ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ကာဒီနယ် ချားလ်စ်ဘို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ နေပြည်တော် ဩဂုတ်  ၅

Friday, August 7, 2026 - 09:15

          ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်‌၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ကာဒီနယ် ချားလ်စ်ဘို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော် သမ္မတ၏ရုံးတော်၊ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

          အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးခင်မောင်ရီ၊ သာသနာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် တာဝန် ရှိသူတို့တက်ရောက်ကြပြီး မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ ဥက္ကဋ္ဌနှင့် အတူမြန်မာနိုင်ငံကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ် သာသနာလက်ထောက်ဆရာတော်ကြီး နိုအယ်စောနောအေး၊ ကျိုင်းတုံ၊ မော်လမြိုင်၊ ပုသိမ်၊ ပြည်နှင့် မြစ်ကြီးနားတို့မှ ကက်သလစ်ဂိုဏ်းအုပ် ဆရာတော်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက် ကြသည်။

          ထိုသို့တွေ့ဆုံရာတွင် ဦးစွာ မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် ၏ ဥက္ကဋ္ဌက  နှုတ်ခွန်းဆက်ဆုတောင်းစကားပြောကြားရာတွင် နိုင်ငံတော်သမ္မတကြီး နှင့် တွေ့ဆုံခွင့်ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ နိုင်ငံတော်သမ္မတကြီး အနေဖြင့် ကြီးလေးသည့်နိုင်ငံတော်တာဝန်များကို အခက်အခဲနှင့်စိန်ခေါ်မှုများကြားမှ စွမ်းစွမ်းတမံ ကြိုးပမ်းထမ်းဆောင်လျက်ရှိမှုအပေါ် မိမိတို့အနေဖြင့် ဂုဏ်ပြုပါကြောင်း၊ မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ကို ဖွဲ့စည်းဆောင်ရွက်ထားရှိပြီး ကက်သလစ် ဘာသာဝင်များအနေဖြင့် လွတ်လပ်စွာကိုးကွယ်မှုဖြင့် ဘာသာ သာသနာ အကျိုးများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်သမ္မတကြီးအနေဖြင့် ကက်သလစ်ဘာသာ ဝင်များဝတ်ပြုဆုတောင်းခြင်းများပြုလုပ်နိုင်ရန်အတွက်  နေပြည်တော် ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ မြေ ၂ ဧကပေါ်တွင် ဘုရားကျောင်းဆောက် လုပ်ရန်ခွင့်ပြုပေးခဲ့မှုအပေါ် မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်နှင့် ကက်သလစ်ဘာသာဝင်များ အနေဖြင့်ကျေးဇူးတင်ရှိပါကြောင်း၊ သမ္မတကြီးနှင့်တကွ မြန်မာနိုင်ငံသူနိုင်ငံသားများ အားလုံး ကာယသုခ၊ စိတ္တသုခနှစ်ဖြာ အေးချမ်းသာယာပါစေရန် ဆုမွန်ကောင်းတောင်း ပါကြောင်းပြောကြားသည်။

          ထို့နောက် နိုင်ငံတော်သမ္မတက မိမိတို့နိုင်ငံ၌ ဘာသာတရားနှင့် ပတ်သက်၍ ယုံကြည်ရာ ဘာသာ သာသနာများအလိုက် လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးထားပါကြောင်း၊ မိမိအနေဖြင့် ကိုးကွယ်ရာဘာသာများအလိုက် ဘာသာရေးကျောင်းများသို့သွားရောက် လှူဒါန်းမှုများနှင့် လေ့လာမှုများ ဆောင်ရွက်ခဲ့ပြီး ကိုးကွယ်ရာဘာသာများအလိုက် ဝတ်ပြုမည့်နေရာများအနေဖြင့် သင့်တော်သည့် ခန့်ထည်ခမ်းနားမှုများ ရှိရန်လိုအပ်လျက်ရှိ နေသည်ကို တွေ့မြင်ခဲ့ရပါကြောင်း၊ နိုင်ငံ၏သမိုင်းကြောင်းတွင်လေ့လာကြည့်မည် ဆိုပါကလည်း ကိုးကွယ်ရာဘာသာရပ်များအလိုက် သာသနာပြုနိုင်ရန်အတွက် မြေနေရာများ ခွင့်ပြုပေးခဲ့သည်ကိုတွေ့မြင် သိရှိရပါကြောင်း၊ သို့ဖြစ်၍ နိုင်ငံတော်၏မြို့တော်ဖြစ်သည့် နေပြည်တော်တွင်လည်း ကိုးကွယ်ရာဘာသာအလိုက်အထွတ်အမြတ်ထားရာ ဘုရားကျောင်း များ တည်ဆောက်ရန်နှင့်ဝတ်ပြုရန်နေရာများအား ခန့်ခန့်ထည်ထည် ဖြစ်ပေါ်လာစေရေး မြေနေရာများကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ မိမိအနေဖြင့် ကိုးကွယ်ရာ ဘာသာ သာသနာ နှင့် ပတ်သက်၍ ခွဲခြားမှုများမထားရှိဘဲ ဘာသာတရားမှတစ်ဆင့် ငြိမ်းချမ်းမှုနှင့် သာယာဝပြောမှုများကို ဆောင်ကြဉ်းပေးနိုင်ရေး အားပေးလျက်ရှိပါ ကြောင်း။

