ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု(ဗဟိုအဆင့်) အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား နေပြည်တော်၊ ဩဂုတ် - ၁၀

Tuesday, August 11, 2026 - 08:30

 

         ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု (ဗဟိုအဆင့်) အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၁ (MICC-1) ၌ကျင်းပပြုလုပ်ရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက် ရောက်အမှာစကား ပြောကြားပြီး ကျောင်းကျန်းမာရေးလုပ်ငန်းများတွင် ထူးချွန်ဆုရရှိကြသည့်ကျောင်းများအား ဆုများပေးအပ်ချီးမြှင့်သည်။

         ဦးစွာ နိုင်ငံတော်သမ္မတသည် အခမ်းအနားကျင်းပမည့် မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၁ သို့ရောက်ရှိရာ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူ မောင်မယ်လေးများနှင့် ကျန်းမာရေးဝန်ထမ်းများက  လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက် ကြသည်။

         ထို့နောက် အခမ်းအနားကို စတင်ကျင်းပရာ နိုင်ငံတော်သမ္မတ က ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု (ဗဟိုအဆင့်) အထိမ်းအမှတ် အခမ်းအနားကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

         အဆိုပါ အခမ်းအနားသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဗဟိုအဆင့် ဆေးရုံအုပ်ကြီးများ၊ အခြေခံပညာကျောင်းများမှဆရာ၊ဆရာမများ၊ ကျောင်းကျန်းမာရေး လုပ်ငန်းများ ထူးချွန်ဆု ရရှိကြသည့်ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူ များ၊  ကျန်းမာရေး ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

         ဦးစွာ အမှတ်(၁၁)အခြေခံပညာ အထက်တန်းကျောင်း၊ ဇဗ္ဗူသီရိမြို့နယ်၊ နေပြည်တော်ကောင်စီနယ်မြေမှ ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်လေး များက ကျောင်းကျန်းမာရေးမြှင့်တင်ရေးသီချင်းဖြစ်သည့် “ဘဝတွက်တာ ကျောင်း ကျန်းမာ” သီချင်းဖြင့် သရုပ်ဖော်ကပြတင်ဆက်ကြသည်။

         ယင်းနောက် နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာတွင် နိုင်ငံတော် အစိုးရအနေဖြင့် ကျန်းမာရေးကဏ္ဍတွင် နိုင်ငံသားတိုင်း ကျန်းမာကြံ့ခိုင်မှုရှိစေရေးနှင့် သက်တမ်းစေ့အသက်ရှည်စွာနေနိုင်ရေးအတွက် “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ”ဟူသည့် ဦးတည်ချက်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို အရှိန်အဟုန်နှင့် ဖော်ဆောင်ပေးလျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် “ကျန်းမာမှ ပညာသင်ကြားနိုင်မည်၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်” ဟူသည့်အတိုင်း ငယ်ရွယ်စဉ်ကလေးဘဝကစပြီး အသက်အရွယ်ကြီးပြင်းလာသည်အထိ ကျန်းမာရေး နှင့်ညီညွတ်သည့်လူနေမှုဘဝပုံစံများကို ကျင့်သုံးသွားစေရန်အလွန်အရေးကြီးကြောင်း၊ ထို့အပြင် ကျန်းမာရေးနှင့်ညီညွတ်သည့် အမူအကျင့်များကို ကျောင်းသား၊ ကျောင်းသူ များမှတစ်ဆင့် မိသားစုနှင့် ပြည်သူလူထုအတွင်း ပျံ့နှံ့ကျင့်သုံးလာစေပြီး ကျန်းမာရေး နှင့်ညီညွတ်သည့် လူမှုအသိုက်အဝန်းတစ်ခုဖြစ်အောင် ဖော်ဆောင်သွားကြရမည်ဖြစ် ကြောင်း။

