ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ သွားရောက်လေ့လာ နေပြည်တော် ၊ ၂၀၂၆ ဩဂုတ်  ၁၄

Tuesday, August 18, 2026 - 08:00

 

နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုနှင့် တပ်မတော်၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် နိုင်ငံတော်၏အနာဂတ်ကြယ်ပွင့်လေးများဖြစ်ကြသော မျိုးဆက်သစ် ကျောင်းသား လူငယ်‌မောင်မယ်များကို ကျောင်းတက်ချိန် ကျောင်းပြင်ပဗဟုသုတရရှိ‌စေရန် လေ့လာ ရေးအဖြစ်နိုင်ငံတော်၏သမိုင်းနှင့် တပ်မတော်၏သမိုင်း‌ကြောင်းများကိုသိရှိပြီး အသိပညာ ဗဟုသုတများစွာရရှိစေရန်၊ တပ်မတော်၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ တည်ဆောက်မှု များ၊ တီထွင်ဆန်းသစ်မှုများကို ကြည့်ရှုလေ့လာပြီး အနာဂတ်ရည်မှန်းချက်များ ပေါ်ထွက်လာစေရန်၊ တပ်မတော် အကြီးအကဲများ၏ နိုင်ငံတော်နှင့်တပ်မတော်အပေါ် ထားရှိသောစေတနာနှင့် နိုင်ငံတော် ရှေ့ဆက်သွားမည့် ရည်မှန်းချက်များကိုသိရှိစေရန်၊ မျိုးချစ်စိတ်ဓာတ်များရှင်သန် ထက်မြက်လာစေပြီး အားကျအတုယူလိုသည့်စိတ်များ ဖြစ်ပေါ်လာစေရန်၊ တပ်မတော်၏ သမိုင်းဝင် စစ်လက်နက်ပစ္စည်းများကို ကိုယ်တိုင် ကိုယ်ကျ ထိတွေ့ခံစားမှုအတွေ့အကြုံ များရရှိစေရန်၊ သင်ရိုးညွှန်းတမ်းပါသင်ခန်းစာ များကို အထောက်အကူပြုစေရန်၊ ကျောင်းသား တစ်ဦးချင်းစီ၏ ပြင်ပလေ့လာမှတ်သား နာယူမှုစွမ်းရည်ကို တိုးတက်စေရန်  ရည်ရွယ်ချက်များဖြင့် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ လေ့လာရေး အစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။

ထိုသို့ စီစဉ်ဆောင်ရွက်ပေးမှုကြောင့် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ ဇေယျာသီရိမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)(သစ်တပ်)မှကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ဆရာမများ သည်  ယနေ့တွင် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ လာရောက်လေ့လာ ကြသည်။

ဦးစွာ ကျောင်းသား၊ကျောင်းသူများနှင့် ဆရာ၊ဆရာမများသည် တပ်မတော် စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ရောက်ရှိကြပြီး မြန်မာ့တပ်မတော်သမိုင်း မှတ်တမ်း ရုပ်ရှင်ကြည့်ရှုကြသည်။

ဆက်လက်၍ ပြတိုက်တာဝန်ရှိသူက ပြတိုက်သမိုင်း၊ ရည်ရွယ်ချက်နှင့် ပြတိုက် အတွင်းကဏ္ဍအလိုက် ပြခန်း၊ ပြကွက်များပြသထားမှုတို့ကို လိုက်လံရှင်းလင်း ပြောကြားရာ  စစ်သမိုင်းပြတိုက်အတွင်းရှိရှေးမြန်မာမင်းများ အသုံးပြုသည့်ပစ္စည်းများ၊   ခေတ်အဆက်ဆက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ၏ ဓာတ်ပုံများနှင့်ရုပ်တု များကို လည်းကောင်း၊ တပ်မတော်(ရေ)ပြခန်းတွင် ရှေးခေတ် မြန်မာ့ရေတပ်၊ ဂျပန်ခေတ် မြန်မာ့ရေတပ်မတော်နှင့် ဒုတိယကမ္ဘာစစ်အတွင်း မြန်မာ့ရေတပ်မှတ်တမ်းဓာတ်ပုံများ ခေတ်အဆက်ဆက်တပ်မတော်(ရေ)၏ သမိုင်းမှတ်တမ်းဓာတ်ပုံများ စစ်ရေယာဉ်ပုံစံငယ် များကို လည်း‌ကောင်း၊ တပ်မတော်(လေ) ပြခန်းတွင် ခေတ်အဆက်ဆက်တာဝန် ထမ်းဆောင်ခဲ့သော ကာကွယ်ရေးဦးစီးချုပ်(လေ)များ၏ ဓာတ်ပုံမှတ်တမ်းများတပ်မတော် (လေ)၏ ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများ တပ်မတော်(လေ)၏ မူးယစ်ဆေးဝါး နှိမ်နင်းရေးတွင် ပါဝင်ဆောင်ရွက်မှု ဓာတ်ပုံမှတ်တမ်းများ၊ လေသူရဲကောင်းများ မွေးထုတ်ပုံအဆင့်ဆင့် ဓာတ်ပုံမှတ်တမ်းများကို လေ့လာကြပြီး ပြင်ပပြကွက်များ အနေဖြင့် တပ်မတော်(ကြည်း) ပြင်ပကွက်တွင် ဒုတိယကမ္ဘာစစ်နှင့် စစ်ပြီး ကာလတို့တွင် အသုံးပြုခဲ့သော အမြောက်နှင့်သံချပ်ကာများ၊ တပ်မတော်(ရေ) ပြင်ပပြကွက်တွင်  စစ်ရေယာဉ်ပုံစံတူများနှင့် အမြောက်များ၊ တပ်မတော် (လေ) ပြင်ပပြကွက်တွင် ခေတ်အဆက်ဆက်အသုံးပြုခဲ့သော တပ်မတော်လေယာဉ်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြပြီး သိရှိလိုသည်များကိုမေးမြန်းကြရာ ပြခန်းတာဝန် ရှိသူများက ရှင်းလင်းဖြေကြားကြကြောင်း သတင်းရရှိသည်။