အနာဂတ်မျိုးဆက်သစ် လူငယ်များကျောင်းသား၊ ကျောင်းသူများအနေဖြင့် သင်ရိုးညွှန်းတမ်းပါ သင်ခန်းစာများကို စာတွေ့အပြင် လက်တွေ့ကြည့်ရှု၍ တွဲဖက်လေ့လာနိုင်ရန်၊ နိုင်ငံတော်၏ သမိုင်းကြောင်းနှင့် တပ်မတော်သမိုင်းဆိုင်ရာ အမွေအနှစ်များကို လေ့လာနိုင်ရန်၊ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းစဉ် များနှင့် တပ်မတော်၏ အမျိုးသားရေးတာဝန် ထမ်းဆောင်ခဲ့မှု သမိုင်းကြောင်း များကို သိရှိနားလည်စေရန်ရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏လမ်းညွှန်မှု၊ တပ်မတော် ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသား /ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်) သို့လာရောက် လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့သို့ဆောင်ရွက်ပေးမှုကြောင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ ဇေယျာသီရိမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကြီးကြပ်သူ ဆရာ/ဆရာမများ နှင့် ကျောင်းသား/ကျောင်းသူများသည် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့သွားရောက်လေ့လာကြရာ ဩဂုတ် ၄ ရက်နေ့တွင် အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်းနှင့် အမှတ်(၁၆) အခြေခံပညာအထက်တန်းကျောင်း (ကျည်တောင်)မှ ကျောင်းသား/ကျောင်းသူများသည်လည်ကောင်း၊ ယနေ့တွင် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) (စည်ပင်သာယာ)မှ ကျောင်းသား/ကျောင်းသူ များသည်လည်ကောင်း၊ အုပ်ချုပ်သူ ဆရာ/ဆရာမများလိုက်ပါ၍ သွားရောက် လေ့လာကြသည်။
ရှေးဉီးစွာ ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများသည် တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ရောက်ရှိကြရာ ပြတိုက်တာဝန် ရှိသူက ပြတိုက်သမိုင်း၊ ရည်ရွယ်ချက်နှင့် ပြတိုက်အတွင်း ကဏ္ဍအလိုက် ပြခန်း၊ ပြကွက်များ ပြသထားမှုတို့ကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများသည် စစ်သမိုင်းပြတိုက်နှင့်တပ်မတော်မော်ကွန်းတိုက်မှူးရုံးပြခန်း၊ စစ်အင်ဂျင်နီယာ ညွှန် ကြားရေးမှူးရုံးပြခန်း၊ လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးပြခန်း၊ စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံးပြခန်း၊ ထောက်ပံ့နှင့်ပို့ဆောင်ရေး ညွှန်ကြား ရေးမှူးရုံးပြခန်း၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များညွှန်ကြားရေးမှူးရုံးပြခန်း၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြား ရေးမှူးရုံးပြခန်း၊ ပြန်လည် နေရာချထားရေးညွှန်ကြားရေးမှူးရုံးပြခန်း၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးပြခန်း၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံးပြခန်း၊ ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံး ပြခန်း၊ သံချပ်ကာယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံးပြခန်း၊ အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံးပြခန်း၊ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့အရာရှိချုပ်ရုံးပြခန်း၊ တပ်မတော်(ရေ)ပြခန်းနှင့် တပ်မတော် (လေ)ပြခန်းများကို စိတ်ဝင်စားစွာလေ့လာ ကြည့်ရှုကြပြီး သိရှိလိုသည်များကို မေးမြန်းကြရာပြခန်းတာဝန်ရှိသူများက ရှင်းလင်းဖြေကြားကြသည်။
ယင်းနောက် ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများသည် ပြင်ပပြကွက်များဖြစ်သည့် တပ်မတော်(ကြည်း)ပြကွက်၊ တပ်မတော်(ရေ) ပြကွက်၊ တပ်မတော်(လေ)ပြကွက်များရှိ ခင်းကျင်းပြသထားမှုများကို စိတ်ဝင်စားစွာ ကြည့်ရှု လေ့လာခဲ့ကြပြီး စုပေါင်းဓာတ်ပုံများရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။