         မြန်မာနိုင်ငံတွင်ကျောင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကိုလိုနီ ခေတ်က စတင်ဆောင်ရွက်ခဲ့သည်ကိုတွေ့ရှိရကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြဋ္ဌာန်းထားသည့်ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက် လျက်ရှိပြီး ရောဂါကာကွယ်ခြင်းသာမက ကျောင်းသားများ၏ ကိုယ်ကျန်းမာရေး၊ စိတ် ကျန်းမာရေး၊ အာဟာရနှင့်ကျန်းမာသည့် ဘဝနေထိုင်မှုပုံစံကိုပါ မြှင့်တင်ပေးသည့် ဘက်စုံကျောင်းကျန်းမာရေးစနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက် ရာတွင် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများကို ကျန်းမာရေး စောင့်ရှောက်ပေးခြင်း၊ ကျန်းမာရေးပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသကဲ့ သို့ ပညာရေးအပိုင်းကလည်း ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိများ ပိုမိုရရှိစေရေး ကျောင်း သင်ခန်းစာများတွင် ဘဝတွက်တာ ကျွမ်းကျင်စရာဘာသာရပ်ကို ထည့်သွင်း သင်ကြားပေးလျက်ရှိကြောင်း။

         ကျန်းမာရေးအဆင့်မြှင့်ကျောင်း လုပ်ငန်းစဉ်များကို ကျန်းမာရေးနှင့်ပညာရေး ဝန်ထမ်းများအပြင် ကျောင်းသားမိဘများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးကလည်း သိရှိပြီး ပူးပေါင်းပါဝင်ပံ့ပိုးပေးကြရန်လိုအပ်ကြောင်း၊ ယင်းရည်ရွယ်ချက်ဖြင့်ကျောင်း ကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများကို နှစ်စဉ်ဩဂုတ်လဒုတိယပတ်တွင် တစ်နိုင်ငံ လုံး အတိုင်းအတာဖြင့် ပုံမှန်ဆောင်ရွက်ကြခြင်းပင် ဖြစ်ကြောင်း၊ အလားတူ နှစ်စဉ် ဩဂုတ်လ ဒုတိယပတ်တွင် “ငါးနှစ်အောက် ကလေးများနှင့် ကျောင်းသားလူငယ်များ အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ်” ကိုလည်း  တစ်ချိန်တည်း ဆောင်ရွက်ကြောင်းကို သိရှိရကြောင်း။

         ထိုသို့ ကျောင်းကျန်းမာရေးသီတင်းပတ်နှင့် ကျောင်းသားလူငယ်များ အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ်တို့ကို တစ်ချိန်တည်း ဆောင်ရွက်ခြင်းအားဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေးကို စစ်ဆေးပေးနိုင်သည့်အပြင် အရပ်၊ ကိုယ်အလေးချိန် နှင့် အာဟာရဖွံ့ဖြိုးမှု အခြေအနေများကိုပါ တိုင်းတာအကဲဖြတ်နိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် ကျောင်းသား၊ ကျောင်းသူများ၏ အာဟာရချို့တဲ့မှု၊ အဝလွန်မှုနှင့် ကြီးထွား ဖွံ့ဖြိုးမှု ဆိုင်ရာပြဿနာများကို စောစီးစွာဖော်ထုတ်နိုင်ပြီး သင့်တော်သည့် ကျန်းမာရေး စောင့်ရှောက်မှုများကိုလည်း မိဘ၊ ဆရာများနှင့် ကျန်းမာရေးဝန်ထမ်းများက ပူးပေါင်း ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများတွင် ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ ကျောင်းမှန်မှန် တက်ရောက် မှု၊ သင်ယူနိုင်စွမ်းမြင့်မားမှု၊ ပညာရေးတွင် ထူးချွန်မှုစသည်တို့ကို ပိုမိုမြှင့်တင်ပေးနိုင် မည်ဖြစ်ပြီး အနာဂတ်တွင် တိုင်းပြည်အတွက် အဖိုးတန်ပညာတတ် လူ့စွမ်းအားအရင်း အမြစ်များကို ရရှိလာစေမည်ဖြစ်ကြောင်း။

