ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်း နေပြည်တော်၊ ဩဂုတ် - ၈

Sunday, August 9, 2026 - 09:30

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်း

နေပြည်တော်၊       ဩဂုတ် - ၈

        ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေး ဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ပေးအပ်လှူ ဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပုသိမ်မြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက် ရောက်၍ အလှူငွေများ လက်ခံသည်။

        အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးမြထွန်းဦး၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမင်းနောင်၊ ဦးမျိုးသန့်၊ ဒေါက်တာ စိုးဝင်း၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိ ကြီးများ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိ သူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိ မြို့ဖများ တက်ရောက်ကြသည်။

        ဦးစွာ နိုင်ငံတော်သမ္မတနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ရေဘေးကြောင့် သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့မှုအခြေအနေများ၊ ရှာဖွေကယ် ဆယ်ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေများကို မှတ်တမ်းတင်ထား သည့် “သဘာဝဘေးအန္တရာယ်ကို စုပေါင်းစွမ်းအားနဲ့ ကျော်ဖြတ်ကြမယ်” Video Clip ကို ကြည့်ရှုကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပ ပြုလုပ်သည့် အခမ်းအနားသည် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာ မြို့နယ်အတွင်း  မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဘေးဒုက္ခကြုံတွေ့နေရသည့် ပြည်သူများကို စေတနာရှင်များက အလှူငွေနှင့်ပစ္စည်းများ ပေးအပ်လှူဒါန်းကြသည့် မင်္ဂလာရှိသော အခမ်းအနားတစ်ခုဖြစ်ပါကြောင်း။

၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃၀ ရက် ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေးမျက် နှာမြို့နယ်၊ ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှတစ်ဆင့် ထူးပေါက်ပြီး ရေဖြတ်သန်းစီးဆင်းခြင်းကြောင့် တာတမံနိမ့်ကျ ရေကျော်စီးဝင်ခဲ့၍ လေးမျက်နှာ မြို့ပေါ်ရပ်ကွက်(၅)ခုနှင့် ကျေးရွာ(၁၃၈)ရွာမှ အိမ်ထောင်စု ကိုးထောင်ကျော်၊ လူဦးရေ သုံးသောင်းကိုးထောင်ကျော် ရေဘေးသင့်ခဲ့ပြီး ကယ်ဆယ်ရေးစခန်း (၁၇)ခု ဖွင့်လှစ် ထားသည့် အခြေအနေဖြစ်ပါကြောင်း။

ကျိုးပေါက်မှုဖြစ်စဉ်စတင်ခဲ့သည့် ဇူလိုင်(၃၁)ရက်မှစပြီး ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိ ပြည်ထောင်စု ဝန်ကြီးဌာနတာဝန်ရှိသူ များ၊ ဒေသခံပြည်သူများ၊ စေတနာလုပ်အားရှင်များ စုပေါင်းပြီး ထုတ်တန်းရိုက်၊ ဝါးထရံ ကာခြင်း၊ Geobag ချခြင်း၊ ကရိန်းရေယာဉ်ဖြင့် ရေဝင်လမ်းအထက်၌ သဲအိတ်ချခြင်း၊ သံခွံCB တွဲဖြင့် သဲဖြည့်မြုတ်ချပြီး ရေဝင်ထိန်းကာကွယ်ခြင်း၊ ပန်းတာ၏ ဘယ်ညာတို့ တွင် သဲအိတ်ချပိတ်ခြင်း စသည်တို့ကို အားကြိုးမာန်တက် ဆောင်ရွက်လျက် ရှိပါ ကြောင်း၊ လာမည့်ရက်များတွင်လည်း သစ်သား/သံကိုယ်ထည် စက်လှေ (၃) စီးကို သဲဖြည့်ရေမြုတ်ပြီး ရေစီးကြောင်းတားဆီးခြင်း၊ မြုတ်ထားသည့် စက်လှေများပေါ်ကို သဲအိတ်ကြီးများ ထပ်ဖြည့်ချခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြစ်ရေကျချိန် တွင် ပန်းတာကို မိုးတွင်းကာလ ထိန်းသိမ်းနိုင်ရေးဆောင်ရွက်ရန် စီမံထားရှိပြီး ပွင်းလင်းရာသီရောက်ရှိချိန်တွင် အခိုင်အမာမြေဖို့ခြင်းများကို ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် ပိုမိုခိုင်ခံ့စေရေး ပန်းတာ၏ ရေကျော် ဝင်ရောက်နေသည့်နေရာတွင် ၁၂ မီတာ အရှည်ရှိသည့် Steel Sheet Pile များကို အလျား ပေ ၈၉၀ ခန့် အခုံးပုံ Pile ရိုက်သည့်လုပ်ငန်းကို ဆောင်ရွက်နေပြီဖြစ်ကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးဒဏ်ခံစားရသည့်ဒေသများကို အလျင်အမြန် ကွင်းဆင်းကြည့်ရှု့ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို အချိန်နှင့်တပြေးညီ ဆောင် ရွက်လျက်ရှိကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း ရေကြီးရေလျှံမှု စတင် ဖြစ်ပွားချိန်ကတည်းက ဘေးသင့်သူများအား ရှာဖွေကယ်ဆယ်ရေး၊ ဘေးလွတ် ရာကို ရွှေ့ပြောင်းပေးရေး၊ စားရေရိက္ခာများ ထောက်ပံ့ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ မြစ်ရေတိုက်စားပြိုကျမှုမှ ကာကွယ်ခြင်းတို့ကို အရှိန်အဟုန် မြှင့် တာဝန်ယူဆောင်ရွက်လျက်ရှိသည်ကို တွေ့ရကြောင်း။

