မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်နှင့် မတ္တရာမြို့နယ်အတွင်း မိုးသည်ထန်စွာ ရွာသွန်းမှုများကြောင့် ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် ကျေးရွာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် နေပြည်တော်၊ ၂၀၂၆ ဩဂုတ် ၉

Tuesday, August 11, 2026 - 08:15

           မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ဩဂုတ်လ ၅ ရက်မှ ၈ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဩဂုတ်လ ၅ ရက်မှစတင်ကာ မြေသားအိကျ၍ မြေပြိုကျမှုများ ဖြစ်ပေါ်ခဲ့ရသည်။

           ထိုသို့ မြေပြိုကျမှုများကြောင့် မိုးကုတ်မြို့နယ်ရှိ ကျပ်ပြင်ရပ်ကွက်၏ အနောက်ဘက် ပန်းမရပ်၊ ရွှံ့ပန်းရပ်ကွက်၊ ကျောက်ဆင်ကျေးရွာနှင့် ဘော်မား ကျေးရွာများ၌ လူနေအိမ်များ ပြိုကျပျက်စီးခြင်း၊ အုတ်တံတိုင်းများ ပြိုကျပျက်စီးခြင်း၊ ကတ္တရာလမ်းများ နိမ့်ဝင်ပျက်စီးခဲ့သဖြင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင် ခြင်းမရှိဘဲ လမ်းများယာယီပိတ်ထားခဲ့ရသည်။

           အဆိုပါနေရာများသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ ပြည်သူများ ဘေးအန္တရာယ် မဖြစ်စေရန် လိုအပ်သော ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ မြေပြိုကျမှုကြောင့် ကားလမ်း များပိတ်နေသည့်အတွက် Loader ယာဉ်များဖြင့် မော်တော်ယာဉ်များ ယာယီဖြတ်သန်း သွားလာနိုင်ရေး ဆောင်ရွက်ပေးခြင်း၊ လိုအပ်သောကျန်းမာရေးစောင့်ရှောက်ခြင်း လုပ်ငန်းများကို အချိန်နှင့် တပြေးညီ ဆောင်ရွက်ပေးလျက်ရှိသည်။

           အလားတူ မန္တလေးတိုင်းဒေသကြီးအတွင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် မတ္တရာမြို့နယ်၊ ဆည်တော်ကြီးကျေးရွာရှိ ဆည်တော်ကြီးရေလှောင်တမံ၌ ရေဝင်ရောက်မှုများပြားကာ ဆည်ရေပြည့် ရေလှောင်ပမာဏထက် ကျော်လွန်လာ သဖြင့် ရေလှောင်တမံအနီးရှိကျေးရွာများနှင့် ဒေသအခေါ် တံငါတံတား (ကျောက် စရစ်ကုန်းတံတား)အား ထိခိုက်မှုမရှိစေရေး ဩဂုတ်လ ၇ ရက်တွင် ပိုလျှံရေများကို အကျယ် ၄၀ ပေ၊ အမြင့် ၃၅ ပေ ရှိ ရေပိုလွှဲတံခါးကြီး ၇ ခုမှ တံခါးတစ်ခုလျှင် ပျှမ်းမျှ ၂ ပေခန့် ဖွင့်ဖောက်၍ ရေထိန်းညှိလျှော့ချခြင်းများ ဆောင်ရွက်ခဲ့သည့်အတွက် မတ္တရာမြို့နယ်၊ တံငါတောင်ကျေးရွာအနီး မန္တလေး-သပိတ်ကျင်း-မိုးကုတ် သွား ကားလမ်းမပေါ် ရေကျော်စီးဆင်းမှု ဖြစ်ပေါ်ခဲ့သည်။    

           ထိုသို့ ရေကျော်စီးဆင်းမှုများကြောင့် မတ္တရာမြို့နယ်၊ အထက်တောင်ကိုင်း ကျေးရွာအတွင်းရှိ ပြည်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း ၊ ပစ္စည်းများအား ရေဘေးလွတ် ရာသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ စားသောက်ဖွယ်ရာများ ဝေငှပေးခြင်း၊ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။