          လက်ရှိအချိန်တွင် နိုင်ငံတော်အနေဖြင့်  ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းလျက်ရှိပြီး ဒီမိုကရေစီစနစ်ကို ကျင့်သုံးဆောင်ရွက်ရာတွင် စည်းကမ်း စနစ်တကျရှိသည့် ဒီမိုကရေစီ ဖြစ်ရန်လိုပြီး ဘာသာရေးအရ၊ နိုင်ငံရေးအရ ငြိမ်းချမ်း မှုရှိရန်လိုအပ်မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍လည်း မိမိအနေဖြင့် ဖိတ်ခေါ် ဆောင်ရွက်လျက်ရှိပြီး ဖြစ်နိုင်သမျှသော နည်းလမ်းမျိုးစုံဖြင့် တိုင်းပြည်ငြိမ်းချမ်းမှု ရရှိအောင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် အတူယှဉ်တွဲ နေထိုင်ကြသည့် လူ့ဘောင်အဖွဲ့အစည်းတစ်ခုအတွင်း၌ ကြုံတွေ့လာသည့်ပြဿနာများကို ဒီမိုကရေစီနည်း လမ်းဖြစ်သည့်တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းနည်းလမ်းကသာ အောင်မြင်စေနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ နိုင်ငံရေးပြဿနာ တစ်နည်းအားဖြင့် နိုင်ငံရေးအရတောင်းဆိုလိုမှုကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းရမည်ဖြစ်ပါကြောင်း၊ လက်နက်ကိုင်အကြမ်းဖက်လမ်း စဉ်ဖြင့် တောင်းဆို၍ရနိုင်မည်မဟုတ်ပါကြောင်း၊ ဘာသာရေးနှင့်ပတ်သက်၍ ကိုးကွယ်ရာ ဘာသာတိုင်းသည် မှန်ကန်သည့် အတွေးအခေါ်များပေးနိုင်ပါကြောင်း၊ ထို့ကြောင့်ဘာသာ ရေးဆိုင်ရာ ခေါင်းဆောင်နေ ရသူများအနေဖြင့်လည်း နိုင်ငံတော်ကြီးငြိမ်းချမ်းရေးအတွက် ပြည်သူများ၏ အတွေးအခေါ်များနှင့် စိတ်ဓာတ်များယဉ်ကျေးသိမ်မွေ့လာစေရေး၊ ငြိမ်းချမ်းမှု နှင့် သာယာဝပြောမှုကို ဆောင်ကြဉ်းပေးနိုင်ရေး ဘာသာတရားမှ တဆင့်ဆောင်ရွက်ပေး နိုင်ပါရန် မေတ္တာရပ်ခံလိုပါကြောင်းပြောကြားသည်။

          ယင်းနောက် နိုင်ငံတော်သမ္မတသည် ဆရာတော်ကြီးများ၏ လိုအပ်ချက်များအား မေးမြန်းပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

          တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် မြန်မာနိုင်ငံကက်သလစ် ဆရာတော် ကြီးများအဖွဲ့ချုပ်၏ ဥက္ကဋ္ဌ တို့သည်လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)