         ကျောင်းသားလူငယ်များ၏ ကာယ၊ ဉာဏဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကလေးများ မိခင်ဝမ်းအတွင်းသန္ဓေသားအဖြစ် ရှိနေချိန်မှစတင်ပြီး လိုအပ်သည့် အာဟာရဓာတ်များနှင့်ပြည့်စုံစေရန် ကိုယ်ဝန်ဆောင်မိခင်များ၏ အာဟာရပြည့်ဝရန် လည်းလိုအပ်ကြောင်း၊ မွေးဖွားပြီးမွေးကင်းစအရွယ်မှ ကလေးအသက်(၂)နှစ် ပြည့် သည့်အထိ “ဘဝရှေ့ဆောင် ရက်ပေါင်းတစ်ထောင်” ကာလအတွင်း၌လည်း အာဟာရ ပြည့်ဝအောင် ပြုစုကျွေးမွေးစောင့်ရှောက်ရန်အရေးကြီးကြောင်း၊ ထို့ကြောင့် အဆိုပါ ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးများအာဟာရပြည့်ဝစွာ စားသောက် နိုင်ရေးအတွက်လည်း ငွေကြေးထောက်ပံ့ပေးသည့်အစီအစဉ်(MCCT)ကို လူမှုဝန်ထမ်း ဦးစီးဌာနက တိုင်းဒေသကြီး၊ ပြည်နယ်(၇)ခုတွင်ရှိသည့် ဦးစားပေးဒေသများ၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအပါအဝင် နှီးနွှယ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ဆက်လက်ပြီး အသက်(၅)နှစ်အောက် ကလေးများ၏ အာဟာရ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသက်အရွယ်အလိုက် အာဟာရပြည့်ဝမျှတစွာ ကျွေးမွေး ပြုစုတတ်စေရန် ကျန်းမာရေးပညာပေးခြင်း၊ အာဟာရဖွံ့ဖြိုးမှု အခြေအနေ ကိုပုံမှန် စစ်ဆေးပြီး လိုအပ်သည့်ပြုစုကုသမှုများပေးခြင်းတို့ကိုလည်း အခြေခံကျန်းမာ ရေးဝန်ထမ်း များက ရပ်ရွာအခြေပြုဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့အပြင် လူမှု ဝန်ထမ်းဦးစီးဌာန နှင့်ပူးပေါင်းပြီး မူကြိုကျောင်းများတွင်လည်း ကျန်းမာရေးကြည့်ရှုစောင့်ရှောက်ပေးသည့် လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ပေးရန်လိုအပ် ကြောင်း။

         ကျောင်းသားလူငယ်များ ကျန်းမာကြံ့ခိုင်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောင်းနေအရွယ်ကလေးငယ်များတွင် အာဟာရဓာတ်များ ပိုမိုပြည့်ဝစွာရရှိစေရန်နှင့် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရေးကိုလည်း အလေးထားဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများကို ကျန်းမာရေးရှုထောင့်အရ သတ်မှတ် ထားသည့် စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့်ကျောင်းများဖြစ်အောင် ဆောင်ရွက် ပေးကြရန်လိုကြောင်း၊ ကျောင်းသားတစ်ဦးချင်းအလိုက် ကျောင်းကျန်းမာရေး စစ်ဆေးမှုများကို မှတ်တမ်းမှတ်ရာများဖြင့် စနစ်တကျပိုမိုထိရောက်စွာ ဆောင်ရွက် နိုင်ရန်နှင့် အခြေခံပညာအတန်းအားလုံး လွှမ်းခြုံမှုရှိအောင် ထပ်မံတိုးမြှင့်ဆောင်ရွက် ရန်လိုအပ်ကြောင်း၊ ထို့ကြောင့်ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ အားကစား ရေးရာဝန်ကြီး ဌာနတို့က တာဝန်ရှိသူများအနေဖြင့် ယင်းကိစ္စနှင့် ပတ်သက် ပြီး ထိထိ ရောက်ရောက်အောင်မြင်အောင် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရ မည်ဖြစ်ကြောင်း။

         ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကျန်းမာရေး အဆင့်မြှင့်ကျောင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်ညီညွတ်သည့် နေထိုင်စားသောက်မှုနှင့် လူနေမှုပုံစံများရရှိစေရေး ဘဝတွက်တာကျွမ်းကျင်စရာ ဘာသာရပ် သင်ကြားပေးခြင်း၊ အမှိုက်ကင်းစင်ရေး၊ သန့်ရှင်းသည့် ယင်လုံအိမ် သာသုံးစွဲရေး၊ သန့်ရှင်းသည့်ရေရရှိရေး စသည့်ပတ်ဝန်းကျင် သန့်ရှင်းရေးများကို ဆောင်ရွက် ပေးကြရမည်ဖြစ်ကြောင်း၊ ထို့အပြင် တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အကျင့်များ ရရှိကျင့်သုံးစွဲမြဲစေရန် စနစ်တကျလက်ဆေးခြင်း၊ သွားတိုက်ခြင်း စသည်တို့ကို သင်ကြားပေးခြင်း၊ သွေးအားနည်းရောဂါကာကွယ်ရန် ကျောင်းအခြေပြု သန်ချဆေး တိုက်ကျွေးခြင်းနှင့် အလယ်တန်းနှင့် အထက်တန်းကျောင်းသူများကို သံဓာတ် ဆေးပြား တစ်ပတ်လျှင်နှစ်ကြိမ်တိုက်ကျွေးခြင်း၊ ကျောင်းတွင်းအာဟာရ ကျွေးမွေး ခြင်းတို့လည်း လိုအပ်မည်ဖြစ်ကြောင်း၊ ကျောင်းတွင်းအစားအစာများ အန္တရာယ်ကင်းဝေးစေရေး လုပ်ငန်းများဖြစ်သည့် ကျောင်းမုန့်ဈေးတန်းကိုလည်း ပုံမှန်စစ်ဆေးပြီး အာဟာရပြည့်ဝသည့် ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများကိုသာ ရောင်းချစေခြင်း၊ အစားအစာ ရောင်းချသူများအား ကျန်းမာရေးစစ်ဆေးခြင်း၊ မျက်စိနှင့် သွားကျန်းမာရေး စောင့်ရှောက်မှု အပါအဝင် ပဏာမကျောင်းကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ပုံမှန်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။

         နိုင်ငံတော်က ချမှတ်ထားသော အမျိုးသားကျန်းမာရေး စီမံကိန်းတွင်ပါဝင်သည့် ကျောင်းကျန်းမာရေးစီမံချက်များကို ကြီးကြပ်ဆောင်ရွက်နိုင်ရန်နှင့် ကျောင်းသား လူငယ်တစ်ရပ်လုံး ကျန်းမာကြံ့ခိုင်စေရေး ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင် ရန်အတွက် “ကျောင်းကျန်းမာရေး ဗဟိုကော်မတီ” ကို ဖွဲ့စည်းပေးထားပြီးဖြစ်ကြောင်း၊ အလားတူ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ကျောင်းအဆင့်များတွင် ကျောင်းကျန်းမာရေး ကော်မတီများကို ပညာရေး၊ ကျန်းမာရေးဝန်ထမ်းများအပြင် လူမှုရေးအသင်းအဖွဲ့များ၊ အမှန်တကယ်စိတ်ပါဝင်စားစွာ ဆောင်ရွက်ပေးနိုင်သူများနှင့် ဖွဲ့စည်းပြီး ထိရောက်အောင်မြင်အောင် လုပ်ဆောင်ကြရန် တိုက်တွန်းပြောကြားလို ကြောင်း။

