ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ သွားရောက်လေ့လာ နေပြည်တော်၊ ဩဂုတ် - ၇

Sunday, August 9, 2026 - 09:00

 

နိုင်ငံတော်မှ ပေးအပ်လာသည့် တာဝန်များကို ပုခုံးပြောင်း တာဝန်ထမ်း ဆောင်ကြမည့် အနာဂတ်မျိုးဆက်သစ် လူငယ်၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သင်ရိုးညွှန်းတမ်းတွင် သင်ယူထားသော သမိုင်း၊ ယဉ်ကျေးမှု အမွေအနှစ်များကို စာတွေ့အပြင် လက်တွေ့နယ်ပယ်တွင် လက်တွေ့သိမြင် နားလည်တန်ဖိုးထား တတ်စေရန်နှင့် တပ်မတော်စစ်သမိုင်းပြတိုက်တွင် နိုင်ငံနှင့် တပ်မတော်၏ သမိုင်းကြောင်းဆိုင်ရာ အစဉ်အလာများနှင့် လက်တွေ့ဆောင်ရွက်ချက်များအား သိရှိ နားလည်စေရန်ရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသား /ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေ ရန်အတွက် တပ်မတော် စစ်သမိုင်းပြတိုက်(နေပြည်တော်) သိုလာရောက် လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့သို့ စီစဉ်ဆောင်ရွက်ပေးမှုကြောင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း (ဇေယျာသီရိ)နှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ (အောင်ဇေယျ)မှ ကျောင်းသား၊ ကျောင်းသူများ၊ အုပ်ချုပ်သူဆရာ၊ ဆရာမများသည် ယနေ့တွင် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့လာရောက်လေ့လာကြသည်။

ဦးစွာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ဆရာမများသည် တပ်မတော် စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ရောက်ရှိကြရာ ပြတိုက်တာဝန်ရှိသူက ပြတိုက်သမိုင်း၊ ရည်ရွယ်ချက်နှင့် ပြတိုက်အတွင်း ကဏ္ဍအလိုက်ပြခန်း၊ ပြကွက်များပြသထားမှုတို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ဆရာမ များသည် ပြင်ပပြကွက်များ ဖြစ်သည့်  တပ်မတော်(ကြည်း)ပြကွက်၊ တပ်မတော်(ရေ) ပြကွက်၊ တပ်မတော်(လေ)ပြကွက်များရှိ ခင်းကျင်းပြသထားမှုများကို စိတ်ဝင်စားစွာ ကြည့်ရှု လေ့လာခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းကြရာ ပြခန်းတာဝန်ရှိသူများက ရှင်းလင်းဖြေကြားခဲ့ကြသည်။

လေ့လာရေး လာရောက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၏ ရင်တွင်းစကားသံများကိုလည်း အခုလိုပဲ ကြားသိခဲ့ရပါတယ်-

ကျွန်မကတော့ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် အထက(ခွဲ)အောင်ဇေယျကျောင်း၊ G-12 မှာ ပညာသင်ကြားနေတဲ့ မရွှန်းလဲ့ဝေဖြစ်ပါတယ်ရှင်။ ဆရာမတွေက နေပြည်တော်မှာရှိတဲ့ စစ်သမိုင်းပြတိုက်ကိုလိုက်ပို့်မယ်။ ဗဟုသုတတွေလည်းရမယ်လို့ပြောပါတယ်။ တပ်မတော် (ကြည်း၊ ရေ၊ လေ)နဲ့သက်ဆိုင်တဲ့သမိုင်းကြောင်းတွေလည်းသိရမယ်ပြောလို့ ရင်ခုံစွာနဲ့ရောက် ရှိလာတာပါ။ ကျွန်မတို့ တပ်မတော်(ရေ)ပြင်ပပြကွက်မှာခင်းကျင်းပြသထားတဲ့ ရေမြှပ်ဗုံး တွေ၊ သင်္ဘောတွေ၊ တော်ပီဒိုလက်နက်တွေကို လေ့လာကြည့်ရှု့ခဲ့ရပါတယ်။ နောက်ပြီး ပြတိုက်အတွင်းမှာရှိတဲ့ ပြခန်း၊ ပြကွက်တွေကို လိုက်လံကြည့်ရှု့လေ့လာခဲ့ပါတယ်။ သမိုင်း ကြောင်းတွေဆိုတာ စာထဲမှာဘဲသင်ခဲ့ရတာပါ။ အခုက အပြင်မှာ တစ်ကယ့်ကိုလက်တွေ့မြင် ရတဲ့အတွက် ပျော်မိပါတယ်။ စာတွေလုပ်နေရတဲ့အတွက် ပင်ပန်းတဲ့စိတ်တွေလည်း လျော့ပါး သွားပါတယ်။ အခုလိုမျိုးလေ့လာခွင့်ရအောင်စီစဉ်ပေးတဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေကိုလည်း တစ်ကယ့်ကိုကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။ နောက်ထပ်လည်း အခြားအတန်းက ကျောင်းသားကျောင်းသူတွေလည်း လေ့လာချင်ကြမှာဖြစ်လို့ သူတို့လေးတွေကိုလည်း လိုက်ပို့ ပေးစေချင်ပါတယ်ရှင်။

