ကျိုင်းတုံမြို့နယ်အတွင်း  အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူ ၁၅၆ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ နေပြည်တော်၊  ဩဂုတ် ၇ ရက်

Sunday, August 9, 2026 - 09:00

 

        နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံး၏ လူမှုဘဝ များကို ထိခိုက်ပျက်စီးစေပြီး အများပြည်သူအကျိုးစီးပွားကို ထိခိုက်ပျက်စီးအောင် အလုံးစုံအန္တရာယ်ပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထား ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့် လည်း ပေါင်းစပ်ညှိနှိုင်း၍ လုံးဝပြန်လည်အခြေမချနိုင်သည်အထိ ထိထိရောက်ရောက် ရှာဖွေနှိမ်နင်းလျက်ရှိသည်။

        ထိုကဲ့သို့ လုံခြုံရေးပူးပေါင်းအဖွဲ့များက သက်ဆိုင်ရာနယ်မြေများအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူများ အခြေပြုနေထိုင်ခြင်း မရှိစေရန်နှင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုများ ဆောင်ရွက်ခြင်းမရှိစေရန်အတွက် စုံစမ်း ရှာဖွေဖော်ထုတ်စစ်ဆေးခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ရာ ယနေ့ နံနက် ၇ နာရီခန့် တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ကတ်ဖကျေးရွာအုပ်စု၊ နောင်လေ ကျေးရွာ၊ နောင်လေငါးကန်စားသောက်ဆိုင်အနီးရှိ ခြံဝန်းအတွင်း၌ အဆောက်အဦ ၆လုံးဆောက်လုပ်၍တရားမဝင်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးတိုင်းကြားချက်အရ သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ  တရုတ်နိုင်ငံသား အမျိုးသား ၁၄၀ဦး၊ အမျိုးသမီး ၄ ဦး၊ လာအိုနိုင်ငံသား အမျိုးသမီး ၁ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၈ ဦး၊ အမျိုးသမီး ၃ ဦး၊ စုစုပေါင်း အမျိုးသား ၁၄၈ ဦး၊ အမျိုးသမီး ၈ ဦး၊ ပေါင်း ၁၅၆ဦး တို့အား ဖုန်းမျိုးစုံ ၆၅၈လုံး၊ All In One ကွန်ပျူတာ ၁၃၄ လုံး၊ Laptop  ၂၈လုံး၊ WIFI ROUTER စက် ၃လုံး၊ STAR LINK GAN-3  ၁၃လုံး၊ CPU  ၁၅လုံး၊ UPS ၅လုံး၊ မီးစက် (120 KV ) ၁ လုံး၊ မီးစက် (155KV) ၁လုံး၊ ရေခဲသေတ္တာ ၁လုံး၊ Freezar ၁လုံး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီး ရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများ နှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိ သည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတာကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အွန်လိုင်း လိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။