         ယခုကဲ့သို့ ကျောင်းကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက် ရာတွင် ကျောင်းသား၊ ကျောင်းသူ တစ်ဦးချင်းအလိုက် ကျန်းမာရေးစစ်ဆေးမှု မှတ်တမ်း ကတ်များထားရှိခြင်းကို (၂၀၂၂-၂၀၂၃) ပညာသင်နှစ်တွင် KG မှ စတင် ဆောင်ရွက်လျက် ရှိသည်ဟုသိရှိရကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မူလတန်းအရွယ်ကလေးများအပြင် ဆယ်ကျော်သက်အရွယ်ကလေးများတွင်ပါ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ထို့ကြောင့် ယခု ပညာသင်နှစ်မှစတင်ပြီး Grade-12 အထိ စဉ်ဆက်မပြတ် လွမ်းခြုံမှုရရှိအောင် အလေးထား ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

         ထို့အပြင် ၂၀၃၀ ပြည့်နှစ်တွင် မိမိတို့နိုင်ငံ၏ မျှော်မှန်းသက်တမ်း တိုးမြင့်လာရေး ဆောင်ရွက်လျက်ရှိခြင်းကြောင့် အရွယ်မတိုင်ခင်သေဆုံးမှုများကို လျှော့ချရန်အတွက် ကျန်းမာရေးနှင့် ညီညွတ်သည့် လူနေမှုဘဝပုံစံများ ရရှိစွဲမြဲကျင့်သုံးတတ်စေရန် ကျောင်း နေစဉ်အရွယ်ကတည်းက လေ့ကျင့်သင်ကြားပေးသွားကြရမည်ဖြစ်ကြောင်း၊ သို့မှသာ ကိုယ်ခန္ဓာကြံ့ခိုင်ဖွံ့ဖြိုးပြီး ဉာဏ်ရည်ထက်မြက်သည့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဗလငါးတန်နှင့်ပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များကို ရရှိမည်ဖြစ်ကြောင်း။

         ထို့ကြောင့် ကလေးအရွယ်မှစပြီး ဘဝတစ်သက်တာတွင် အစာအမျိုးအမည် (၅)မျိုးပါအောင် စုံလင်စွာစားသောက်တတ်သည့် အလေ့အကျင့်နှင့် မိသားစုများပါ ကျန်းမာရေးနှင့်ညီညွတ်ပြီး အာဟာရပြည့်ဝမျှတသော အစားအသောက်များ စားသုံး တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိကျင့်သုံးကြရန်လိုကြောင်း၊ KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းညှိနှိုင်းပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် က စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းအတွက် ကျန်းမာရေး ဝန်ကြီးဌာနကို ခွင့်ပြုရန်ပုံငွေများ ချထားပေးလျက်ရှိပြီး ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ် တွင်လည်း ရန်ပုံငွေ ကျပ် ၂ ဒသမ ၈၂ ဘီလီယံကို ပထမအကြိမ် ခွဲဝေချထားခဲ့ပြီး ဆက်လက်၍လည်း တိုးမြှင့်ချထားပေးသွားမည် ဖြစ်ကြောင်း။

         ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းစဉ်များထဲမှ တစ်ခုဖြစ်သည့် သင်တန်း နှင့် သုတေသနလုပ်ငန်းအနေဖြင့် ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ ၁၃ နှစ်မှ ၁၇ နှစ်အတွင်း ဆယ်ကျော်သက် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁,၁၅၅) ဦး၏ ကျန်းမာရေးဆိုင်ရာအခြေအနေများကို လေ့လာ ဆန်းစစ်ခဲ့သည်ကိုသိရှိရကြောင်း၊  အဆိုပါသုတေသနရလဒ်အရ ကိုယ်အလေးချိန် လျော့နည်းသည့် ကျောင်းသား၊ ကျောင်းသူ ၂၃ ရာခိုင်နှုန်းနှင့် အဝလွန်သည့် ကျောင်းသား၊ ကျောင်းသူ ၄ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူ သုံးပုံတစ်ပုံခန့်သာ တစ်ပတ်လျှင် အနည်းဆုံးတစ်နာရီခန့် ကိုယ်လက်လှုပ်ရှားမှုရှိ ကြောင်း၊ ကျောင်းသား၊ ကျောင်းသူ ဆယ်ပုံတစ်ပုံခန့်က စိတ်ဖိစီးမှုများ ခံစားနေရ ကြောင်း၊ ဆယ်ကျော်သက် ကျောင်းသား၊ ကျောင်းသူများမှာ အီး-စီးကရက် (Vape) အပါအဝင် ဆေးလိပ်၊ အရက် ပါ၀င်သည့်အဖျော်ယမကာနှင့် မူးယစ်ဆေး စမ်းသပ်သုံးစွဲ မှုများရှိနေသည်ကို လေ့လာ တွေ့ရှိရကြောင်း။

