ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း  အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံများအား ဖြိုချ၊ ဖျက်ဆီး အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်း၊ လက်နက်များ သိမ်းပိုက်ရရှိ နေပြည်တော်၊  ဩဂုတ် - ၁၇

Tuesday, August 18, 2026 - 08:15

 

        နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံး၏ လူမှုဘဝ များကိုပျက်စီးစေပြီး လူ့ကျင့်ဝတ်သိက္ခာများ ထိခိုက်စေ၍ အများပြည်သူအကျိုးစီးပွား နှင့် အမျိုးသားလုံခြုံရေးကိုပါ အလုံးစုံအန္တရာယ်ပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှု နှင့်အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ နိုင်ငံအတွင်း လုံးဝအခြေမချ နိုင်သည်အထိ ထိထိရောက်ရောက် ရှာဖွေနှိမ်နင်းခြင်း၊ အွန်လိုင်းလိမ်လည် လောင်း ကစားမှုများကို အခြေချလုပ်ကိုင်ရာတွင် အသုံးပြုခဲ့ကြသည့် တရားမဝင် အဆောက် အအုံများ ပြန်လည်အသုံးမပြုနိုင်အောင်ကိုလည်း အပြီးတိုင် စနစ်တကျ ဖြိုချဖျက်ဆီး ခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

        ထိုကဲ့သို့ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူများ အခြေပြုနေထိုင် ခြင်း မရှိစေရန်နှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ဆောင်ရွက်ခြင်းမရှိစေရန် အတွက် တပ်မတော်စစ်ကြောင်းများက တာဝန်သိဒေသခံပြည်သူများ၏ သတင်းပေး ပို့၍ ပူးပေါင်းပါဝင်မှုနှင့်အတူ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းများသည် အဆိုပါ ဒေသအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အခြေချနေထိုင်လုပ်ကိုင်လျက် ရှိကြောင်း သတင်းအရ လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဇူလိုင်လ ၂၇ ရက်တွင် အဆိုပါဒေသအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် လူနေအဆောက်အအုံ ၈ လုံးအတွင်းမှ အွန်လိုင်း လိမ်လည်လောင်းကစားလုပ်ကိုင်နေကြသူ အမျိုးသား ၆၅၂ ဦး၊ အမျိုးသမီး ၁၂၅ ဦး၊ စုစုပေါင်း ၇၇၇ ဦးတို့အား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းကို သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

        အထက်ပါဖြစ်စဉ်မှ သိမ်းဆည်းရမိ လုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် အွန်လိုင်း လိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ကွန်ပျူတာ ၈၅ လုံး၊ ဖုန်းမျိုးစုံ ၁၈၃ လုံးနှင့် Star Link ၁ လုံးတို့ကိုလည်း ပြန်လည်အသုံးမပြုနိုင် စေရန်အတွက် ဩဂုတ်လ ၁၂ ရက်တွင် မီးရှို့ဖျက်ဆီးပြီး ဖြစ်သည်။

        အဆိုပါဖမ်းဆီးရမိခဲ့သည့်နေရာရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန် ရာတွင် အသုံးပြုခဲ့သည့် နိုင်ငံတော်မှခွင့်ပြုချက်မရှိဘဲ တရားမဝင်ဆောက်လုပ်ထား သည့် အဆောက်အအုံများကို ပြန်လည်အသုံးပြုခြင်း မရှိစေရန်အတွက် နိုင်ငံတော် အစိုးရ၏ လမ်းညွှန်မှုနှင့်အတူ ဌာနဆိုင်ရာအဖွဲ့များဖြင့်  ဖြိုချဖျက်ဆီးခြင်းများကို ဆောင်ရွက်ခဲ့ရာ ဩဂုတ်လ ၁၂ ရက်တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန် ရာ၌ အသုံးပြုခဲ့သည့် ၂ ထပ်တိုက်လူနေအဆောက်အအုံ ၂ လုံးအား လည်းကောင်း၊ ဩဂုတ်လ ၁၃ ရက်တွင် ၁ ထပ်လူနေအဆောက်အအုံ ၁ လုံး အားလည်းကောင်း၊ ဩဂုတ်လ ၁၄ ရက်တွင် ၁ ထပ် လူနေအဆောက်အအုံ ၁ လုံး အားလည်းကောင်း၊ ဩဂုတ်လ ၁၅ ရက်တွင် ၁ ထပ်လူနေ အဆောက်အအုံ ၁ လုံး အားလည်းကောင်း၊ ဩဂုတ်လ ၁၆ ရက်တွင် ၁ ထပ်လူနေ အဆောက်အအုံ ၁ လုံး အားလည်းကောင်း၊ ယနေ့တွင် ၁ ထပ်လူနေအဆောက်အအုံ ၁ လုံးနှင့် ၃ ထပ်လူနေ အဆောက်အအုံ ၁ လုံးတို့အား လည်းကောင်း၊ စုစုပေါင်း အဆောက်အအုံ ၈ လုံးကို ယမ်းများဖြင့် စနစ်တကျ ဖောက်ခွဲဖျက်ဆီးပြီးဖြစ်ကြောင်း သိရှိရသည်။       

        ထို့ပြင် တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါနယ်မြေအတွင်း အွန်လိုင်း လိမ်လည် လောင်းကစားမှုများ အခြေချလုပ်ကိုင်မှုမရှိစေရေး နယ်မြေလုံခြုံရေး လုပ်ငန်းများကို ဩဂုတ် ၂ ရက်မှစ၍ တစ်ဆင့်ပြီးတစ်ဆင့် သက်စွန့်ကြိုးပမ်း ဆောင် ရွက်ခဲ့ရာ ယနေ့မွန်းလွဲပိုင်းတွင် အထက်ပါဖမ်းဆီးရမိခဲ့သည့်နေရာ၏ အရှေ့တောင် ဘက် မီတာ ၄၀၀၀ ခန့် အကွာတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန် ရာတွင် အသုံးပြုခဲ့သည့်  အလျား ၁၀၀ ပေ၊ အနံ ၄၀ ပေ သွပ်မိုး ၁ ထပ် အဆောက်အုံ ၁ လုံး၊ အလျား ၈၀ ပေ၊ အနံ ၂၀ ပေ၊  သွပ်မိုး ၁ ထပ် အဆောက်အအုံ ၁ လုံး၊ အလျား ၅၀ ပေ၊ အနံ ၄၀ ပေ သွပ်မိုး ၁ ထပ် အဆောက်အအုံ ၂ လုံး၊ အလျား ၅၀ ပေ၊ အနံ ၂၀ ပေ သွပ်မိုး ၁ ထပ် အဆောက်အအုံ ၁ လုံး၊ အလျား ၉၀ ပေ၊ အနံ ၂၀ ပေ သွပ်မိုး ၁ ထပ် အဆောက်အအုံ ၁ လုံး၊ အလျား ၃၀ ပေ အနံ ၂၀ ပေ Steel Structure ရေတိုင်ကီ အကြီး ၂ လုံးပါ သွပ်မိုး အဆောက်အအုံ ၁ လုံးတို့အား ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ်  အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်သူများအား အခကြေးငွေရယူပြီး အကာ အကွယ်ပေးနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် ထိတွေ့တိုက်ပွဲ ၇ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်းအချို့၊ လက်နက်မျိုးစုံ၊ ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ပြီး တပ်မတော်သားအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတာကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အွန်လိုင်းလိမ်လည် လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အထူးအလေးထား ၍ တက်ကြွစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။