မိမိတို့ အစိုးရတာဝန်ယူစဉ်အချိန်ကပင် စီးပွားရေးကဏ္ဍနှင့် ပတ်သက်လာပါက နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့ ဟူသည့် မူဝါဒကို ချမှတ်လုပ်ဆောင်နေ ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးမြှင့်တင်ရန် လုပ်ဆောင်ရာတွင် ယခုကဲ့သို့ သဘာဝဘေးအန္တရာယ်များကြောင့် ဖွံ့ဖြိုးမှုလုပ်ငန်းစဉ်များကို ထိခိုက်စေနိုင်သည်ဆို သည်ကို အမြဲသတိပြုရန် မိမိအနေဖြင့်မကြာခဏ အသိပေးမှာကြားထားပြီး ဖြစ်ကြောင်း၊ သို့သော်လည်း မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာနှင့်အဝန်း ကြုံတွေ့နေရသည့် ရာသီဥတုပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာမှု အစရှိသည့် အမျိုး မျိုးသော အကြောင်းအရာများကြောင့် ယခုကဲ့သို့ကိစ္စရပ်များ ရှိနေဦးမည်ဖြစ်ကြောင်း၊ ရှိလာသည့်အခါတွင်လည်း ထိခိုက်ပျက်စီးမှုများ လျော့နည်း သည်ထက်လျော့နည်း စေရေး နောက်ပိုင်းတွင် မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံး၏  အဓိကရည်မှန်းချက် ဖြစ်သည့် ဘေးဒဏ်များမှ ကြံ့ကြံ့ခံနိုင်ရမည်ဟူသည့် အနေအထား အထိ ရောက်အောင် မိမိတို့အားလုံးအတူတကွ ဝိုင်းဝန်းဆောင်ရွက်ကြရန် ထပ်လောင်း မှာကြားလိုကြောင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်သည့်အခါတွင် လည်း လက်ရှိကြုံတွေ့ နေရသည့် ဘေးအန္တရာယ်များအပြင် နောင်ဖြစ်လာနိုင်ခြေ ရှိသည့် ဘေးအန္တရာယ်များ အတွက်ပါ ကြိုတင်ထည့်သွင်းတွက်ဆပြီး သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ အနာဂတ် အတွက် တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။

ယခုရေဘေးကို အစိုးရ၊ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ လူမှုရေးအသင်း အဖွဲ့များ၊ စေတနာရှင်၊ အလှူရှင်များနှင့် ပြည်သူများအတူ ဝိုင်းဝန်းပူးပေါင်းဖြေရှင်း ဆောင်ရွက်ကြရမည်လည်းဖြစ်ကြောင်း။