         ကျောင်းအားလုံးကို ဆေးလိပ်ကင်းစင်သည့် ကျောင်းများအဖြစ် မူဝါဒချမှတ် ပြီးဖြစ်သဖြင့် လက်တွေ့အခြေအနေတွင်လည်း ဆေးလိပ်ကင်းစင်သည့် ကျောင်းများ ဖြစ်စေရန် လိုအပ်ကြောင်း၊ ကျောင်းပတ်ဝန်းကျင်ပေ (၁၀၀) အတွင်း ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ ရောင်းချခြင်းနှင့် ကြော်ငြာခြင်းတို့ကို ဥပဒေအရ ပိတ်ပင်တားမြစ်ထားကြောင်း၊ ထို့အပြင် အီး-စီးကရက်နှင့် ဆက်စပ်ပစ္စည်းများ သုံးစွဲ ခြင်းနဲ့ လက်ဝယ်ထားရှိခြင်းကို ဥပဒေဖြင့် ပိတ်ပင်တားမြစ်ထားပြီးဖြစ်သည့်အတွက် ဥပဒေနှင့်အညီ ထိန်းသိမ်းကြပ်မတ်ကြရန်နှင့် ထိထိရောက်ရောက် အရေးယူဆောင် ရွက်ရန်လိုအပ်ကြောင်း။

         ကျောင်းများတွင် ကျန်းမာရေးနှင့်ညီညွတ်သောအာဟာရပြည့်ဝသည့် နေထိုင် စားသောက်မှုနှင့် လူနေမှုပုံစံများဖြစ်သည့် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်း၊ ဆေးလိပ်၊ Vape၊ အရက်နှင့် မူးယစ်ဆေးဝါးရှောင်ကြဉ်ခြင်း စသည့်ပညာပေးလှုပ်ရှားမှု အစီအစဉ်များတွင် ကျောင်းသား၊ ကျောင်းသူအားလုံး တက်ကြွစွာပါဝင်လာစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိတ်ကျန်းမာရေးကောင်းမွန်စေရေးနှင့် ပတ်သက်ပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လုံလောက်သည့် အိပ်စက်ချိန်ရရှိရေး၊ စိတ် ဖိစီးမှုများ ခံစားနေရသည့်ကလေးများကို မိဘနှင့်ဆရာများက ပူးပေါင်းပြီး ကူညီ ပံ့ပိုး မှုရှိသည့် ပတ်ဝန်းကျင်များ၊ အပြုသဘောဆောင်သည့် ဆက်ဆံရေးများနှင့် အားပေး ကူညီခြင်းတို့ကိုလည်း သက်ဆိုင်သူအားလုံးကပူးပေါင်းပြီး ပိုမိုအလေးထား ဆောင်ရွက် ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

