၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် တတိယအကြိမ် သစ်ပင်စိုက်ပျိုး ပွဲတော်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ သံတမန် ဇုန်၏ မြောက်ဘက် သစ်ခွလမ်းနှင့် ကစ္စပနဒီလမ်း ဘေးဝဲယာတို့တွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက် ရောက်၍ ကံ့ကော် ပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။
အခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ် တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ် ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများ၊ နေပြည်တော်ရှိ တက္ကသိုလ်၊ ကောလိပ်များနှင့် အခြေခံပညာကျောင်းများမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ကထိကဆရာ၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ဦးစွာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် သစ်ပင်စိုက်ပျိုးပွဲသည် ၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော် အဆင့် တတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော်ဖြစ်ပြီး ဒက္ခိဏသီရိမြို့နယ်၊ သံတမန်ဇုန်၏ မြောက်ဘက် သစ်ခွလမ်းနှင့် ကစ္စပနဒီလမ်း ဘေးဝဲယာတို့တွင် အရိပ်ရပြီး ရာသီ အလိုက် ရောင်စုံပန်းများပွင့်သည့် ပိတောက်၊ ခရေ၊ စိန်ပန်း၊ ကံ့ကော်၊ ပျဉ်းမ၊ စွယ်တော်၊ ပန်းမဲဇလီ အစရှိသည့် သစ်မျိုး (၁၀) မျိုးနှင့် ခရာဝါ၊ စိန်ပန်းကလေး၊ စက္ကူပန်း စသည့် ပန်းအလှပင် (၃)မျိူး ပျိုးပင်ပေါင်း (၃,၀၀၀)ကို စိုက်ပျိုးသွားမည်ဖြစ် ကြောင်း။
နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုးပွဲတော်များကို ယခင်က နေပြည်တော်၌သာ ကျင်းပခဲ့ခြင်းဖြစ်သော်လည်း ပြီးခဲ့သည့်နှစ်မှစ၍ မင်းဘူးမြို့နှင့် မိတ္ထီလာမြို့များတွင် လည်းကျင်းပခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း ဇူလိုင် (၁၂)ရက်၌ ပြင်ဦးလွင်မြို့နှင့် ဇူလိုင်(၁၃)ရက်၌ မင်းဘူးမြို့တို့တွင် နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပွဲတော် တစ်ကြိမ်စီ ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း။
သစ်ပင်စိုက်ပျိုးပွဲတော်များကို ပြုလုပ်ရသည့်ရည်ရွယ်ချက်မှာ နိုင်ငံတစ်ဝန်း သစ်တောများဖုံးလွှမ်းမှုတိုးတက်လာပြီး စိမ်းလန်းစိုပြည်သာယာလှပစေရေး၊ သဘာဝ ဘေးအန္တရာယ်များမှ တားဆီးကာကွယ်နိုင်ရေး၊ ရာသီဥတု မျှတကောင်းမွန်စေရေး စသည်တို့ပင်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ရည်ရွယ်ချက်ကောင်းများဖြင့် နိုင်ငံတော်က ဦးဆောင်ပြီး ပြည်သူလူထုပူးပေါင်းပါဝင်မှုနှင့်အတူ တစ်နိုင်ငံလုံးဒေသအသီးသီး၌ သစ်ပင်စိုက်ပျိုး ပွဲတော်များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိနေကြကြောင်း၊ နေပြည်တော်ကိုလည်း သန့်ရှင်းသပ်ရပ်ပြီး စိမ်းလန်းစိုပြည်သည့်မြို့တော်အဖြစ် တည်ဆောက်သည့်နေရာတွင် အထောက်အကူရစေရန် လည်းပါဝင်ကြောင်း။
နိုင်ငံတော်အနေဖြင့် နှစ်စဉ် သစ်ပင်စိုက်ပျိုးခြင်းကို အမျိုးသားရေးတာဝန် တစ်ရပ် အဖြစ် တိုက်တွန်းအားပေးဆောင်ရွက်လျက်ရှိရာ ယခုနှစ်မိုးရာသီတွင် နိုင်ငံ နှင့်အဝန်း နိုင်ငံပိုင်သစ်တောစိုက်ခင်းများ အပါအဝင် သစ်ပင်ပေါင်း ၂၁ ဒသမ ၃၇ သန်းကို စိုက်ပျိုး တည်ထောင်နိုင်ခဲ့ပြီး ဖြစ်ကြောင်း။