ကျွန်မက G-11 နဲ့ G-12 မှာ အင်္ဂလိပ်စာသင်ကြားတဲ့ ဆရာမဒေါ်အေးမြင့်မော်ဖြစ်ပါတယ်။ တပ်မတော်စစ်သမိုင်း ပြတိုက်မှာရှိတဲ့ စစ်လက်နက်ပစ္စည်းတွေ၊ စစ်သင်္ဘောကြီးတွေ၊ စစ်လေယာဉ်တွေကို သူတို့ လက်တွေ့မြင်တွေ့လေ့လာခွင့်ရတဲ့အတွက် ကလေးတွေ ပျော်ရွှင်ရပါတယ်ရှင်။ ကလေးတွေ ဆိုတာ နိုင်ငံတော်ရဲ့ အနာဂတ်မျိုးဆက်သစ်တွေပါ။ ကျွန်မတို့အားကိုးထိုက်တဲ့ ကလေးတွေ က စစ်သမိုင်းပြတိုက်မှာခင်းကျင်းပြသထားတဲ့ ပစ္စည်းတွေကို လက်တွေ့မြင်ကြတဲ့အခါ သူတို့လေးတွေကြီးပြင်းလာတဲ့အခါ နိုင်ငံတော် အပေါ်မှာ ကာကွယ်ချင်တဲ့စိတ်တွေ၊ မျိုးချစ် စိတ်တွေရရှိမယ်လို့ကျွန်မထင်ပါတယ်ရှင်။ လိုက်လံရှင်းလင်းပြသပေးတဲ့တာဝန်ရှိပုဂ္ဂိုလ်တွေ ကိုလည်းကျေးဇူးတင်ပါတယ်။ ကလေး တွေအခုလိုသွားရတာက သူတို့အတွက်လည်းပထမ ဆုံးပါ။ သူတို့လည်းအရမ်းပျော် ကြပါတယ်။ ခင်းကျင်းပြသထားတဲ့ ပစ္စည်းတွေကို သူတို့ကိုယ်တိုင် တွေ့မြင်ကြရတဲ့အတွက် စိတ်အားထက်သန်စွာလေ့လာကြပါတယ်။ အရင်က အပြင်မှာ လက်တွေ့မမြင်ဘူးတဲ့အတွက် သိပ်ပြီးတိတိကျကျမသိကြဘူး။ အခုကျ ဘယ်ပစ္စည်းက ဘယ်နှစ်ခုနှစ်က ဘယ်သူတွေ ကတည်ထွင်ခဲ့တာ၊ ဘယ်လိုအသုံးပြရတာ စတာတွေကိုသူတို့လေးတွေသိရှိနားလည်ခွင့်ရတဲ့ အတွက် ကျွန်မအနေနဲ့ဝမ်းသာရပါတယ်။ နိုင်ငံတော်အတွက်လည်းများစွာအကျိုးရှိမယ်လို့ ယုံကြည်ပါတယ်ရှင်။