင်းကို ခံယူခဲ့သည်။
ခရီးစဉ်အတွင်း နိုင်ငံတော် သမ္မတသည် ရုရှားနိုင်ငံသမ္မတနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ရုရှားနိုင်ငံ ဝန်ကြီးချုပ်၊ ရုရှားနိုင်ငံဒူးမား လွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံဆွေးနွေးခြင်းတို့အပြင် ရုရှား အစိုးရပိုင်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး မြန်မာ - ရုရှား နှစ်နိုင်ငံအကြားရှိရင်းစွဲ ချစ်ကြည် ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုခိုင်မာစေရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေး ကဏ္ဍများ အပါအဝင် ကဏ္ဍပေါင်းစုံတွင် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးတက် ခိုင်မာစေရေးကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်သည်။ ခရီးစဉ်အတွင်း နိုင်ငံတော် သမ္မတသည် မြန်မာ - ရုရှား စီးပွား ရေး ဖိုရမ်သို့လည်း တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။(သတင်းစဉ်)




