ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ သွားရောက်လေ့လာ နေပြည်တော်  ဩဂုတ်  ၈

Sunday, August 9, 2026 - 09:15

 

          မျိုးဆက်သစ်ကျောင်းသားလူငယ် မောင်မယ်များ အနေဖြင့် နိုင်ငံတော်၏သမိုင်းနှင့် တပ်မတော်၏ သမိုင်း‌ကြောင်းများကိုလေ့လာသိရှိပြီး အသိပညာဗဟုသုတများစွာရရှိစေရန်၊ ကျောင်းသားတစ်ဦးချင်းစီ၏ ပြင်ပလေ့လာမှတ်သားနာယူမှု စွမ်းရည်တိုးတက်စေရန်၊ တပ်မတော်၏လုပ်ငန်းတာဝန်များ၊ သမိုင်းမှတ်တမ်းကောင်းများ၊ တီထွင်ဆန်းသစ်မှုများကို ကြည့်ရှုလေ့လာပြီး ကျောင်းသားလူငယ်များ၏ အနာဂတ်ရည်မှန်းချက်များ ပေါ်ထွက်လာ စေရန်၊ တပ်မတော်အကြီးအကဲများ၏ နိုင်ငံတော်နှင့်တပ်မတော်အပေါ် ထားရှိသော စေတနာနှင့် တပ်မတော်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသော ရည်မှန်းချက်များကိုသိရှိစေရန်၊ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေပြီး အားကျအတုယူလိုသည့်စိတ်များ ဖြစ်ပေါ်လာစေရန်၊ သင်ရိုးညွှန်းတမ်းပါသင်ခန်းစာများကို အထောက်အကူပြုစေရန်နှင့် နိုင်ငံ့ အကျိုးသယ်ပိုးရွက်ဆောင်လိုသည့် ရည်မှန်းချက်ကောင်းများ ထားရှိတက်စေရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသား၊ ကျောင်းသူများအား တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ လာရောက်လေ့လာနိုင် ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

     ယင်းသို့ဆောင်ရွက်ပေးမှုကြောင့် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ ဇေယျာသီရိ မြို့နယ်ရှိ အခြေခံပညာအလယ်တန်းကျောင်း(လေသာ)မှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည်  ယနေ့တွင် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ လာရောက်လေ့လာကြသည်။

        ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများနှင့်ဆရာ၊ ဆရာမများသည် တပ်မတော် စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ရောက်ရှိကြပြီး မြန်မာ့တပ်မတော်သမိုင်းမှတ်တမ်း ရုပ်ရှင်ကြည့်ရှုကြသည်။ ဆက်လက်၍ ပြတိုက်တာဝန်ရှိသူက ပြတိုက်သမိုင်း၊ ရည်ရွယ်ချက် နှင့် ပြတိုက်အတွင်း ကဏ္ဍအလိုက် ပြခန်း၊ ပြကွက်များပြသထားမှုတို့ကိုရှင်းလင်း ပြောကြား ပြီး ပြခန်းများအလိုက်တာဝန်ရှိသူများက တပ်မတော်(ကြည်း)ပြကွက်၊ တပ်မတော်(ရေ) ပြကွက်၊ တပ်မတော်(လေ)ပြကွက်များ၌ ခင်းကျင်းပြသထားမှုများကို အသေးစိတ် လိုက်လံ ရှင်းလင်းပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာမှတ်သား ကြည့်ရှု ၍ သိရှိလိုသည်များကို မေးမြန်းကြရာ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။

          ထို့နောက် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် တပ်မတော်စစ် သမိုင်းပြတိုက်တွင် ခင်းကျင်းပြသထားသည့် ပြင်ပပြကွက်များဖြစ်သည့် တပ်မတော်(ကြည်း) ပြင်ပပြကွက်တွင် ဒုတိယကမ္ဘာစစ်နှင့် စစ်ပြီးကာလတို့တွင် အသုံးပြုခဲ့သော အမြောက်နှင့် သံချပ်ကာယာဉ်များ၊ တပ်မတော်(ရေ) ပြင်ပပြကွက်တွင် စစ်ရေယာဉ်ပုံစံတူများနှင့် လက်နက်များ၊ တပ်မတော်(လေ) ပြင်ပပြကွက်တွင် ခေတ်အဆက်ဆက် အသုံးပြုခဲ့သော တပ်မတော်လေယာဉ်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

လေ့လာရေး လာရောက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၏ ရင်တွင်းစကားသံများကိုလည်း အခုလိုပဲ ကြားသိခဲ့ရပါတယ်-

