ရန်ကုန်တိုင်းဒေသကြီး၊ ပန်းပဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းရှိ Diamond Shine စိန်ရွှေရတနာဆိုင် ပိုင်ရှင်အား ဩဂုတ်လ ၆ ရက်နေ့တွင် ပြန်ပေးဆွဲခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နေ့မအားညမနား ကြိုးပမ်းဆောင်ရွက်မှု ကြောင့် ၁၂နာရီအချိန်အကြာ ဩဂုတ်လ ၇ ရက်နေ့တွင် တရားခံများအား ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ပန်းပဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်း အမှတ် (၆) ရပ်ကွက်နေ ဦးအောင်မြင့်(ခ) ဆူပရာမန်းနီး(ဘ) ဦးကရပဲယား၊(ဟိန္ဒူ ၊ ဗုဒ္ဓ) သည် ၎င်းပိုင်ဆိုင်သည့် Diamond Shine စိန်ရွှေရတနာဆိုင်မှ ဩဂုတ်လ ၆ရက် ညနေ ၅နာရီခွဲခန့်တွင် နေအိမ်သို့ ပြန်လာစဉ် အမှတ်(၆) ရပ်ကွက် ရွှေဘုံသာလမ်း အိမ်အမှတ်၊ (၃၆) အရှေ့သို့အရောက်၌ စိစစ်ဆဲအဖွဲ့တစ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း၊ ထို့နောက် ည၈နာရီချိန်ခန့်တွင် အကြမ်းဖက်သမားများက ဦးအောင်မြင့် ကိုင်ဆောင်သောဖုန်းဖြင့် ၎င်း၏ မိသားစုများထံသို့ ဆက်သွယ်၍ ဦးအောင်မြင့်(ခ) ဆူပရာမန်းနီး အား အသက်ရှင်လျက်ပြန်လည်ရရှိလိုပါက ငွေကျပ် သိန်း ၄၅၀၀နှင့် ရွှေ ၆၀ ကျပ်သား ပေးရမည်ဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုင်ကြားခြင်းမပြု ရန်နှင့်တိုင်ကြားပါက ဦးအောင်မြင့် အား သတ်ပစ်မည်ဖြစ်ကြောင်း ခြိမ်းခြောက် ပြောဆိုကာ ငွေကြေးတောင်းခံခဲ့ကြောင်းသိရှိရသည်။
ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အထက်ပါဖြစ်စဉ်မှ တရားခံများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိရေး လိုအပ်သည့်စိစစ်မှုများ ဆောင်ရွက်ခဲ့ပြီး ဩဂုတ်လ ၇ရက်နေ့ နံနက် ၄နာရီခွဲချိန်ခန့်တွင် ပြန်ပေးဆွဲမှုဖြစ်စဉ်တွင်ပါဝင်သူ တရားခံများ ဖြစ်ကြသည့် မူဒူးဂါး(ခ) ဝင်းကိုအောင်(ဘ)ဦးလှမြင့်(ခ)ဦးဘာစန်း(ဟိန္ဒူ၊ဗုဒ္ဓ)နှင့် ဂင်ဒို(ခ) လင်းလင်း (ဘ)ဦးမောင်မောင် (ဟိန္ဒူ၊ ဗုဒ္ဓ) တို့ နှစ်ဦးအား တာမွေမြို့နယ်၊ စက်စန်းဟိုတယ် အနီးတွင်ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်တရားခံများအား ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်ခဲ့ရာ အဆိုပါနေ့ နံနက် ၅ နာရီခန့်တွင် မျိုးမင်းဦး(ခ) မျိုးကြီး (ဘ) ဦးအုန်းမြနှင့် အောင်သူ(ခ) အောင်သူဦး (ဘ)ဦးဝင်းလှိုင် တို့နှစ်ဦးအား သာကေတမြို့နယ်၊ ကျောက်တိုင်မှတ်တိုင်အနီးတွင်အသွား၆လက်မခန့်ရှိ ဓားတစ်ချောင်း၊ လှံစွပ်တစ် ချောင်း၊ လက်ထိပ်တစ်ခုတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ပြီး အဆိုပါနေရာ တစ်ဝိုက်အား လိုအပ်သည့်ရှာဖွေမှုများ ဆောင်ရွက်ခဲ့ရာ ပြန်ပေးဆွဲခံရသူ ဦးအောင်မြင့် (ခ) ဆူပရာမန်းနီး အား ၎င်းအနီးရှိ အိမ်ပျက်အတွင်းမှ အသက်ရှင်လျက်ပြန်လည် ရှာဖွေ တွေ့ရှိကယ်တင်နိုင်ခဲ့သည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကျန်ရှိနေသောတရားခံများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ နံနက် ၅နာရီခွဲအချိန် ခန့်တွင် တရားခံ မောင်ငယ် (ဘ) ဦးဘီဒါဒေါင်း (ဟိန္ဒူ၊ ဗုဒ္ဓ)အား ဒေါပုံမြို့နယ်၊ စံပြ(၁) လမ်းတွင် ထပ်မံဖမ်းဆီးရမိခဲ့ပြီး အဆိုပါဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များ အရ အထက်ပါပြန်ပေးဆွဲမှုဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့ကြသည့် တရားခံ ကျော်သူရ၊ အောင်ထက်မိုး နှင့် ကျော်သက် တို့ ၃ ဦးအား နေအိမ်အသီးသီးတွင်လည်းကောင်း၊ ပြန်ပေးဆွဲမှုပြု လုပ်ရာတွင်အသုံးပြုခဲ့သည့် Taxi နှင့် ယာဉ်မောင်းဖြစ်သူ ကျော်ကိုကိုလွင် (ဘ) ဦးတင်ဝင်းအား ဒေါပုံမြို့နယ်၊ ယမုံနာ (၁) ရပ်ကွက်၊ အောင်မေတ္တာအလယ်လမ်း အိမ်အမှတ် (၃၁၇)၌လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
အထက်ပါဖြစ်စဉ်မှ တရားခံများအား ဖြစ်စဉ်ဖြစ်ပွားပြီး အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ခြင်းသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နေ့မအားညမနား ကြိုးပမ်း ဆောင်ရွက်မှုနှင့် တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုများကြောင့် ဖော်ထုတ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးရမိခဲ့သည့် စုစုပေါင်း ၉ ဦတို့အား တည်ဆဲဥပဒေ များနှင့် အညီထိရောက် ပြင်းထန်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေး နှင့်ဒုစရိုက်မှုများ တားဆီးဖော်ထုတ် ဖမ်းဆီးရမိရေးတို့အတွက် လုံခြုံရေးလုပ်ငန်း များကို နေ့ညမပြတ် ဆောင်ရွက်လျက် ရှိကြောင်းသတင်းရရှိသည်။