ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) သွားရောက်ခဲ့ပြီး ယနေ့မွန်းလွဲပိုင်းတွင် ဗန်ကောက်မြို့၊ ဒွန်မောင်း အပြည်ပြည်လေဆိပ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာကြသည်။
နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ဦးဆောင်သည့် ထိုင်းနိုင်ငံအဆင့်မြင့်အရာရှိကြီးများနှင့်တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးဇော်ဇော်စိုး နှင့် ဇနီး၊ မြန်မာစစ်သံ (ကြည်း၊ရေ၊ လေ) ဗိုလ်မှူးချုပ် ဝင်းသူလင်း နှင့် တာဝန်ရှိသူများ က လေဆိပ်၌ ရင်းနှီးနွေးထွေးစွာ ပို့ဆောင်နှုတ်ဆက်ကြသည်။
ထိုသို့ ပို့ဆောင်နှုတ်ဆက်စဉ် ထိုင်းဘုရင့်တပ်မတော်ဂုဏ်ပြုတပ်ဖွဲ့မှလည်း ကော်ဇောနီ၏ တစ်ဖက်တစ်ချက်စီတွင် နေရာယူအလေးပြု၍ ဂုဏ်ပြုနှုတ်ဆက်ကြ သည်။
နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်လိုက်ပါသွားကြသည့် ပြည်ထောင်စုဝန် ကြီးများဖြစ်ကြသော ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဦးကိုကိုလွင်၊ ဦးခင်မောင်စိုး၊ ဦးထွန်းအုံ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးဇော်နိုင်ဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ နှင့် တာဝန်ရှိသူများ ပြန်လည်လိုက်ပါလာကြသည်။
နိုင်ငံတော်သမ္မတသည် ခရီးစဉ်အတွင်း ထိုင်းနိုင်ငံဝန်ကြီးချုပ်၊ ထိုင်းနိုင်ငံ အမျိုး သားလွှတ်တော် ယာယီဥက္ကဋ္ဌတို့နှင့်တွေ့ဆုံခြင်း၊ မြန်မာ-ထိုင်း စီးပွားရေးဖိုရမ်သို့ တက် ရောက်ခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီး နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများအချင်းချင်း၊ လွှတ် တော် အချင်းချင်း၊ ပုဂ္ဂလိက ကဏ္ဍအချင်းချင်းတို့၌ စီးပွားရေး၊ ကုန်သွယ်ရေး၊ နယ်စပ် ဖြတ် ကျော်မှုခင်းများတိုက်ဖျက်ရေးတို့အပါအဝင် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက် မှုများ ပိုမိုမြှင့်တင်နိုင်ရေး၊ ထိုင်းနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများနှင့် လုပ်သားများ၏ အခွင့်အရေးများ အပြည့်အဝရရှိရေးနှင့် ဥပဒေ ပိုင်းအရ အကာအကွယ်ပေးနိုင်ရေးတို့ကို ဆွေးနွေးဆောင်ရွက်နိုင်ခဲ့ပြီး နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံမှုတို့ကို ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက် နိုင်ခဲ့သည်။ ထို့ပြင် နိုင်ငံတော်သမ္မတ၏ ယခုထိုင်းနိုင်ငံခရီးစဉ်သည် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုကိစ္စရပ်များအတွက် ကဏ္ဍသစ် ဖွင့်လှစ်ပေးနိုင်ခဲ့သော ခရီးစဉ်တစ်ခု၊ မြန်မာနိုင်ငံသားများ အထူးသဖြင့် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအတွက် အဓိပ္ပါယ် ပြည့်ဝသော ခရီးစဉ်တစ်ခု ဖြစ်ခဲ့ပြီး နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများအတွက် အကျိုးရှိစေမည့် နားလည်မှုစာချွန်လွှာနှင့် သဘောတူညီချက်များကိုလည်း လက်မှတ် ရေး ထိုးနိုင်ခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ညနေပိုင်းတွင် နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိ ကြရာ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစော နှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မ တော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည် တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်း ရရှိသည်။


