စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့၊ ရွာများ၌ ဩဂုတ်လ ၅ ရက်နေ့မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ကျေးရွာ၊ ရပ်ကွက်များနှင့် လယ်ယာစိုက်ခင်း များအတွင်း ရေလွှမ်းမိုးမှုများဖြစ်ပွားလျက်ရှိကြောင်းသိရှိရသည်။
ထို့သို့ ကျေးရွာ၊ ရပ်ကွက်များအတွင်း ရေဝင်ရောက်မှုကြောင့် ရေဦးမြို့နယ်ရှိ ဆီဆုံကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာရှိ ဒေသခံပြည်သူများအား ကန့်ဘလူ မြို့နယ်၊ ကာဘိုးကျေးရွာရှိ မြင့်တင်ဘုန်းတော်ကြီးကျောင်းတိုက်သို့လည်းကောင်း၊ မင်းကင်းမြို့နယ်၊ သရက်တောရပ်ကွက်ရှိ ဒေသခံပြည်သူများအား မင်းကင်းမြို့၊ မြို့မရပ်ကွက်ရှိ ယွန်းဘုန်းတော်ကြီးကျောင်းသို့လည်းကောင်း၊ မင်းကင်းမြို့နယ်၊ ကျေးတောင်ဦးကျေးရွာနှင့် ရေပုတ်ချောင်းကျေးရွာရှိ ဒေသခံပြည်သူများအား ကျေးတောင်ဦးကျေးရွာ၊ ရွှေဇဝါထွန်းဘုန်းတော်ကြီးကျောင်းသို့ လည်းကောင်း ယာယီရွှေ့ပြောင်းနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီကယ်ဆယ်အသင်းအဖွဲ့များက သွားရောက်ကူညီဆောင်ရွက်ပေးကြပြီး ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သော ဆန်၊ ဆီ၊ နှင့် စားသောက်ဖွယ်ရာများ အား ထောက်ပံ့ပေးနိုင်ရေးအတွက် မြို့နယ်အလိုက် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီး ဌာနနှင့် ညှိနှိုင်းဆောင်ရွက်ပေးထားကြောင်းသိရှိရပါသည်။
ထို့အပြင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် သက္ကယ်ကျင်း- ဖောင်းပြင်- ဟုမ္မလင်း- ခန္တီး လမ်းပိုင်းရှိ တံတားအမှတ် ၁/၂၃၀ သံကူကွန်ကရစ်တံတား၏ ဘယ်ဘက်ခြမ်းမြေထိန်းနံရံရေတိုက်စားသွားကာ ကတ္တရာလမ်းများ နိမ့်ဝင်ပျက်စီး ခဲ့သဖြင့် လမ်းပေါ်ရေကျော်လျက်ရှိပြီး ယာဉ်ကြီးများသာသွားလာနိုင်ကြောင်း သိရှိ ရသည်။
၎င်းအပြင် ရွှေဘိုခရိုင်အတွင်း ကျေးရွာ အုပ်စု (၃၃)စုမှ လယ်ယာစိုက်ခင်းများ နှင့် ကျွန်းလှမြို့နယ်၊ မန်ကျည်းအင်းကျေးရွာအုပ်စု၊ လယ်လှကျေးရွာအုပ်စုနှင့် ရှမ်းစု ကျေးရွာများရှိ လယ်ယာစိုက်ခင်းများအား ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။