မိမိတို့ မြန်မာလူမျိုးများ၏ နှလုံးသားထဲတွင် လှူလျှင် မလျော့မျှလျှင်မကုန် ဟူသော စိတ်ဓာတ်သည် အမြဲရှင်သန်နေတတ်ကြပါကြောင်း၊ မိမိတို့တွင် အနည်းငယ် သာရှိနေစေကာမူ လိုအပ်နေသူများအား မျှဝေပေးရန် ဝန်မလေးကြသည်မှာလည်း မြန်မာတို့၏ ချီးကျူးဖွယ်ဓလေ့တစ်ခုဖြစ်ပါကြောင်း၊ ယနေ့ အလှူငွေပေးအပ်ပွဲတွင် ဆို ပါကလည်း စေတနာရှင်ပြည်သူများမှ ငွေကျပ် ၂၃ ဒသမ ၃၂၄ ဘီလီယံကျော်ကို ပေးအပ်လှူဒါန်းခဲ့ကြသဖြင့် နိုင်ငံတော်အစိုးရကိုယ်စား‌၊ ရေဘေးသင့်ပြည်သူများ၏ ကိုယ်စား ကျေးဇူးတင်ပါကြောင်းနှင့် မှတ်တမ်းတင်ပါကြောင်းကို ပြောကြားလို ကြောင်း။

သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာသည့်အခါတိုင်း မြန်မာပြည်အနှံ့မှ ပြည်သူများအနေဖြင့် ဘေးသင့်သူများကို စိတ်တူကိုယ်တူ စုပေါင်းလှူဒါန်း ကူညီကြ သည်ကိုလည်း မြင်တွေ့ရပြီး ပေးကမ်းခြင်းဆိုသည်မှာ ပစ္စည်းတန်ဖိုးထက် မေတ္တာ တန်ဖိုးကို ပိုမိုမြင့်မားစေပြီး လူမှုအသိုင်းအဝိုင်းကိုလည်း ပိုမိုနွေးထွေးခိုင်မာစေသည့် အင်အားတစ်ရပ် ဖြစ်လာစေပါကြောင်း။

ယခုရင်ဆိုင်ကြုံတွေ့ရသည့် ရေကြီးရေလျှံမှု တုံ့ပြန်ရေးလုပ်ငန်းများသာမက ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအထိ အားတက် သရော ထောက်ပံ့လှူဒါန်းပေးကြသည့် စေတနာရှင်၊ အလှူရှင်များ၊ အဖွဲ့အစည်းများ၊ တစ်ဦးချင်း လူပုဂ္ဂိုလ်များအားလုံးနှင့် ပူးပေါင်း လက်တွဲဆောင်ရွက်မှုများအပေါ် လှိုက်လှဲစွာကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံတော်နှင့် ရေဘေးသင့်ပြည်သူများ ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်းနှင့် လှူဒါန်းမှုများအပေါ် လေးစားစွာ မှတ်တမ်းတင်ပါ ကြောင်း ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက ဖြည့်စွက်ပြောကြားရာတွင် မိမိအနေဖြင့် ယခု အခမ်းအနားသို့ မလာရောက်မီ ရေဘေးဒဏ်ကြုံတွေ့ခံစားနေရသည့် လေးမျက်နှာ မြို့နယ်အတွင်းရှိရေဘေးသင့်နေရာများသို့ ရဟတ်ယာဉ်ဖြင့် သွားရောက်ခဲ့သော်လည်း ရာသီဥတုအခြေအနေမပေးသဖြင့် ကန်ကြီးတောင့်မြို့နယ်၊ ငပုတောမြို့နယ်၊ သာပေါင်းမြို့နယ်တို့၏ မြေပြင်အခြေအနေကို ရဟတ်ယာဉ်ပေါ်မှသာ ကြည့်ရှုခဲ့ရ ကြောင်း၊  သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ လူတို့၏ကြိုတင်ပြင်ဆင် မှုများဖြင့် ထိခိုက်သေကျေပျက်စီး ဆုံးရှုံးမှုများလျော့ပါးအောင်ဆောင်ရွက်နိုင်ကြောင်း၊ ယခင်က လည်း ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုများနှင့် မုန်တိုင်းတိုက်ခတ်မှု များကြောင့် ထိခိုက်သေကြေမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ သဘာဝဘေးဒဏ်များကို ကာကွယ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို စနစ်တကျ စောင့်ကြည့် လေ့လာသုံးသပ်ဆန်းစစ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယခု လာရောက်လှူဒါန်း ကြသည့် အလှူရှင်များသည် ဧရာဝတီတိုင်းမှသာမက အခြားဒေသ များမှလည်း ပါဝင်ကြောင်း၊ ယခင်က ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးကွင်း၊ ရေနက်ကွင်း များကို စိုက်ပျိုးမြေများအဖြစ် ဖော်ထုတ်ဆောင်ရွက်ခဲ့ကြောင်း၊ ရေထိန်း တမံ တည်ဆောက်သင့်သည့်နေရာများ၌ ရေထိန်းတမံများတည်ဆောက်၍ ရေဝင် ရောက်မှု ကို ထိန်းချုပ် နိုင်ရေးဆောင်ရွက်ရန်လိုကြောင်း၊ နောင်အနာဂတ်တွင် ရေကြီး ရေလျှံမှုများလျှော့ချနိုင်ရေး စနစ်တကျသုံးသပ်တွက်ချက်၍ ရေစီးရေလာကောင်းမွန် အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း။

