ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဧရာဝတီတိုင်းဒေသကြီးဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီး သွားရောက်တွေ့ဆုံအားပေးပြီး ထောက်ပံ့ရေးပစ္စည်းများ ပေးအပ် နေပြည်တော် ဩဂုတ်  ၉

Tuesday, August 11, 2026 - 08:15

 

         ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုများ ကြောင့် ငဝန်မြစ်ရေကာတာ၏အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ် သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားပြီး လေးမျက်နှာမြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများ၊ ဟင်္သာတမြို့နယ်၊ ရေကြည်မြို့နယ်နှင့်ကျုံပျော်မြို့နယ်တို့ရှိ ကျေးရွာများ၌ ရေဝင်ရောက်မှုနှင့်ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သဖြင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်များစုပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိပြီး ရေဘေးသင့်ပြည်သူများကို ယာယီရေဘေးရှောင် နေရာများသို့ ပို့ဆောင်နေရာချထားပေးလျက်ရှိသည်။

ရေဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများနှင့် တာတမံနိမ့်ကျမှုကြောင့် ရေတိုက်စားမှု ကာကွယ်ခြင်းနှင့် ရေနက်ရေစီးကြောင်း ပိတ်ဆို့နိုင်ရေး လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

         ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်သည်  ယနေ့နံနက်ပိုင်းတွင် အဖွဲ့ဝင်များလိုက်ပါ၍ အဆိုပါ ငဝန်မြစ်ရေကာတာတမံနိမ့်ကျမှုကြောင့်ရေကျော်စီးဝင်၍ ရေဘေးသင့်ခဲ့ရသည့်ဒေသများရှိ ကျေးရွာများ၊ လူနေအဆောက်အဦများအတွင်း ရေဝင်ရောက်နေမှုနှင့် ယာယီရေ ဘေးရှောင် နေရာများသို့ ပြောင်းရွှေ့ပေးထားမှု၊ စိုက်ပျိုးမြေများတွင် ရေဝင် ရောက်သဖြင့် ထိခိုက်ပျက်စီးနေမှုတို့ကို ပုသိမ်မြစ်ကြောင်းအတိုင်း ဟင်္သာတမြို့အထိ ရဟတ်ယာဉ်များဖြင့် လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်ရေဘေးသင့်ပြည်သူ များ၏ လတ်တလောစားဝတ်နေရေးနှင့် ပြန်လည်ထူထောင်ရေးကို အလေးထား ဆောင်ရွက် သွားရန်၊ အလားတူ သဘာဝဘေးအန္တရာယ်များ ထပ်မံကြုံတွေ့လာပါက ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက် ထားရန်နှင့် အခြားလိုအပ်သည် များကို လမ်းညွှန်မှာကြားသည်။

         ထို့နောက် နိုင်ငံတော်သမ္မတသည် ဟင်္သာတခရိုင်၊လေးမျက်နှာမြို့နယ်ရှိ ငဝန် မြစ် ရေကာတာ တာမိုင်(၂၅/၃)တွင် တာတမံနိမ့်ကျမှုဖြစ်ပေါ်ခဲ့သည့်နေရာသို့ ရောက်ရှိ ပြီး တမံရေတိုက်စားမှု ကာကွယ်ခြင်းနှင့် ရေနက်ရေစီးကြောင်း ပိတ်ဆို့နိုင်ရေး အတွက်

ရေတိုက်စားမှုလျော့ကျစေရန် ကမ်းပြိုကာကွယ်ရေးသုံး ပိတ်စအိတ် Geo Bag များချခြင်း၊ Geo Bag ဖြင့် ရေလွှဲရေကာပြုလုပ်ခြင်း၊ တာတမံရေထိမျက်နှာပြင် လျှောစောက် အား Geo Texileအစများ၊ Geo Bagများဖြင့်ကာကွယ်ခြင်း၊ ရေနက်ရေစီး လမ်းကြောင်း အား ဆက်လက် ပိတ်ဆို့နိုင်ရေးအတွက် သဲအပြည့်ဖြည့်ထားသော Geo Bag အိတ်ကြီး များနှင့် သဲအိတ်များကို နိုင်လွန်ပိုက်ကြိုးဖြင့် စုစည်းထုပ်ပိုး၍  ရေယာဉ်များ၊ သဲစုပ် သင်္ဘောများဖြင့် ချခြင်း၊ ရေစီးလမ်းကြောင်း တားဆီးနိုင်ရေး Steel Sheep Pile ရိုက် ခြင်း စသည့်လုပ်ငန်းများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ နည်းပညာကျွမ်း ကျင်သူများ၊ ကျွမ်းကျင်လုပ်သားများ၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်အတူပေါင်းစပ် ညှိနှိုင်း အရှိန်အဟုန်မပျက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်မှုတို့ကိုရဟတ် ယာဉ်ပေါ်မှ ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ် လုပ်ငန်းဆောင်ရွက်မှုများ အမြန်ဆုံးပြီးစီးမှုရှိစေရေး စနစ်တကျဆောင်ရွက် သွားရန်၊ ကူညီထောက်ပံ့ရေးလုပ်ငန်း များကို မြန်မြန်ဆန်ဆန်နှင့် ထိထိရောက်ရောက် ဆောင်ရွက်ပေးသွားရန်နှင့် အခြားလိုအပ် သည်များကို လမ်းညွှန်မှာကြားသည်။

ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ နှစ်သိမ့်အားပေးစကားပြောကြား

         ယင်းနောက် နိုင်ငံတော်သမ္မတသည် ဟင်္သာတမြို့သို့ရောက်ရှိပြီး ဟင်္သာတမြို့ နယ်၊ လဟာပကျေးရွာသို့ မော်တော်ယာဉ်များဖြင့်သွားရောက်၍ လဟာပကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ လေးမျက်နှာမြို့နယ်မှ ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှစ်သိမ့် အားပေးစကားပြောကြားသည်။ ဦးစွာ နိုင်ငံတော်သမ္မတ အား ဟင်္သာတခရိုင် အုပ်ချုပ်ရေးမှူး ဦးလှိုင်ဝင်းက ရေဘေးရှောင် ပြည်သူများနှင့်ပတ်သက်သည့် အချက်လက် များအား ရှင်းလင်းတင်ပြသည်။

          ဆက်လက်၍ နိုင်ငံတော်သမ္မတက ရေဘေးရှောင်ပြည်သူများအား နှစ်သိမ့်အားပေး စကားပြောကြားရာတွင် မိမိအနေဖြင့် ယမန်နေ့ကတည်းကပင် လာရောက်တွေ့ဆုံနိုင် ရေး ဆောင်ရွက်ခဲ့သော်လည်း ရာသီဥတုအခြေနေမပေးသဖြင့် လာရောက်နိုင်ခဲ့ခြင်း မရှိခဲ့ဘဲ ကန်ကြီးထောင့်မြို့နယ်၊ ငပုတောမြို့နယ်နှင့် သာပေါင်းမြို့နယ်တို့အား ရဟတ်ယာဉ် များဖြင့်သာ လိုက်လံကြည့်ရှုခဲ့ရကြောင်း၊ ရေဘေးဒဏ်သင့်ခဲ့ရသည့် ပြည်သူများ၏အခက် အခဲများ လျော့ပါးသက်သာစေရေးနှင့် မူလလူမှုဘဝအခြေအနေသို့အမြန်ဆုံးပြန်လည် ရောက်ရှိနိုင်ရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် တတ်နိုင်သမျှကူညီဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်သကဲ့သို့ ရေပြန်လည်ကျဆင်းပြီးနောက်ပြည်သူများအနေဖြင့် လည်း မိမိတို့တစ်ဦးချင်းစီ၏ ကြိုးစားအားထုတ်မှုနှင့်အတူ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ကြမည်ဆိုပါက မူလအခြေအနေသို့ အမြန်ဆုံးပြန်လည် ရောက်ရှိနိုင်မည်ဖြစ်ကြောင်း။

          ဧရာဝတီတိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအဓိက ထားဆောင်ရွက်သည့် တိုင်းဒေသကြီးဖြစ်ပြီး စီးပွားရေးကောင်းမွန်သည့်၊ အစဉ်အလာ ကောင်းများရှိသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ကြောင်း၊ သို့ဖြစ်၍ကြုံတွေ့နေရသည့် သဘာဝဘေးဒဏ်ကို ဒေသတွင်းရှိ အခြေခံကောင်းများအား အကျိုးရှိရှိအသုံးချ၍ ကျော်လွှားနိုင်ရန်လိုကြောင်း။

          သစ်ပင်စိုက်ပျိုးမှုများ အားနည်းလျက်ရှိသည်ကို တွေ့မြင်ရသဖြင့် လမုပင်၊ မန်ဂျန်ရှားပင်၊ အုန်းပင်တို့အပါအဝင် သစ်ပင်များကို  တစ်အုပ်တမ စနစ်တကျ စိုက်ပျိုးခြင်းအားဖြင့် ရေတိုက်စားမှုနှင့် လေပြင်းတိုက်ခတ်မှုဒဏ်တို့ကို အတိုင်းအတာ တစ်ခုအထိ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း၊ ရေဝင်ရေဝင်ပေါက်များ စနစ်တကျဖြစ် စေရေး အတွက်လည်း ဆောင်ရွက်သွားကြရန်လိုပြီး ဧရာဝတီမြစ်၊ ငဝန် မြစ်များနှင့် အခြားမြစ်ချောင်းများ ရေစီးဆင်းမှုများကောင်းမွန်စေရေး နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ရှောင် ရှား၍ ရနိုင်မည် မဟုတ်သော်လည်း ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို‌ စနစ် တကျ ဆောင်ရွက်ခြင်းအားဖြင့် ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင် မည် ဖြစ်ကြောင်း။

