ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင် ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌ နှင့် တွေ့ဆုံဆွေးနွေး နေပြည်တော်၊ ဩဂုတ် - ၇

Sunday, August 9, 2026 - 09:15

 

ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ၏ ဖိတ်ကြားချက်အရ ထိုင်း နိုင်ငံ၌ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌ မစ္စတာ မုံခွန်း ဆူရာဆာဂျာ နှင့် ယနေ့နံနက်ပိုင်းတွင် ထိုင်းအမျိုးသား လွှတ်တော်တွင် တွေ့ဆုံဆွေးနွေးသည်။

ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် အဖွဲ့ဝင်များသည် ထိုင်းအမျိုးသားလွှတ်တော်သို့ ရောက်ရှိလာရာ ထိုင်းအမျိုးသား လွှတ်တော်ယာယီဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများ၊ ဝန်ထမ်းများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြပြီး နိုင်ငံတော်သမ္မတ၊ ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် ထိုင်းအမျိုးသားလွှတ်တော် ဧည့်သည့် တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။

ထို့နောက် တွေ့ဆုံဆွေးနွေးပွဲကိုကျင်းပရာ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ထိုင်းအမျိုး သားလွှတ်တော် ယာယီဥက္ကဋ္ဌ နှင့်အတူ လွှတ်တော်မှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ထိုင်းအမျိုးသားလွှတ်တော်ယာယီဥက္ကဋ္ဌက ပြည် ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်အရာရှိကြီးများအား ထိုင်းအမျိုးသားလွှတ်တော်မှ လှိုက်လှဲနွေးထွေး စွာကြိုဆိုပါကြောင်း၊ နိုင်ငံတော်သမ္မတကြီးနှင့် မိမိတို့ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့ အနေဖြင့် တွေ့ဆုံဆွေးနွေးမှုများကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး  ကောင်းမွန် သည့် အကျိုးရလဒ်များစွာနှင့် နားလည်မှုစာချွန်လွှာများကို အပြန်အလှန်ရေးထိုး နိုင်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း။

မိမိတို့နှစ်နိုင်ငံအကြား တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုး တက်ရေးအတွက် အတူတကွလက်တွဲပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွား နိုင်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း၊ နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်အကြား၌ လည်း ကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ဆောင်သွားမည်ဖြစ်ပြီး ဥပဒေပြုရေးဆိုင်ရာများတွင် အတွေ့အကြုံများကို အပြန်အလှန်ဖလှယ်သွားလိုပါ ကြောင်း၊ မိမိတို့နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုများနှင့် ဆက်ဆံရေးကောင်း ရရှိနေမှုများအတွက်လည်း မိမိအနေဖြင့် များစွာဝမ်းမြောက်မိပါကြောင်းနှင့် လွှတ် တော်နှစ်ရပ်အကြား၌လည်း ပူးပေါင်းဆောင်ရွက်မှုများနှင့် ဆက်ဆံမှုများကို ဆက် လက် တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊   နိုင်ငံတော်သမ္မတကြီး၏ မိမိတို့ ထိုင်းနိုင်ငံသို့လာရောက်သည့် ခရီးစဉ်အောင်မြင်ပြီး နှစ်နိုင်ငံနှင့် ပြည်သူများ၏ အကျိုး အတွက် ယခုထက်ပိုမိုဆက်လက်ကြိုးပမ်းဆောင်ရွက်နိုင်ပါစေကြောင်းကို ဆုမွန် ကောင်းတောင်းပါကြောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက ယခုကဲ့သို့ မိမိ၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းအမျိုးသားလွှတ်တော်ယာယီဥက္ကဋ္ဌနှင့် တွေ့ဆုံရသည့် အတွက်ဝမ်းမြောက် ကြောင်းနှင့် ယခုခရီးစဉ်မှတစ်ဆင့် နှစ်နိုင်ငံအကြားဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုမြှင့်တင်ဖော်ဆောင်ရုံသာမက အစိုးရအချင်းချင်းအကြား၊ လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေးအတွက် အထောက်အကူပြုမည် ဖြစ်ကြပါ ကြောင်း၊ မြန်မာနိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းသည် မှာ ၁၅ နှစ်တာကာလမျှသာရှိသေးပြီး လွှတ်တော်အနေဖြင့်လည်း အတွေ့အကြုံနုနယ်သေး သည် ဖြစ်သဖြင့် လွှတ်တော်ဆိုင်ရာအတွေ့အကြုံကောင်းများစွာရှိသည့် ထိုင်းနိုင်ငံ လွှတ်တော်နှင့် လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင် သွားလိ ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လမ်းကြောင်း ခိုင်မာစေရေးအတွက် အထောက်အကူများစွာဖြစ်စေနိုင်မည်ဖြစ် ကြောင်း၊ မိမိတို့ နှစ် နိုင်ငံသည်  အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်ကြပြီး အာဆီယံ ပါလီမန်များဆိုင်ရာ ညီလာခံ (AIPA) အဖွဲ့ဝင်များလည်းဖြစ်ကြပါကြောင်း၊ သို့ဖြစ်၍ နှစ်နိုင်ငံလွှတ်တော်ချင်းသာမက အာဆီယံ ပါလီမန်များဆိုင်ရာညီလာခံ (AIPA)တွင် လည်း မြန်မာလွှတ်တော်နှင့် ပူးပေါင်းဆောင်ရွက်သွားနိုင်ကြောင်း၊ အဆွေတော်သိပြီး ဖြစ်သည့်အတိုင်း မိမိတို့နိုင်ငံတွင် တရားမျှတသည့် ရွေးကောက်ပွဲမှတစ်ဆင့် ဒီမို ကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော်နှင့် လွှတ်တော်က ရွေးချယ်တင်မြှောက်ထားသည့် အစိုးရသစ်တို့ ပေါ်ပေါက်လာပြီဖြစ် ကြောင်း၊ မဲအများဆုံးရသူအနိုင်ရသည့် စနစ် (FPTP) နှင့်အချိုးကျ ကိုယ်စားပြု စနစ်(PR)ကို ပေါင်းစပ်ကျင့်သုံးသည့် ရောနှော ထားသော ကိုယ်စားလှယ် အချိုးကျစနစ် (MMP)ကြောင့် တိုင်းရင်းသားပါတီများ၊ ပါတီငယ်များနှင့် တစ်သီးပုဂ္ဂလများ လွှတ်တော်တွင်း ကိုယ်စားပြုခွင့် ပိုမိုရရှိလာ ပြီဖြစ် ကြောင်း၊ ပြီးခဲ့သည့် ဇူလိုင်လ အတွင်း မြန်မာ-ထိုင်း-လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီး ရေးအသင်းကို ဖွဲ့စည်းနိုင်ခဲ့ပြီး လွှတ်တော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ လူဦးရေ၏ ၅၃ ရာခိုင်နှုန်းခန့်သည် အမျိုးသမီးများဖြစ်ကြကြောင်း၊ လွှတ်တော်တွင် လည်း အမျိုးသမီးများ ပါဝင်မှုကဏ္ဍ တိုးမြှင့်လာကာ လွှတ်တော်အသီးသီး၌ အမျိုးသမီး ၁၃ ရာခိုင်နှုန်းခန့်ရှိပြီး ပြည်ထောင် စုအဆင့်တွင်လည်း အမျိုးသမီးများ တာဝန်ထမ်းဆောင်လျက်ရှိနေကြောင်း။

