ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ၏ ဖိတ်ကြားချက်အရ ထိုင်း နိုင်ငံ၌ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၊ ထိုင်းဘုရင့်နန်းတော်ဝင်းအတွင်းရှိ မြဘုရား သို့သွားရောက်ဖူးမြော်ကြည်ညိုသည်။
ဦးစွာ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ထိုင်းဘုရင့်နန်းတော်သို့ ရောက်ရှိ ကြရာ ထိုင်းဘုရင့် နန်းတွင်းကိုယ်စားလှယ်အရာရှိကြီးများက လှိုက်လှဲနွေးထွေးစွာ ကြို ဆို နှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ထိုင်းဘုရင့်နန်းတော်ဝင်း အတွင်း လှည့်လည်ကြည့်ရှုကြရာ တာဝန်ရှိသူများက ဘုရင့်နန်းတော်ဆိုင်ရာများနှင့် မြဘုရားဆိုင်ရာ တို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် မြဘုရားကျောင်းဆောင်အတွင်းရှိ ဗုဒ္ဓ ရုပ်ပွားတော်မြတ်အား ပန်းမန်ဆက်ကပ်၍ ဖူးမြော်ကြည်ညိုကာ မြဘုရားအတွက် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးပုံစံတူ ထုဆစ်ပူဇော်ထားသည့် စကျင်ကျောက်ဆင်း တုတော်မြတ် နှင့် ဘက်စုံအလှူတော်ငွေများကို ပေးအပ်ရာ တာဝန်ရှိသူများကလက်ခံရ ယူကြပြီး ဓမ္မလက်ဆောင်ပြန်လည် ပေးအပ် သည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် မြဘုရားကျောင်းဆောင်အား လက်ယာရစ်လှည့်လည်ပူဇော်ပြီး တာဝန်ရှိသူများက မြဘုရားနှင့် သာသနိက အဆောက်အဦ များ၏သမိုင်းကြောင်းများ ရှင်းလင်းတင်ပြမှုအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးသည်။
ထို့ပြင် နိုင်ငံတော်သမ္မတသည် အဖွဲ့ဝင်များနှင့်အတူ ထိုင်းဘုရင့်နန်းတော်ဝင်း အတွင်းရှိ Dusit Maha Prasat Throne Hall ၌ ထိုင်းဘုရင်မင်းမြတ်၏ မယ်တော် မိဖုရားကြီး Queen Sirikit အား အောက်မေ့သတိရခြင်းအထိမ်းအမှတ်အဖြစ် လွမ်းသူ့ ပန်းခွေချခြင်း၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးပုံစံတူ ထုဆစ် ပူဇော်ထားသည့် စကျင် ကျောက် ဆင်းတုတော်မြတ်အား လှူဒါန်းပေးအပ်ခြင်း၊ Piman Rattaya Throne Hall ၌ ထိုင်းဘုရင်မင်းမြတ်၏ သမီးတော်မင်းသမီးကြီး Princess Bajrakitiyabhaအား အောက်မေ့သတိရ လွမ်းသူပန်းခွေချခြင်း၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးပုံစံတူ ထုဆစ်ပူဇော်ထားသည့် စကျင်ကျောက် ဆင်းတုတော်မြတ်အား လှူဒါန်းပေးအပ်ခြင်း တို့ကို ဆောင်ရွက် ခဲ့ပြီး မှတ်တမ်းစာအုပ်တွင် ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိ သည်။ (သတင်းစဉ်)