         ယနေ့ကျောင်းသား လူငယ်များသည် နောင်အနာဂတ်ကာလတွင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် လူသားအရင်းအမြစ်များ ဖြစ်ခြင်းကြောင့် ကလေးများ ကာယ၊ ဉာဏ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျောင်းကျန်းမာရေး လုပ်ငန်းများနှင့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအစာများ စားသုံးတတ်သည့် အလေ့အကျင့်ကောင်းများကို ငယ်စဉ်ကတည်းက ရရှိစွဲမြဲကျင့်သုံးနိုင်စေရန်နှင့် အရက်၊ ဆေးလိပ်၊ Vape နှင့် မူးယစ်ဆေးရှောင်ကြဉ်မှုအပါအဝင် ကျန်းမာရေးနှင့် ညီညွတ်သည့် အမူအကျင့်များကို ကျောင်းသားလူငယ် ဘဝကတည်းက သိရှိလိုက်နာကျင့်သုံးအောင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူ များ၏ နှစ်စဉ်ကျန်းမာရေး စစ်ဆေးမှုမှတ်တမ်းကတ်ပါ အချက်အလက်များကို ပြန်လည်သုံးသပ်ပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ထိထိရောက် ရောက် ဆောင်ရွက်ပေးကြရန်နှင့် ကျောင်းကျန်းမာရေးလုပ်ငန်းများ၊ အာဟာရ ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများကို အလေးပေး ဆောင်ရွက်ကြရန်တိုက်တွန်းပြောကြားလိုကြောင်း၊ ကျောင်းကျန်းမာရေး လုပ်ငန်းများနှင့် ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းစဉ်များကို ယခုထက်ပိုပြီး ထိရောက်စွာ ဆောင်ရွက်ကြပြီး ကျန်းမာကြံ့ခိုင်သည့်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် နိုင်ငံတော်၏အနာဂတ် သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွက်လာရေး အလေးထား ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြော ကြားသည်။

         ဆက်လက်၍ နိုင်ငံတော်သမ္မတက ကျောင်းကျန်းမာရေးလုပ်ငန်းများထူးချွန်ဆု (ပထမဆု)ရရှိကြသည့်ကျောင်းများဖြစ်ကြသည့် အခြေခံပညာအထက်တန်းအဆင့်တွင် ပထမဆုရရှိသည့် အမှတ်(၂၇)အခြေခံပညာအထက်တန်းကျောင်း၊ ပြည်ကြီးတံခွန် မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ အခြေခံပညာအလယ်တန်းအဆင့်တွင် ပထမဆု ရရှိသည့် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီး၊ အခြေခံပညာမူလတန်းအဆင့်တွင် ပထမဆုရရှိသည့် အခြေခံပညာမူလ တန်းကျောင်း၊ တောင်ပို့ကြီး(မြောက်)၊ ညောင်ရွှေမြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းတို့မှ ကျောင်းအုပ်ကြီးများအား ဆုများပေးအပ်ချီးမြှင့်သည်။

         ထို့နောက် ဒုတိယသမ္မတ များဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး တို့က အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်း ကျန်းမာရေးလုပ်ငန်း ထူးချွန်ဆု ဒုတိယဆုနှင့် တတိယဆုရရှိကြသည့် ကျောင်းများ အား ဆုများပေးအပ်ချီးမြှင့်ကြသည်။

         ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ကျောင်းကျန်းမာရေးအဆင့်မြှင့်ကျောင်းလုပ်ငန်းများ Video Clip နှင့် ဇဗ္ဗူသီရီမြို့နယ် အတွင်းရှိ ကျောင်းသား၊ ကျောင်းသူလေးများက ကျောင်း ကျန်းမာရေးမြှင့်တင်ရေး သီချင်းဖြစ်သည့် “စုံအောင်စားစို့” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုကြပြီး နိုင်ငံတော်သမ္မတနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကြသည်။

         အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတနှင့် အခမ်းအနားတက်ရောက်လာကြ သူများသည် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု (ဗဟိုအဆင့်) အထိမ်းအမှတ် လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများကို လိုက်လံကြည့်ရှုပြီး တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြမှုအပေါ် နိုင်ငံတော် သမ္မတက သိရှိလိုသည်များမေးမြန်းဆွေးနွေးကာ လိုအပ်သည်များလမ်းညွှန်မှာကြားသည်။