နိုင်ငံတော်သာယာဝပြောရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း စောင့် ရှောက် ရေးသည် အပြန်အလှန်မှီခို လျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်ပြီး ကမ္ဘာတစ်ဝန်း အကြီးမားဆုံးစိန်ခေါ်မှုမှာ “ရာသီဥတု ပြောင်းလဲမှု (Climate Change)” နှင့် “ကမ္ဘာကြီးပူနွေးလာမှု (Global Warming)” ပင် ဖြစ်ကြောင်း၊ အပူချိန် လွန်ကဲလာခြင်း၊ မိုးခေါင်ရေရှားခြင်း၊ သာမန်ထက် လွန်ကဲသည့် မိုးရွာသွန်းမှုများကြောင့် ရေကြီးရေလျှံခြင်းနှင့် ပြင်းထန်သည့် မုန်တိုင်းများ တိုက်ခတ်ခြင်း စသည့်သဘာဝ ဘေးအန္တရာယ်များကို ကမ္ဘာနှင့်အဝန်း ကြုံတွေ့ခံစားနေကြရသည်ကို အားလုံး အသိပင် ဖြစ်ကြောင်း။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများသည် သဘာဝဘေးအန္တရာယ်များကို နှစ်စဉ် ယခင်ကထက်ပိုပြီး ရင်ဆိုင်ကြုံတွေ့နေရသောကြောင့် သိသာထင်ရှားသည့် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိနေကြောင်း။
မိမိတို့နိုင်ငံတွင် မကြာသေးမီ ၂၀၂၃ ခုနှစ်က ကြုံတွေ့ခဲ့ရသည့် မိုခါမုန်တိုင်း၊ ၂၀၂၄ ခုနှစ်က တောင်တရုတ်ပင်လယ်မှ စတင်ဖြစ်ပေါ်ခဲ့သည့် စူပါတိုင်ဖွန်း ရာဂီ မုန်တိုင်းနှင့်အတူ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ သည် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းလာမှု၏ နောက်ဆက်တွဲ ဆိုးကျိုးများပင် ဖြစ်ကြောင်း၊ လက်ရှိကာလတွင်လည်း ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့၏ မြို့နယ်တချို့တွင် မိုးများစွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်သည်ကို အားလုံးအသိပင်ဖြစ်ကြောင်း။
ထို့ကြောင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးကို နိုင်ငံတော်အနေဖြင့် ကဏ္ဍ အသီးသီးတွင် စနစ်တကျအစီအမံဖြင့် အထူးအလေးထား ပေါင်းစပ်ဆောင်ရွက်နေ သည်ကို ဌာနဆိုင်ရာများနှင့် ပြည်သူအားလုံးက ပူးပေါင်းလုပ်ဆောင်ကြရန် လိုအပ်နေ သည်ကို သတိပေးမှာကြားလိုကြောင်း။
ထို့ကြောင့် သဘာဝဘေးအန္တရာယ်များကို လျော့ပါးသက်သာစေရေးအတွက် အရိုးရှင်းဆုံး၊အလွယ်ကူဆုံး၊ကုန်ကျစရိတ်အသက်သာဆုံးဖြင့် နေရာတိုင်းတွင်လူတိုင်း လုပ်နိုင်ပြီး အကျိုးကျေးဇူးများစွာရနိုင်သည့် သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများထိန်း သိမ်းခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
သစ်ပင်သစ်တောများသည် လူသားများအပါအဝင် ကမ္ဘာပေါ်တွင်ရှိသည့် သက်ရှိသတ္တဝါများအားလုံး၏ အသက်ရှင်ရပ်တည်ရေးအတွက် အခြေခံလိုအပ်ချက် ဖြစ်သည့် အောက်ဆီဂျင်ကို ထုတ်လုပ်ပေးနိုင်သည့် တစ်ခုတည်းသော ဂေဟစနစ် ဖြစ်သည့်အတွက် “အသက်ပံ့ပိုးမှုစနစ် - life Supporting System” အဖြစ် သတ်မှတ် ထားကြောင်း၊ သစ်ပင်သစ်တောများသည် ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတု ပြောင်းလဲ ဖောက်ပြန်မှု၊ သဘာဝဘေးအန္တရာယ်ကျရောက်မှုများကိုလည်း တားဆီးကာကွယ်ပေး ကြောင်း၊ ထိုမျှမက ရေနှင့်မြေဆီလွှာ ထိန်းသိမ်းရေးနှင့် စားရေရိက္ခာ ဖူလုံရေးစသည့် ဂေဟစနစ်ဝန်ဆောင်မှု များကိုလည်း ပံ့ပိုးပေးလျက်ရှိကြောင်း၊ သစ်ပင်သစ်တော များ သည် သဘာဝဂေဟစနစ် များအားလုံး၏ဗဟိုချက်ဖြစ်သည့်အတွက် စိုက်ပျိုးထိန်းသိမ်းပြီး စနစ်တကျ စီမံအုပ်ချုပ် ခြင်းအားဖြင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ပြီး နိုင်ငံ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အထောက်အကူပြုစေမည်ဖြစ်ကြောင်း။
