‎တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ကျောင်းသား၊ ကျောင်းသူများ၊ဆရာ ၊ ဆရာမများ သွားရောက်လေ့လာ ‎နေပြည်တော်၊ ၂၀၂၆ ဩဂုတ် ၁၅

Tuesday, August 18, 2026 - 08:15

 

          ကျောင်းသားလူငယ်များ မျိုးချစ်စိတ် ရှင်သန်ထက်မြက်လာစေရန်၊ ခေတ်အဆက် ဆက် မြန်မာနိုင်ငံတော်သမိုင်းနှင့် တပ်မတော်သမိုင်းအစဉ်အလာများကို သိရှိနားလည် နိုင်စေရန်၊ သင်ရိုးညွှန်းတမ်းပါ သင်ခန်းစာများကို စာတွေ့အပြင် လက်တွေ့ယှဉ်တွဲ လေ့လာနိုင်စေရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသား၊ ကျောင်းသူများအား တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

         ယင်းသို့ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စု နယ်မြေ (နေပြည်တော်)၊ ဇေယျာသီရိမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ (စည်ပင်ကြီး)မှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် စိတ်အားထက်သန်စွာဖြင့် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ လာရောက် လေ့လာကြသည်။

          ဦးစွာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် တပ်မတော် စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ ရောက်ရှိကြပြီး မြန်မာ့တပ်မတော်သမိုင်းမှတ်တမ်း ရုပ်ရှင်ကို စိတ်ဝင်စားစွာ ကြည့်ရှုကြသည်။ ဆက်လက်၍ ပြတိုက်တာဝန်ရှိသူက ပြတိုက်၏သမိုင်း၊​ ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်များသမိုင်းနှင့် ပြခန်းများအကြောင်း ရှင်းလင်းပြောကြားသည်။

         ထို့နောက် ကျောင်းသား၊ ကျောင်းသူများသည် တပ်မတော် (ကြည်း၊ ရေ၊ လေ) နှင့် လက်ရုံးတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး သိရှိလို သည်များကို စိတ်ပါဝင်စားစွာ မေးမြန်းကြသည်။‎

‎​        ထို့ပြင် ပြင်ပပြကွက်များတွင် ခင်းကျင်းပြသထားသည့် တပ်မတော်(ကြည်း) ပြင်ပ ကွက်တွင် ဒုတိယကမ္ဘာစစ်နှင့် စစ်ပြီးကာလတို့တွင် အသုံးပြုခဲ့သော အမြောက် နှင့် သံချပ်ကာများ၊ တပ်မတော်(ရေ)ပြင်ပပြကွက်တွင်  စစ်ရေယာဉ်ပုံစံတူများနှင့် အမြောက် များ၊ တပ်မတော်(လေ)ပြင်ပ ပြကွက်တွင် ခေတ်အဆက်ဆက်အသုံးပြုခဲ့သော တပ်မတော်လေယာဉ်များကို စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုကြပြီး သိရှိလိုသည် များကို မေးမြန်းကြရာ ပြခန်းတာဝန်ရှိသူများက ရှင်းလင်းဖြေကြားကြကြောင်း သတင်း ရရှိသည်။