         ဆက်လက်ပြီး နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်း၊ ဇဗ္ဗူသီရီမြို့နယ်၊ နေပြည်တော်ကောင်စီနယ်မြေ တွင် ကျင်းပပြု လုပ်သည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အဖြစ် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းအတွက် ဆရာ၊ ဆရာမများနှင့် မိဘများ ပူးပေါင်း ပြင်ဆင်ချက်ပြုတ်ထားသည့် ဟင်းလျာများပြသထားရှိမှု၊ ကျောင်းသား၊ ကျောင်းသူများက အာဟာရပြည့်ဝကျန်းမာစွာဖြင့် စားသုံးနိုင်သည့် အစားအစာ အုပ်စုများနှင့် တစ်နေ့တာ ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုဘဝပုံစံအကြောင်း ရှင်းလင်းတင်ပြမှု၊ KG ကျောင်းသား၊ ကျောင်းသူလေးများအား  ဆရာ၊ ဆရာမများနှင့် မိဘများ ပူးပေါင်း ပြင်ဆင်ချက်ပြုတ်ထားသည့် အာဟာရဖြည့်ဟင်းလျာများကျွေးမွေးနေမှု၊ ကျောင်း ကျန်းမာရေးမြှင့်တင်ရေးသီချင်းဖြစ်သည့် “စုံအောင်စားစို့” တေးသီချင်း ဖြင့် ကျောင်းသား၊ ကျောင်းသူများက သရုပ်ဖော်ကပြတင်ဆက်မှုတို့ကိုကြည့်ရှုကြပြီး နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများနှင့်အဖွဲ့ဝင်များက  ကျောင်းသား၊ ကျောင်းသူ များအား ၎င်းတို့ အသက်အရွယ် ကျား/မ အုပ်စုအလိုက် သံချဆေးနှင့် သံဓာတ်အား ဆေးများကို တိုက်ကျွေး ပေးကြသည်။

         ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် မူလတန်းကျောင်းသား၊ ကျောင်းသူများက ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်း သရုပ်ပြသမှု၊ မူလ တန်း ကျောင်းသား၊ ကျောင်းသူများက စနစ်တကျ လက်ဆေးခြင်းနှင့် စနစ်မှန် သွားတိုက်ခြင်း သရုပ်ပြသမှု၊ ကျောင်းစာကြည့်တိုက်တွင် အလယ်တန်းနှင့်အထက် တန်း ကျောင်းသား၊ ကျောင်းသူများက ကျန်းမာရေးနှင့်အညီ သန့် ၅ သန့် ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ အဖွဲ့လိုက်ဆွေးနွေးမှု၊ အီး-စီးကရက်(Vape) အပါအဝင် ဆေးလိပ်၊ အရက်ပါ၀င်သည့် အဖျော်ယမကာနှင့် မူးယစ်ဆေးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးအန္တရာယ် များနှင့်ပတ်သက်၍အဖွဲ့လိုက်အပြန်အလှန် ဆွေးနွေး လေ့လာလျက်ရှိမှု၊ ကျန်းမာရေးနှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများက ဉာဏ်စမ်းမေးခွန်းများဖြေဆိုလျက်ရှိမှု၊ အထွေထွေကျန်းမာရေးစစ်ဆေးမှုအား KG ၊ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများတွင် ဆောင်ရွက်လျက်ရှိမှု၊ ပဏာမမျက်စိ စောင့်ရှောက်မှု လုပ်ငန်းများကို အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများတွင် ဆောင်ရွက်လျက်ရှိမှုနှင့် သွားနှင့် ခံတွင်းကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက် လျက်ရှိသည့် ကျောင်းကျန်းမာ ရေးလုပ်ငန်းစဉ်များ တစ်ခုချင်းစီအလိုက် လှည့်လည်ကြည့်ရှု အားပေးပြီး တာဝန်ရှိသူ များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားပြီး ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။    (သတင်းစဉ်)