သစ်ပင်စိုက်ပျိုးထိန်းသိမ်းခြင်းသည် ဇရပ်၊ တန်ဆောင်း၊ ကျောင်း ဆောက်လုပ် လှူဒါန်းခြင်း၊ လမ်းတံတား ဆောက်လုပ်လှူဒါန်းခြင်း၊ ရေတွင်းရေကန်တူးဖော် လှူဒါန်းခြင်း စသည်တို့နှင့် တန်းတူအကျိုးထူးများ ရရှိနိုင်သည့် ထာဝရကုသိုလ် တစ်ခုပင် ဖြစ်ကြောင်း၊ အေးမြသည့် အရိပ်အာဝါသ၊ လှပစိမ်းစိုသည့်ရှုခင်း၊ အရောင်စုံပြီး မွှေးပျံ့သည့်ပန်းရနံ့များကို လူတိုင်းကြိုက်နှစ်သက်သည်ဖြစ်သည့်အတွက် စိုက်သည့် သစ်ပင်တိုင်း ရှင်သန်အောင်မြင် စေလိုသည့် စိတ်ရင်းစေတနာကောင်းများဖြင့်သစ်ပင် စိုက်ပျိုးခြင်းဖြင့် တူညီသည့် အကျိုး ကျေးဇူးများကို ရရှိခံစားကြရမည်ဖြစ်ကြောင်း။
နိုင်ငံတစ်ဝန်း သစ်တောဖုံးလွှမ်းမှု တိုးတက်စေရေးအတွက် ဆောင်ရွက်လျက် ရှိသည့် သစ်တောများပြန်လည်ထူထောင်ရေးစီမံကိန်း၊ အပူပိုင်းဒေသ ၁၃ ခရိုင် စိမ်း လန်းစိုပြည်ရေးစီမံကိန်း၊ ကမ်းရိုးတန်းဒီရေတောများ ဘက်စုံစီမံအုပ်ချုပ်ခြင်းစီမံကိန်း စသည့် သစ်တောထိန်းသိမ်းရေး စီမံကိန်းလုပ်ငန်းများကိုလည်း ရည်မှန်းချက်များနှင့် အညီ အောင်မြင်အောင် အလေးထားဆောင်ရွက်ရန်တိုက်တွန်း မှာကြားလိုကြောင်း။
ထို့အပြင် အာဆီယံလမ်းမကြီး လမ်းဘေး ဝဲယာ၊ ပြည်ထောင်စု လမ်းမကြီး ဘေးဝဲယာများ၊ ကျေးရွာ ခရိုင်ချင်းဆက် လမ်းဘေး ဝဲယာများ၌ အရိပ်ရအပင်များ စိုက်ပျိုးခြင်း၊ သစ်တောသစ်ပင် ကျဲပါးသည့် တောင်ကုန်းထိပ်များ၊ မြစ်ချောင်းများ၏ ရေဝေရေလဲ ဧရိယာများတွင် သစ်ပင်များစိုက်ပျိုးထိန်းသိမ်းခြင်း၊ ကျေးရွာ ထင်းစိုက် ခင်းများနှင့် ဘက်စုံသုံးစိုက်ခင်းများ တည်ထောင်ခြင်း၊ မြို့ပြသစ်တောများ ဖွံ့ဖြိုးရေး၊ မြို့ပြဧရိယာများ စိမ်းလန်းစိုပြည်ရေးတို့ကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း၊ ထို့အပြင် စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်း သိမ်းပေးရုံသာမက နိုင်ငံ့စီးပွားရေးကို အထောက်အကူဖြစ်စေမည့် ဝါး၊ ရာဘာ စသည့် နှစ်ရှည်စက်မှုကုန်ကြမ်း သစ်ပင်မျိုးများကိုလည်း အခြေအနေပေးသည့်၊ ရနိုင်သည့် နေရာများတွင် စိုက်ပျိုးပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်း။
ယခုကဲ့သို့ သစ်ပင်စိုက်ပျိုးပွဲတော်များ ဆောင်ရွက်ခြင်းအပြင် မိသားစု အလိုက်၊ လူမှုရေးအသင်းအဖွဲ့များအလိုက်၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်များအလိုက်၊ သစ်ပင် စိုက်ပျိုးခြင်းကိုလည်း ဒေသအသီးသီး၌ အသွင်သဏ္ဍာန်အမျိုးမျိုးဖြင့် စိုက်ပျိုးကြရမည် ဖြစ်ပြီး “တစ်ပင်စိုက်၊ တစ်ပင်ရှင်သန်စေရေး” ကိုလည်း အထူးအလေးထား စိုက်ပျိုး ထိန်း သိမ်းကြရန် လိုအပ်ကြောင်း။
နိုင်ငံတစ်ဝန်း Green City ၊ Clean City ၊ Smart City နှင့် Green Village များ ဖွံ့ဖြိုးလာစေရေး တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များ၊ ဌာနဆိုင်ရာ၊ အဖွဲ့ အစည်းများအားလုံးက အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ပြည်သူများ ပူးပေါင်း ပါဝင်မှုနှင့်အတူ အင်တိုက်အားတိုက် ဆောင်ရွက်သွားကြရန်လည်း တိုက်တွန်းပြော ကြားလိုကြောင်း။
