နိုင်ငံတော် တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် လုံခြုံရေး တာဝန်များကိုထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနားကို ယနေ့တွင် ရန်ကုန်တိုင်း ဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ မှော်ဘီမြို့နယ်နှင့် လှည်းကူးမြို့နယ်တို့ရှိ နယ်မြေခံ တပ်ရင်းများ၌ အသီးသီးပြုလုပ်ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အနုပညာရှင်များ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ ကျောင်းသားကျောင်းသူ များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်း သာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ် စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေ ရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းသာယာရေးအတွက် ရှေ့တန်းစစ်မျက်နှာ များတွင် စစ်ဆင်ရေးတာဝန်များကို မိဝေး ဖဝေး၊ မိသားစုများနှင့် ဝေးကွာ၍ နေ့မအား၊ ညမနား စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန်တပ်မတော်သားများအား တိုင်းမှူးနှင့် တက်ရောက်လာကြသူများက စံပယ်ပန်းကုံးများ၊ အောင်သပြေခက် များဖြင့် လည်းကောင်း၊ အတီး အမှုတ်၊ အကအခုန် များဖြင့်လည်းကောင်း သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုကြသည်။ ထို့ပြင် တိုင်းမှူးက အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများ အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။

