ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကာဇက်စတန်သမ္မတနိုင်ငံ အာမတီဒေသ ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံဆွေးနွေး

Wednesday, August 19, 2026 - 09:30

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကာဇက်စတန်သမ္မတနိုင်ငံ အာမတီဒေသ ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် ဩဂုတ် ၁၇

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှား ဖက်ဒရေးရှင်း နိုင်ငံ တရားဝင်ခရီးစဉ်သွားရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၂၅ မိနစ်တွင် ကာဇက်စတန် သမ္မတနိုင်ငံ အာမတီမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိရာ အာမတီဒေသ ပြည်နယ် အုပ်ချုပ်ရေးမှူး မစ္စတာ ဒါရ်ခန် ဆာတီဘယ်လ်ဒီ၊ ကာဇက်စတန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အာမတီဒေသ ပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ဒါရ်ခန် ဆာတီ ဘယ်လ်ဒီတို့သည် လေဆိပ်ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးကြသည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၌ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ပြည်သူများက ရွေးကောက် တင်မြှောက်သည့် နိုင်ငံတော် အစိုးရမှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ နိုင်ငံတော်သမ္မတအနေဖြင့် နိုင်ငံတော်တာဝန်များကို စတင် ထမ်းဆောင်ချိန်မှစ၍ ပြည်ပနိုင်ငံများသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်ခဲ့ပြီး နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့် ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံနှင့် ကာဇက်စတန်နိုင်ငံတို့အကြား နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် လည်ပတ်မှုများဆောင်ရွက်ပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ကုန်သွယ်ရေး၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေ အနေများနှင့်ပတ်သက်၍ ရင်းရင်း နှီးနှီး ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတထံ အာမတီဒေသပြည်နယ်အုပ်ချုပ်ရေးမှူးက အမှတ်တရလက်ဆောင် ပစ္စည်းပေးအပ်ပြီး နိုင်ငံတော်သမ္မတက အာမတီဒေသပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ကာဇက် စတန်သမ္မတနိုင်ငံ အာမတီမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ဆက်လက်ထွက်ခွာကြရာ အာမတီဒေသ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ကာဇက်စတန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ရင်းရင်းနှီးနှီး ပို့ဆောင်နှုတ်ဆက် ခဲ့ကြောင်းသိရသည်။ (သတင်းစဉ်)