ထိုသို့ဆောင်ရွက်မှသာ နေထိုင်ချင်စဖွယ်ကောင်းသည့် မြို့များ၊ ကျန်းမာသည့် လူမှုအသိုက်အဝန်းများနှင့် ရာသီဥတုပြောင်းလဲမှုကို ကြံ့ကြံ့ခံနိုင်သည့် လူနေမှုပတ် ဝန်းကျင်များ ဖန်တီးနိုင်မည်ဖြစ်ပြီး နိုင်ငံတော်က မျှော်မှန်းထားသည့်အတိုင်း နိုင်ငံတစ်ဝန်း သစ်တောဖုံးလွှမ်းမှု ၅၀ ရာခိုင်နှုန်း ရှိစေရေး ရည်မှန်းချက်ကို စောစီးလျှင်မြန်စွာဖြင့် မလွဲမသွေအောင်မြင်မည်ဖြစ်ကြောင်း၊ မိမိနိုင်ငံ၏ သစ်ပင်သစ်တော ပေါကြွယ်ဝမှု၊ စိမ်းလန်းစိုပြည်မှု၊ သာယာလှပမှုများသည် နိုင်ငံသားများ၏ ဂုဏ်ယူစိတ်၊ ကြည်နူးစိတ်နှင့် နိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်၏ သန္ဓေတည်ရာမျိုးစေ့လည်း ဖြစ်လာနိုင်မည် ဖြစ်ကြောင်း။
သစ်ပင်သစ်တောများ တည်ရှိနေခြင်းသည် အတိတ်ကာလ၏ အမွေအနှစ်၊ ပစ္စုပ္ပန်၏ အကျိုးစီးပွား၊ အနာဂတ်၏ ဖွံ့ဖြိုးတိုးတက်မှုဟုဆိုနိုင်ကြောင်း၊ ထို့ကြောင့် “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့” ဟူသည့် မူဝါဒနှင့်အညီ နိုင်ငံ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေး၊ ရာသီဥတုပြောင်းလဲမှု လျှော့ချ ရေးနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် အလွန်အရေးပါသည့် သစ်ပင် သစ်တောများ၊ သစ်တောဂေဟစနစ် ထိန်းသိမ်းရေးလုပ်ငန်းများကို ဘက်စုံကဏ္ဍစုံမှ ရှုမြင်သုံးသပ်ပြီး အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဝိုင်းဝန်းထိန်းသိမ်းကာကွယ်ပြီး တိုးတက်အောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ကံ့ကော်ပျိုးပင်အား သတ် မှတ်နေရာတွင် ဦးဆောင်စိုက်ပျိုးပေးသည်။
ယင်းနောက်အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒုတိယသမ္မတများ ဖြစ်ကြသည့် ဦးညိုစောနှင့်ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ နှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာန များမှ ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများ၊ နေပြည်တော်ရှိ တက္ကသိုလ်၊ ကောလိပ်များနှင့် အခြေခံပညာကျောင်းများမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ကထိကဆရာ၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများက ပျိုးပင်များကို တစ်ပြိုင်တည်း တစ်ပျော်တစ်ပါး စိုက်ပျိုးကြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံ တော်အဆင့် တတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားသို့ တက်ရောက်လာကြသူ များက ပျိုးပင်များ တပျော်တပါးစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ယနေ့ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ် - မိုးရာသီ နိုင်ငံတော်အဆင့် တတိယ အကြိမ်သစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားတွင် အရိပ်ရပြီး ရာသီအလိုက် ရောင်စုံပန်း များပွင့်သည့် ပိတောက်၊ ခရေ၊ စိန်ပန်း၊ ကံ့ကော်၊ ပျဉ်းမ၊ စွယ်တော်၊ ပန်းမဲဇလီ အစရှိ သည့် သစ်မျိုး (၁၀) မျိုးနှင့် ခရာဝါ၊ စိန်ပန်းကလေး၊ စက္ကူပန်း စသည့် ပန်းအလှပင် (၃)မျိူး ပျိုးပင်ပေါင်း (၃,၀၀၀)ကို စိုက်ပျိုးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။(သတင်းစဉ်)