ဇေယျာသီရိမြို့နယ် အခြေခံပညာအလယ်တန်း‌ကျောင်း အ.လ.က (လေသာ) မှ အလယ်တန်းပြ ဆရာမ ဒေါ်နန်းခင်နှင်းမှုံ ဖြစ်ပါတယ်ရှင့်။ ယခုလို စစ်သမိုင်းပြတိုက်ကို ကျောင်းသူကျောင်းသားများနှင့်တကွ လာရောက်၍ လေ့လာခွင့်ရတဲ့အတွက် အများကြီးပဲ ဝမ်းသာဂုဏ်ယူမိပါတယ်ရှင့်။ လေ့လာခွင့်ရတဲ့အတွက်ကြောင့်မလို့ မြန်မာ့သမိုင်းကြောင်း တစ်လျှောက်မှာ ရှိနေတဲ့ တပ်မတော်ရဲ့ ကြိုးစား ဆောင်ရွက်ခဲ့သော လွတ်လပ်ရေး သမိုင်းဝင်များကို လည်းကောင်း၊ ပထမမြန်မာနိုင်ငံတော်မှ စ၍ ယခုလက်ရှိအထိကို ကျွန်မတို့နိုင်ငံကို တိုးတက်အောင် ဆောင်ရွက်ပေးခဲ့သော မင်းအဆက်ဆက်နဲ့တကွ တိုင်းချစ်ပြည်ချစ် မျိုးချစ်စိတ်ရှိသော စိတ်ဓာတ်တွေကိုလည်း ရရှိစေပါတယ်ရှင့်။ စည်းလုံးညီညွတ်မှုရှိပြီးတော့မှ လွတ်လပ်ရေးကို ထိန်းသိမ်းစောင့်ရှောက်တဲ့ စိတ်ဓာတ်တွေ လည်း အများကြီးပဲ ရရှိစေပါတယ်ရှင့်။ မျိုးချစ်စိတ်ကို သူတို့ကို ပေးတဲ့အတွက်ကြောင့်လည်း ကျောင်းသူကျောင်းသားလေးတွေဟာ နောင်တစ်ချိန်မှာ ကျွန်မတို့ နိုင်ငံရဲ့ နိုင်ငံ့ခေါင်းဆောင်ကောင်းတွေ အများကြီး ပေါ်ထွန်းလာတဲ့အတွက်ကြောင့်လည်း အများကြီး ဝမ်းသာဂုဏ်ယူမိပါတယ်ရှင့်။ အခုလို လေ့လာခွင့် ရရှိတဲ့အတွက် ကျွန်မတို့ ကျောင်းတွေမှာ သမိုင်းသင်ကြားရတဲ့အခါမှာ ကျောင်းသူကျောင်းသားလေးများဟာ လက်တွေ့ မြင်ခွင့်၊ သိခွင့်ရရှိပြီးတော့မှ မိမိရဲ့ သင်ခန်းစာတွေအတွက်လည်း ပိုပြီးတော့မှ အထောက်အကူတွေ အများကြီး ဖြစ်ပါတယ်ရှင့်။ နောင်တစ်ချိန်မှာလည်း တိုင်းပြည်အတွက်ကို နိုင်ငံ့ခေါင်းဆောင် တွေအများကြီး ပေါ်ထွန်းဖို့အတွက်လည်း မျှော်လင့်ပါတယ်ရှင့်။ ကျောင်းသူ ကျောင်းသားလေးတွေကို ဗဟုသုတတွေ၊ ပြင်ပဗဟုသုတတွေကို ပေးတဲ့အတွက်ကြောင့် မို့လို့လည်း အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။

ကျွန်တော်ကတော့ အခြေခံပညာအလယ်တန်းကျောင်း အ.လ.က (လေသာ)မှာ ပညာသင်ကြားနေတဲ့ Grade 7 ကျောင်းသားလေး မောင်သော်ကောင်းမြတ် ဖြစ်ပါတယ်။ အခုလို တပ်မတော် စစ်သမိုင်းပြတိုက်ကို လာရောက်လေ့လာရတဲ့အတွက် အရမ်းကို ပျော်ရွှင်မိပြီး အရင်ခေတ်က လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့တဲ့ အာဇာနည် ခေါင်းဆောင်ကြီးများ အကြောင်းကိုလည်း သိရှိခဲ့ရပါတယ်။ ကျွန်တော် ကြီးလာတဲ့အခါကျရင် မြန်မာနိုင်ငံအတွက် အကျိုးပြုရမယ့် သားကောင်းရတနာတစ်ယောက် ဖြစ်ချင်ပါတယ်။ ဒီစစ်သမိုင်းပြတိုက်ကို လေ့လာရေးခရီးအတွက် စီစဉ်ပေးတဲ့ တာဝန်ရှိသူအားလုံးကို အရမ်း ကျေးဇူးတင်မိပါတယ်။