မိမိတို့ မြန်မာနိုင်ငံသား တိုင်းရင်းသားများအနေဖြင့် မိမိတို့ရှိသည့်အတိုင်း အတာများဖြင့် လှူဒါန်းလိုသည့်စိတ်များ၊ ကူညီလိုကြသည့်စိတ်များ ကိုယ်စီရှိကြသည် ကိုဂုဏ်ယူဖွယ်တွေ့မြင်ရပြီး ထို့သို့လှူဒါန်းမှုများ၊ စေတနာသဒ္ဒါတရားများ၏ အကျိုးကို မုချခံစားရမည်ဖြစ်ကြောင်း၊ မွန်မြတ်သည့်စိတ်ကိုအရင်းခံ၍ ဆောင်ရွက်ခြင်းဖြစ်သဖြင့် ကောင်းမွန်သည့် အကျိုးကိုမလွဲမသွေခံစားရမည်ဖြစ်ကြောင်း၊ ယနေ့လှူဒါန်းသည့် အလှူရှင် များသည်လည်း စေတနာအရင်းခံ၍လှူဒါန်းခြင်းဖြစ်သဖြင့် ကောင်းမွန်သည့် ဆောင် ရွက်ချက်ဖြစ်ပြီး ဗုဒ္ဓဘာသာအယူအဆအရလည်းကောင်းမွန်သည့်  ဆောင်ရွက် မှုဖြစ်ရန် ကောင်းမွန်သည့် အကျိုးရလဒ်များကိုပြန်လည်ခံစားရမည်ဖြစ် ကြောင်း။

ဘေးအန္တရာယ်များကြုံတွေ့ခဲ့ရပြီးနောက်ပိုင်းတွင် ပြန်လည်ထူထောင်ရေး လုပ် ငန်းများကိုအချိန်ပေး၍ ဆောင်ရွက်ကြရပြီး မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီး မှုများကို မိမိတို့အနေဖြင့် ယခုအချိန်အထိ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင် ရွက်နေရဆဲဖြစ်ကြောင်း၊ အလားတူ အခြားအကြောင်းအမျိုးမျိုးကြောင့် မြို့ပြကျေးရွာ များရှိ အခြေခံအဆောက်အဦများ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများကိုလည်း ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယခုလာ ရောက်လှူဒါန်းကြသူအများစုသည် စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်နေကြ သူများ ဖြစ်ကြပြီး စီးပွားရေးလုပ်ငန်းများကို ယခုထက်ပိုမိုတိုးတက် အောင်ကြိုးပမ်း ဆောင်ရွက်ကြခြင်းဖြင့် မိမိအကျိုးနှင့် နိုင်ငံတော်၏အကျိုးကို တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော်အနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်း အောင်ဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်သူများအနေဖြင့်လည်း နိုင်ငံ့စီးပွားတိုးတက် အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။   

        ဆက်လက်၍ လေးမျက်နှာမြို့နယ်အတွင်း ရေဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ စေတနာရှင်၊ အလှူရှင်များ၊ အသင်းအဖွဲ့များက အလှူငွေများ ပေးအပ်လှူဒါန်းကြရာ နိုင်ငံတော်သမ္မတက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ထို့နောက် စေတနာရှင်၊ အလှူရှင်များ၊ အသင်းအဖွဲ့များက အလှူငွေများ ဆက်လက်ပေးအပ်လှူဒါန်းကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးမြထွန်းဦး၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမင်းနောင်၊ ဦးမျိုးသန့်၊ ဒေါက်တာ စိုးဝင်း တို့က လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ယနေ့ ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားတွင် စုစုပေါင်း အလှူငွေ ငွေကျပ် ၂၃ ဒသမ ၃၂၄ ဘီလီယံကျော်ကို လက်ခံရရှိခဲ့ကြောင်း သတင်းရရှိသည်။(သတင်းစဉ်)