ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA) ဥက္ကဋ္ဌ ဦးထိန်လင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ ရုံးတော်၊ ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ဒုတိယသမ္မတ ဦးညိုစော၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ် ချုပ်ကြီးရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ကိုထိုက်နှင့် တာဝန်ရှိသူ တို့တက်ရောက်ကြပြီး အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA) ဥက္ကဋ္ဌနှင့် အတူ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးစန်ပေ့နှင့် ဦးဆန်လူ၊ အထွေထွေအတွင်းရေးမှူးဦးကြည်မြင့်နှင့် အတွင်းရေးမှူး ဦးအိုက်ပန်း တို့တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA) ဥက္ကဋ္ဌ က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရမှုအပေါ် အထူးဒေသ(၄)ငြိမ်းချမ်း ရေးနှင့် စည်းလုံးရေးကော်မတီနှင့် ဒေသတစ်ခုလုံးရှိ တိုင်းရင်း သားပြည်သူ တစ်ရပ်လုံး အပါအဝင် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA)မှ အထူးဂုဏ်ယူ ဝမ်းမြောက် လျက်ရှိမှု၊ NDAA မိုင်းလားအဖွဲ့အနေဖြင့် နှစ်ပေါင်း သုံးဆယ်ကျော်ကြာ “ငြိမ်းချမ်း၊ စည်းလုံး၊ ဖွံ့ဖြိုး” ဆိုသည့် လမ်းစဉ်အတိုင်းလျှောက် လှမ်းခဲ့ပြီး နိုင်ငံတော်အစိုးရအဆက်ဆက်နှင့် လည်း ကောင်းမွန်သည့် ဆက်ဆံရေးကို ထိန်းသိမ်းနိုင်ခဲ့သည့်အခြေအနေများ၊ NDAA မိုင်းလားအဖွဲ့အနေဖြင့် နိုင်ငံတော်အစိုးရနှင့် အမြဲမပြတ်ထိတွေ့ဆက်ဆံပြီး ယုံကြည်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုအားကောင်းအောင် မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကာ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမည့် အခြေအနေများ၊ နိုင်ငံတော်သမ္မတကြီးအနေဖြင့် မိုင်းလားဒေသရှိ တိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက် ပေးစေလိုမှု၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA)အနေ ဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီနှင့် တွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်ခဲ့ပြီး ကောင်းမွန်ပြီးအပြုသဘော ဆောင်သည့် ရလဒ်များထွက်ပေါ်ခဲ့သည့်အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။
ထို့နောက် နိုင်ငံတော်သမ္မတက နိုင်ငံတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရန် အတွက် ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ ဦးတည် လျှောက်လှမ်းကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအနေ ဖြင့် နိုင်ငံနှင့်ဒေသအကျိုးအတွက် ပါဝင်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မိုင်းလားဒေသ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် လမ်းပန်း ဆက်သွယ်မှုများ ပိုမိုတိုးတက်ကောင်းမွန်လာ စေရေး နိုင်ငံတော်အစိုးရမှဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည့်အခြေအနေများ၊မိုင်းလား ဒေသအတွင်းပညာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဆရာ၊ ဆရာမများနှင့်အခြေခံအဆောက် အဦများဖြည့်ဆည်းပေးခြင်း၊ ကျန်းမာရေးကဏ္ဍတိုးတက် ရေးဆေးရုံများအဆင့်မြှင့်တင်ခြင်း၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးပစ္စည်းများဖြည့်ဆည်း ဆောင်ရွက် ပေးခြင်းတို့ကို နိုင်ငံတော်မှဆောင်ရွက်ပေးသွားမည့်အခြေအနေများ၊ မိုင်းလားဒေသ၌ လတ်တလောကာလအတွင်း လိုအပ်လျက်ရှိသည့်ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက်လည်း နိုင်ငံတော်အစိုးရနှင့် တပ်မတော်မှ ကျန်းမာရေးဝန်ထမ်းများ စေလွှတ်ဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသအတွင်းလျှပ်စစ်ဓာတ်အား လုံလောက် စွာရရှိနိုင်ရေး မိုင်းလားဒေသ အတွင်းရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးနှင့်နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ် အားထုတ်လုပ်ရေးလုပ်ငန်းများဖြင့် ဆောင်ရွက်သွားနိုင်သည့်အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ် အဖွဲ့ (NDAA) ဥက္ကဋ္ဌတို့သည် မိုင်းလားဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် နယ်စပ်ဒေသကုန်သွယ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် နိုင်မည့်အခြေ အနေများ၊ နိုင်ငံတော်အကြီးအကဲ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လမ်းညွှန်ချက်များအား မိုင်းလားဒေသရှိ ဒေသခံပြည်သူများကိုချပြဆောင်ရွက် မည်ဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် အလေးထားပူးပေါင်း ဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ် အဖွဲ့(NDAA) ဥက္ကဋ္ဌတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများအပြန်အလှန်ပေးအပ် ပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)


