ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယသမ္မတနိုင်ငံ ရာဂျာစတန်ပြည်နယ်မှ အစိုးရအဖွဲ့အကြီးအကဲများနှင့်တွေ့ဆုံ

Wednesday, August 19, 2026 - 09:30

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယသမ္မတနိုင်ငံ ရာဂျာစတန်ပြည်နယ်မှ အစိုးရအဖွဲ့အကြီးအကဲများနှင့်တွေ့ဆုံ

နေပြည်တော် ဩဂုတ် ၁၇

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်‌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့သည်။

ကြိုဆိုနှုတ်ဆက်

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယ သမ္မတနိုင်ငံ ရာဂျာစတန်ပြည်နယ် ဂျေပူရ်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ရောက်ရှိကြရာ ရာဂျာစတန်ပြည်နယ် ဆေးဝါးနှင့် ကျန်းမာရေးဝန်ကြီး ဂါဂျန်ဒရာဆင်း နှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန် ရှိသူများ၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ဇော်မိုးလွင် နှင့် တာဝန်ရှိသူများက လေဆိပ် တွင် ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ သည် လေဆိပ်ဧည့်ခန်းမဆောင်တွင် ရာဂျာစတန်  ပြည်နယ်ဆေးဝါးနှင့် ကျန်းမာရေးဝန်ကြီးနှင့်တွေ့ဆုံ၍ နိုင်ငံတော်သမ္မတအနေဖြင့် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီ နာရန်ဒရာမိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ ဇွန်လအတွင်း တရားဝင်ခရီးစဉ် လာရောက်ခဲ့မှုနှင့် ခရီးစဉ်အတွင်း မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက် ကောင်းမွန်အောင် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများ၊ နှစ်နိုင်ငံပြည်သူများ အကြား ကူးလူးဆက်ဆံမှုများစွာရှိပြီး နှစ်နိုင်ငံဆက်ဆံရေးသည် လက်ရှိအချိန်တွင်ဒေသအတွင်း အကောင်းဆုံးဖြစ်သည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ နယ်စပ်ကုန်သွယ်မှုများ တိုးမြှင့်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ရာဂျာစတန်ပြည်နယ် ဆေးဝါးနှင့် ကျန်းမာရေးဝန်ကြီး ဂါဂျန်ဒရာဆင်းတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။

၎င်းနောက် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ဂျေပူရ် မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ဆက်လက်ထွက်ခွာရာ ရာဂျာစတန်ပြည်နယ် ဆေးဝါးနှင့် ကျန်းမာရေးဝန်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) နှင့်တာဝန်ရှိသူများက လေဆိပ် တွင် ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်