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ပထဝီအနေအထားအရ အိမ်နီးချင်းနိုင်ငံများ အဖြစ်သာမက သမိုင်းကြောင်း၊ ဘာသာတရား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံး တမ်းများအရ  ဆက်နွှယ်လျက်ရှိသည့် နိုင်ငံများလည်း ဖြစ်ကြောင်း၊ မိမိအနေဖြင့် ယခု ခရီးစဉ် အတွင်း အဆွေတော်တို့ နိုင်ငံဝန်ကြီးချုပ်နှင့်တွေ့ဆုံဆွေးနွေးမှုများကို အောင်မြင်စွာ ဆောင် ရွက်နိုင်ခဲ့ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာများ တိုးမြှင့် ဆောင်ရွက် နိုင်ရေး ဆွေးနွေးမှုရလာဒ်ကောင်းများ ရရှိခဲ့ပါကြောင်း၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူ ညစ်ညမ်းမှုနှင့် မြစ်ရေညစ်ညမ်းမှုကိစ္စတို့ကဲ့သို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စ များတွင်လည်း ထိုင်းနိုင်ငံနှင့်အတူ ပူးပေါင်းဖြေရှင်းသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ အနေ ဖြင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူကိစ္စနှင့် ပတ်သက်၍ မြန်မာ-လာအို-ထိုင်း ၃ နိုင်ငံ သဘောတူထားသည့် မူဘောင်အတိုင်း ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ထိုင်းနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိ နေကြသည့် မြန်မာနိုင်ငံသား များနှင့် မြန်မာအလုပ်သမားများ၏ အခွင့်အရေးများ ပြည့်ဝစွာရရှိစေရေး၊ ဥပဒေနှင့် အညီအကာအကွယ်ပေးရေးတို့နှင့်ပတ်သက်၍လည်း ကူညီဆောင်ရွက်ပေးနိုင်ပါရန် မေတ္တာရပ်ခံလို ပါကြောင်း။

မိမိတို့နှစ်နိုင်ငံအကြား စီးပွားရေးကဏ္ဍနှင့် ပတ်သက်၍ ကိုယ်စီလိုအပ်ချက် များအပေါ် ပြန်လည်သုံးသပ်ပြီး အားသာချက်များအသုံးပြု၍ ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ယခုထက် ပိုမိုတိုးမြှင့်ဆောင်ရွက်သွားနိုင်မည်ဆိုပါက နှစ် နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုအကောင် အထည်ဖော်လာနိုင်မည်ဖြစ်ပါကြောင်း၊ မိမိ ယခုဆွေးနွေးခဲ့သည့်ကိစ္စရပ်များသည် နှစ် နိုင်ငံလွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်မှုအတွက်များစွာ အထောက် အကူပြု နိုင်လိမ့်မည်ဟုယုံကြည်ကြောင်းနှင့် အနာဂတ်တွင်လည်း မိမိတို့နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာလာစေရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌ တို့ သည် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြကာ တက်ရောက်လာကြသူများအား ရင်းရင်း နှီးနှီးနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် လွှတ်တော်အတွင်းလှည့်လည်ကြည့်ရှုပြီး ထိုင်းအမျိုးသားလွှတ်တော်မှ ပြန်လည်ထွက်ခွာရာ ထိုင်းအမျိုးသားလွှတ်တော်ယာယီ ဥက္ကဋ္ဌက ရင်းနှီးနွေးထွေးစွာဖြင့် လိုက်ပါပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိ သည်။(သတင်းစဉ်)