လေးမျက်နှာမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ငဝန်တာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှု ဖြစ်ပွားပြီး လေးမျက်နှာမြို့ပေါ်ရပ်ကွက်များ နှင့် ပတ်ဝန်းကျင်ကျေးရွာများ၊ ဟင်္သာတမြို့နယ်၊ ရေကြည်မြို့နယ်နှင့် ကျုံပျော်မြို့နယ်တို့ရှိ ကျေးရွာများ၌ ရေဝင်ရောက်မှုဖြစ်ပွားခဲ့သဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
နေပြည်တော်၊ ၂၀၂၆ ဩဂုတ် ၆
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၃၀ ရက် ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုကြောင့် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံ နိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်ခြင်းကြောင့် ယနေ့အထိ လေးမျက်နှာမြို့ပေါ် ရပ်ကွက်(၅)ခု၊ မြို့တွင်းလမ်းမကြီးများနှင့် ပတ်ဝန်းကျင်ကျေးရွာ ၇၂ ရွာ၊ ဟင်္သာတ မြို့နယ် ၂၆ ရွာ၊ ရေကြည်မြို့နယ် ၆ ရွာနှင့် ကျုံပျော်မြို့နယ် ၂ ရွာ ၊ စုစုပေါင်း ၁၀၆ ရွာသို့ ရေဝင်ရောက်မှုများဖြစ်ပွားလျက်ရှိသည်။
အဆိုပါ ငဝန်မြစ်ရေကာတာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တမံနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်ခြင်းကြောင့် လေးမျက်နှာမြို့ပေါ် ရပ်ကွက် (၅)ခု ၊ မြို့တွင်းလမ်းမကြီးများနှင့် ပတ်ဝန်းကျင်ကျေးရွာ ၇၂ ရွာ၊ဟင်္သာတမြို့နယ် ၂၆ ရွာ၊ ရေကြည်မြို့နယ် ၆ ရွာ နှင့် ကျုံပျော်မြို့နယ် ၂ ရွာ ၊ စုစုပေါင်း ၁၀၆ ရွာရှိ လူနေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့သဖြင့် ရေဘေးကယ်ဆယ်ရေးစခန်းများကို လေးမျက်နှာမြို့နယ်တွင် ၁၃ ခု၊ ဟင်္သာတ မြို့နယ်တွင် ၃ ခု ၊ ရေကြည်မြို့နယ်တွင် ၅ ခုနှင့် ကျုံပျော်မြို့တွင် ၁ ခု ဖွင့်လှစ်ကာ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များ နှင့် ဒေသခံတိုင်းရင်းသားများစုပေါင်း၍ ရေဘေးသင့်ပြည်သူများအား ရှာဖွေကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း ၊ပစ္စည်းများအား ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းခြင်းများ ၊စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင် ပေးခြင်း၊ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိပြီး မြစ်ရေတိုက်စားပြိုကျမှုမှ ကာကွယ်ရန် တာခြေထောက်ခြင်းအဖြစ် ကမ်းထိန်း အိတ်များချခြင်း၊ ရေရှိန်တားပြုလုပ်ခြင်း၊ ရေကာတာ တာဘောင်မြေ ဖို့ခြင်းလုပ်ငန်း များဆောင်ရွက်နေမှုများကို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီးလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး လျက်ရှိကြောင်း သတင်းရရှိသည်။