         နိုင်ငံတော်နှင့်အတူ စေတနာရှင်အလှူရှင်များကလည်း စဉ်ဆက်မပြတ် လာရောက်လှူဒါန်းမှုများကို အားတက်ဖွယ်တွေ့ရှိရပြီး ယမန်နေ့က ပြုလုပ်သည့် အလှူငွေပေးအပ်ပွဲအခမ်းအနားတွင် စုစုပေါင်းအလှူငွေ ငွေကျပ် ၂၃ ဘီလီယံကျော် ကိုလက်ခံရရှိခဲ့ကြောင်း၊ ရေဘေးကြောင့်  ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများ အတွက် မိမိအနေဖြင့် ထပ်တူစိတ်မကောင်းဖြစ်ရပါကြောင်း၊ နိုင်ငံတော်နှင့် အလှူရှင် များက တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးသကဲ့သို့ ဒေသခံပြည်သူများအနေဖြင့်လည်း မူလအခြေ အနေသို့ ပြန်လည်ရောက်ရှိစေရေး ဥစ္စာရင်လို၊ ဥစ္စာရင်ခဲဖြင့် ဆောင် ရွက်သွားရန်လိုကြောင်း၊ ရေဘေးကြောင့် ယာယီပိတ်ထားရသည့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် မိဘများအနေဖြင့် မိမိတို့၏ သားသမီးများကျောင်းပြန်လည်တက်ရောက်စေရေး အလေး ထားဆောင်ရွက်ပေးကြစေလိုကြောင်း၊ ကျောင်းပညာသင်ကြားခြင်းမှတစ်ဆင့် ပညာတတ် မြောကမှုသာမက စည်းကမ်းရှိမှု၊ စိတ်ဓာတ်ကောင်း မွန်မှုနှင့် ကြိုးစားအားထုတ်လိုစိတ် တို့ကိုပါ ပြုစုပျိုးထောင်ပေးနိုင်မည်ဖြစ်သည့်အတွက် ပညာရေးကို အားပေး ဆောင်ရွက် သွားကြရန်လိုကြောင်း။

         ဧရာဝတီတိုင်းဒေသကြီးသည် ရေခံမြေခံကောင်းများနှင့် အခြေခံကောင်းများရှိ ပြီးဖြစ်သဖြင့် တစ်ဦးချင်းကိုယ်စီကြိုးစားအားထုတ်ကြမည်ဆိုပါက နိုင်ငံတွင် ထိပ်တန်း အဆင့်ရှိသည့် တိုင်းဒေသကြီးတစ်ခုဖြစ်လာနိုင်မည်ကို မိမိအနေဖြင့် ယုံကြည်ပါ ကြောင်း၊ ကျောင်းပညာရေးနှင့်ပတ်သက်၍လည်း အတန်းအလိုက်၊ အဆင့်အလိုက် ကျောင်းတက် ရောက်မှုအပေါ်တွင်မူတည်၍ သင်ယူရသည့် စာပေပညာများ၊ နာယူရ သည့် အသိပညာ ဗဟုသုတများ ကွာခြားသွားမည်ဖြစ်သဖြင့် ကျောင်းပညာရေးကို ဆုံး ခန်းတိုင်အောင် သင်ယူသွားကြရန် တိုက်တွန်းအားပေးလိုပါကြောင်း၊ ကျောင်းတက် ရောက်ခြင်းဖြင့် သင်ကြားခဲ့ရသည့် အတန်းပညာရပ်များအလိုက် စည်းကမ်းရှိသည့် လူငယ်များ၊ အသိပညာအတတ်ပညာများ ပြည့်စုံကျွမ်းကျင်သည့် စွမ်းရည်နှင့် စွမ်းအား ရှိသည့်လူငယ် များဖြစ်လာမည်ဖြစ်ကြောင်းပြောကြားပြီး ရေဘေးသင့်ပြည်သူများ၏ လိုအပ်ချက်များကို မေးမြန်းကာ လိုအပ်သည်များဖြည့်ဆည်းပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

          ထို့နောက် နိုင်ငံတော်သမ္မတသည် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ ပစ္စည်းများပေးအပ်ရာ ရေဘေးသင့်ပြည်သူများကိုယ်စား ကိုယ်စားလှယ်များက လက်ခံရ ယူကြသည်။ ယင်းနောက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီးက လေးမျက်နှာမြို့နယ်ရှိ ရေဘေးသင့်ပြည် သူများအနက် ထိခိုက်လွယ်အုပ်စုဝင်များအတွက် ထောက်ပံ့ငွေကျပ် စုစုပေါင်း ၁၉ ဒသမ ၁၄ သန်းကို ထောက်ပံ့ပေးအပ်ရာ ကိုယ်စားလှယ်တစ်ဦးက လက်ခံရယူသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတသည် ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးသည်။

          ထို့နောက် နိုင်ငံတော်သမ္မတသည် ဘုန်းတော်ကြီးကျောင်းအတွင်း ဟင်္သာတ ခရိုင်ကုသရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံကြီး၊ ဟင်္သာတမြို့ ရွေ့လျားဆေးကုသရေးအဖွဲ့ မှ ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။  (သတင်းစဉ်)