ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၃၀ ရက် ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုကြောင့် ၊ ငဝန်မြစ် ရေကာတာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှု ဖြစ်ပွားခဲ့ရာ ယနေ့အထိ လေးမျက်နှာမြို့ မြို့ပေါ်ရပ်ကွက် (၅)ခု၊ မြို့တွင်းလမ်းမကြီး များနှင့်ပတ်ဝန်းကျင်ကျေးရွာ ၁၂၄ ရွာ၊ ဟင်္သာတမြို့နယ် ၃၇ ရွာ၊ ရေကြည်မြို့ ပေါ်ရပ်ကွက် ၄ ခုနှင့်ပတ်ဝန်းကျင်ကျေးရွာ ၂၇ ရွာ၊ ငသိုင်းချောင်းမြို့ မြို့ပေါ်ရပ်ကွက် ၂ ခု ၊ ကျုံပျော်မြို့ မြို့ပေါ်ရပ်ကွက် ၂ ခုနှင့် ပတ်ဝန်းကျင်ကျေးရွာ ၁၁ ရွာ၊ ကျောင်းကုန်းမြို့ မြို့ပေါ်ရပ်ကွက် (၂)ခုနှင့် ပတ်ဝန်းကျင်ကျေးရွာ(၂)ရွာ ၊ စုစုပေါင်း မြို့ပေါ်ရပ်ကွက် ၁၅ ခုနှင့် ကျေးရွာ ၂၀၁ ရွာသို့ ရေဝင်ရောက်မှုများဖြစ်ပွားခဲ့သည်။ ထို့ကြောင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများ စုပေါင်း၍ ရေဘေးကယ်ဆယ်ရေး စခန်းများဖွင့်လှစ်ကာ ရေဘေးသင့်ပြည်သူများအား ရှာဖွေကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ စားသောက်ဖွယ်ရာများလိုက်လံပို့ဆောင်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ ငဝန်ပန်းတာမှ ရေဝင် လမ်းထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် ငဝန်ပန်းတာရေဝင်လမ်းအား (Geobags) အိတ်များချခြင်း၊ မျောတုတ်တန်းများ အတွင်းသဲအိတ်များ ဖြည့်၍ကာကွယ်ခြင်း၊ Steel Sheet Pile ရိုက်သွင်းခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆက်လက် ဆောင်ရွက် လျက်ရှိသည်။
ထိုသို့ဆောင်ရွက်နေမှုများကို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန် ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။


